တောရအကျင့်နှင့်ထူးဆန်းသော ဘုန်းတော်ကြီးဦးသီလ

မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါအဝင်ဖြစ်သည်။

ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။

အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။

မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။

ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့တက်တော်မူသည်။

ထို့နောက်ပရိယတ္တိဓမ္မ အခြေခံစာပေတို့ကိုပဲခူး၊ရန်ကုန်၊မန္တလေးစသည့်ကျောင်းတိုက်အသီးသီးတွင် နေ့ညဉ့်မပြတ်သင်ကြား အားထုတ်နေလေသည်။

၁၂၂၂ ခုနှစ်တွင်ရဟန်းဝါကိုးဝါအရ၌ ဦးသီလသည် ကောင်းစွာ မကျမ်းမာသဖြင့် ပဲခူးဘက်သို့စုန်ဆင်းလာပြီးလျှင် လာကမွတရွာ၊ ဈေးညောင်ပင်ရွာစသည်တို့၌ ခေတ္တသီတင်းသုံး၍ ပတ္တမြားစေတီ၊ ကျိုက်ပတိုင်ကုန်း တန်းဂူကုန်းတို့၌ အရညဝါသီတောမှီပုဂ္ဂိုလ်အဖြစ်ဖြင့် တောရဆောက်တည်နေတော်မူသည်။

၁၂၂၆ ခုနှစ်တွင်ပဲခူးမြို့မှ တောရဂိုဏ်းအုပ်ဆရာတော်ကြီးဦးပုံ တောထွက်တော်မူသောအခါ ဦးသီလလည်းနောက်မှတပါတည်း လိုက်သွားလေသည်။ ဂိုဏ်းအုပ်ဆရာတော်ကြီး တောထွက်ရသည်မှာလည်း ဘုန်းတော်ကြီး ဦးသီလကြောင့်ဟု ဆိုနိုင်သည်။

ယင်းသို့ဖြင့်ဘုန်းကြီးဦးပုံမဟာနာယကပြု၍ တည်ထောင်သောတောရ ဂိုဏ်းတွင် ဘုန်းတော်ကြီး ဦးသီလသည် ဒုတိယနာယကဖြစ်လာလေသည်။

ပဲခူးတောရ ဂိုဏ်းကြီးသည် ရွှေကျင်ဆရာတော်ကြီးတည်ထောင်သော ရွှေကျင်ဂိုဏ်းနှင့်ဝိနည်းကိုပဓာနထား၍ သီးသန့်ခြင်း၊ ဂိုဏ်းတစ်ပါးနှင့်အဆက်အဆံမရှိခြင်းတို့၌ အယူသီလတူမျှ လေသည်။

ယင်းသို့ရွှေကျင်ဂိုဏ်းနှင့် ပဲခူးတောရဂိုဏ်းတို့ နှစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးသောအခါ ဆရာတော်ဦးသီလပင် လျှင်ယင်းဂိုဏ်းကြီး၏ ဒုတိယနာယကဖြစ်တော်မူလေသည်။

၁၂၂၈ ခုနှစ်ဝါလသီတင်းကျွတ်သောအခါဦးသီလသည် ဟင်္သာကုန်းမှ ဖဲခွာ၍နေရာအနှံ့ကြွ၍ သီတင်းသုံးကာ တောရဂိုဏ်းအနှံ့ ပွားစီးလေတော့သည်။

ဆရာတော်သည်ရဟန်း ၁၂ဝါမှစ၍ ဓုတင်၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည်။ နေ့စဉ် ဆွမ်းခံ၏။ ဆွမ်းဘုဉ်းပေးသောအခါ ဧကာသနိတ်ပတ္တပိုဏ်ဓုတင် တစ်နေရာတည်း တစ်ခွက်တည်းဘုဉ်းပေးသည်။ သက်သတ်လွတ်သာအမြဲသုံးဆောင်သည်။

ဆရာတော်သည် အတည်တကျ တစ်နေရာတည်းတစ်ဆက်တည်း မနေလို၊ တစ်နေရာတွင်အများဆုံးနှစ်ဝါဆိုလေ့ရှိသည်။ ဆရာတော်၏ ကျောင်းသည်လည်း များသောအားဖြင့် ပိတ်မိုးကျောင်းတို့ ဖြစ်ကြသည်။ ထိုသို့ဆရာတော်သည် တစ်နေရာတည်းခန့်ခန့် ထည်ထည်ကျောင်းကြီးနှင့် အမြဲနေလေ့မရှိဘဲ အနှံ့သွားလာနေထိုင်သောကြောင့်လည်း တောရဂိုဏ်း ကြီးအရပ်ရပ်၌ ပျံ့နှံ့တည်နေခြင်းဖြစ်သည်။

ဆရာတော်သည် မိမိနှင့် တွေ့သမျှသော ရဟန်းတို့အား တောကျောင်းနေချင်အောင် ဟောလေ့ရှိသည်။ ဆရာတော်သည် လာဘ်လာဘအလွန်ပေါသော်လည်း ရောက်ရာအရပ်ရှိ သံဃာတော်တို့အား အကုန်စွန့်လှူလေ့ရှိ၏။

ကိုယ်တော်တိုင်မူကား သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် သားရေနွယ်တချပ်ဖြင့်ရောင့်ရဲတော်မူ၏။ ထိုသို့ တောအလီလီရွှေ့ပြောင်းကျင့်သုံးရာ ဆင် ၊ ကျား စသောသားရဲတိရစ္ဆာန်များဖြင့် မကြာခဏထိပ်တိုက်ကြုံခဲ့သည်။

ကျားများအလွန်သောင်းကျန်ပါသည်ဆိုသော အရပ်များတွင် တောရဆောက်တည်သော်လည်း တခါဖူးမျှ အန္တရာယ်မကြုံခဲ့။ ကောင်းမြတ်သော အကျင့်သီလတန်ခိုးကြောင့် ဆင်မနင်းကျားမကိုက်သော ဂုဏ်ရှိတော်မူသည်ဟုဆိုကြသည်။

ပျဉ်းမနားမှ ဒကာတစ်ဦးကလည်း ဆရာတော်သည် တောရချည်းသာဆောက်တည်နေသဖြင့် အကျင့်သာမြတ်သည် စာပေဘက်မှာတော့ထူးချွန်စွာ တတ်မြောက်ပုံမရဟု ဆရာတော်ဆီအသွားတွင် တွေးခဲ့ဖူးသည်။

ဆရာတော်ဆီရောက်သည့်အခါ ဆရာတော်က

“ဒကာတို့ ဆန်းကြယ်တဲ့ တန်ဆောင်းပြသာဒ်တွေကိုဆောက်ရာမှာ လက်မူပညာသာတတ်ပြီး စူးဆောက် တန်ဆာပလာ တို့မရှိရင်ဖြစ်ပါ့မလား ၊ လက်နက်သာရှိပြီး ပညာမတတ်ရင်ရောဖြစ်ပါ့မလား ၊ နှစ်ခုစလုံးပြည့်စုံမှ ဖြစ်မည်မဟုတ်ပါလား”

ဟူသော စကားကိုဆိုရာ ထိုဒကာမှာ ၀မ်းနည်း၀မ်းသာဖြစ်ခဲ့ဖူးသည်။ဆရာတော်နှင့် ပတ်သတ်၍ ထူးခြားသောဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။ ထိုအထဲမှ တချို့ကိုပြောရလျှင်-

ပဲခူးချောင်းဖျားရှိ ကံမြင့်ရွာတွင် ညအခါတွင် ကျားဆိုးတစ်ကောင်သောင်းကျန်းလျှက်ရှိသည်။ ထိုအတွင်း ဘုန်းတော်ကြီးသည် ထိုရွာသို့ရောက်ပြီး ရွာသုသာန်ဇရပ်တွင် တစ်ညတည်းသည်။

ရွာသူ ရွာသားများက လျှောက်ထားသော်လည်း လက်မခံသဖြင့် အားလုံးစိုးရိမ်ခဲ့ကြသည်။ ဘုန်းတော်ကြီးအား အသက်မရှင်နိုင်တော့ဟု ယူဆခဲ့သော်လည်း နောက်တစ်နေ့တွင် ဆွမ်းခံထွက်သည်ကို မြင်ရသဖြင့် ၀မ်းသာအားရဖြင့် ဆွမ်းလောင်းကြသည်။

မယုံကြည်သူများက လိုက်လံချောင်းကြည့်ရာ ကျားဆိုးကြီးသည် ဘုန်းတော်ကြီးအနီး သုံးတောင်ခန့်အကွာတွင် ငြိမ်သက်စွာနေသည်ကို တွေ့လိုက်ကြသည်။

တခါကလည်း ဘုန်းတော်ကြီးအား လာပင့်သော ဒကာ ၃ယောက်နှင့်အတူ ကင်ပွန်းစခန်းအနီးရွာတစ်ရွာသို့ အသွား လမ်းတွင် ဆင်ဆိုးကြီးတစ်ကောင်နှင့် ကြုံပြန်သည်။ ထိုဆင်ဆိုးသည် လူများကို နင်းသတ်ဖူးခဲ့သော ဆင်ဆိုးကြီးဖြစ်သည်။

တည့်တည့်တွေ့သည်ဖြစ်၍ ဆရာတော်အား နောက်ဆုတ်ရန်လျှောက်ထားသော်လည်း လက်မခံသဖြင့် ဒကာများမှာ ထွက်ပြေးသူပြေး ၊ သစ်ပင်ပေါ်တက်သူတက်ဖြစ်ကုန်သည်။

ဆရာတော်သည် ရှေ့မတိုးနောက်မဆုတ် ငြိမ်သက်စွာရပ်နေသည်။ ဘုန်းတော်ကြီးရှိရာသို့ အရှိန်ဖြင့်ပြေးလာသော ဆင်ဆိုးကြီးမှာ ဘုန်းတော်ကြီးအနားရောက်သည်နှင့် ပုဆစ်တုပ်ပြီး ထိုင်လျှက်ကျသွားသည်။ဘုန်းတော်ကြီးက ရပ်မြဲရပ်နေရာ ခဏအကြာ ဆင်ကြီးမှာ နောက်ပြန်လည့်ပြီး တောအတွင်းသို့ ပြန်၀င်သွားသည်ကို ဒကာများ မြင်လိုက်ကြသည်။

ကျိုက်ထီးရိုးလမ်းတွင် သောင်းကျန်းနေသော ဆင်ဆိုးကြီးကျော့မှူးနှင့် တည့်တည့်ကြုံခဲ့စဉ်ကလည်း ထိုအတိုင်းပင် ဆင်ကြီးသည် ဆရာတော်အနီးအရောက်တွင် ဦးခေါင်းငိုက်စိုက် အော်ဟစ်ပြီး ပြန်လည်ဆုတ်သွားသည်ကို ကပ္ပိယကြီးသာမက ပန်ချာပီသုံးယောက် နှင့် အင်္ဂလိပ်စစ်ဗိုလ်တို့ပါ မြင်တွေ့လိုက်ကြသည်။

ဘုန်းတော်ကြီး၏ သီလ နှင့် မေတ္တာ အစွမ်းထက်ပုံကို အားလုံးပြောမဆုံးကြတော့။ဆရာတော်သည် နွားရိုင်း ၊ မြွေ စသည်တို့နှင့်လည်း ကြုံခဲ့ဖူးသော်လည်း တခါတရံမျှ ဘာမှမဖြစ်ခဲ့။နောက်တခါ ထူးခြားသည့်ဖြစ်ရပ်တစ်ခုမှာ ဆရာတော်သည် သိမ်ကုန်း ဂူကြီးတစ်ခု အတွင်းတွင် တရားကျင့်နေစဉ် ဂူအပြင်ဘက် မနီးမဝေးတွင် နွားကျောင်းသားတစ်ယောက် နွားကျောင်းနေသည်။

ထိုအချိန်တွင် ဂူကြီးမှာ ရုပ်တရက်ပြိုကျသွားရာ နွားကျောင်းသားသည် လန့်ဖြန့်ပြီး “ဂူပြိုသဖြင့် ဆရာတော်ပျံလွန်တော်မူပြီ” ဟုအော်ဟစ်ကာ ရွာကိုအမြန်ပြေးသည်။ ရွာသူရွာသားများ စုရုံး၍ ပြိုကျခဲ့ရာ ဂူအနီးသို့ အပြေးအလွှားရောက်သည့်အခါ မတ်တပ်ရပ်နေသော ဆရာတော်အား မြင်လိုက်ရသည်။

ဂူပြိုသည့်အကြောင်း ဆရာတော်အားမေးကြည့်ရာ ဆရာတော်က“အေး ငါတရားထိုင်နေတုန်း ဂူအပြင်ဘက်က ဆရာတော်ကယ်ပါဘုရား ဆရာတော်ကယ်ပါဘုရား လို့ အော်ဟစ်တဲ့အသံကြားလို့ ထွက်ကြည့်မိတယ်။ဘယ်သူမှလည်း မတွေ့ပါဘူး။ အဲဒီအချိန်မှာပဲ ဂူကြီးပြိုသွားတာပဲ” ဟုဖြေသည်။

၁၂၄၇ခုနှစ် ပါတော်မူခေတ်တွင် ကျောက်ကလပ်ဘုန်းတော်ကြီးများဗိုလ်လုပ်ကာ အင်္ဂလိပ်တို့အားတော်လှန်နေသည်။ အင်္ဂလိပ်တပ်များက လိုက်လံနှိမ်နှင်းရာ ခေါင်းဆောင် ကိုဘားကြီးကျဆုံး၍ တပ်ပျက်ပြေးကြသည်။

အင်္ဂလိပ် ပန်ချာပီတပ်ကလည်း လိုက်လံနှိမ်နှင်းရာ ဘုန်းတော်ကြီးတောရဆောက်တည်နေသော နေရာသို့ရောက်လာသည်။ ငြိမ်သက်စွာထိုင်နေသော ဘုန်းတော်ကြီးအား ရန်သူ့ဘက်သားဟု ယူဆကာ သေနတ်များဖြင့် ဝိုင်းပစ်ကြသည်။

တစ်ယောက်သေနတ်မှ မီးမထွက်သဖြင့် ဘုန်းတော်ကြီးအနီးသို့ရောက်လာကြပြီး ခြေထောက်ကိုဦးခေါင်းနှင့် ပွတ်ကာ ဆလံပေးကာ ၀န်ချတောင်းပန်ကြသည်။

ဆရာတော်သည် ပြွန်တန်ဆာ ၊ ဒိုက်ဦး ၊ ဥက္ကံရွာများသို့ ခရီးလည့်လည်နေစဉ် လမ်းအကြားတွင် မီးရထားနှင့် ထိပ်တိုက်တိုးဖူးသည်။ ဆရာတော်အနီးရောက်သည်နှင့် မီးရထားသည် ချက်ချင်းရပ်သွား၍ စက်ဗိုလ်များသာမက ခရီးသည်များပါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

စက်ဗိုလ်နှင့် ခရီးသည်များ သူ့ထက်ငါ ဦးအောင် ဘုန်းတော်ကြီးအားပူဇော်ကြသည်။ဆရာတော်ဦးသီလသည် ဝိနည်းသိက္ခာအထူးတင်းကြပ်စွာစောင့်စည်းတော်မူ၍ ဘုန်းကြီးလှသည်။ ဆရာတော်သည် အကျင့်သီလကိုသာဂရုဓမ္မစိုက်ထုတ်သည်မဟုတ်၊ ပရိယတ္တိ သာသနာဖွံ့ဖြိုးမှုကိုလည်း အလွန်လိုလားတော်မူသည်။

မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများမှ ဘုန်းတော်ကြီးအားကြွရောက် ချီးမြှင့်ရန်ပင့်ဖိတ်တိုင်း ငြင်းဆိုသည်မရှိ။ တတ်နိုင်သမျှ ကြွရောက်ချီးမြှင့်သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာတော်ပျံလွန်တော်မူသောအခါ နေရင်း ပဲခူးမြို့၌မဟုတ်ဘဲ ဇလွန်မြို့သို့ သိမ်သမုတ်သွားရင်း ဖြစ်ရလေသည်။

ဆရာတော်သည် ၁၂၆၉ ခုနှစ်ကဆုန်လဆုတ် ၄ ရက် တနင်းလာနေ့၊ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅ ဝါတွင် ဇလွန်မြို့၌ဘဝနတ်ထံပျံလွန်တော်မူသည်။

ဘုန်းတော်ကြီး သီတင်းသုံးခဲ့ရာ အခြားဒေသများမှလည်း အလောင်းတော်ကိုပေးရန် အသီးသီးတောင်းဆိုလာကြသည် ။ ဇလွန်မြို့သားများကပြတ်သည် မည်သည်ကိုမျှမပေးနိုင်ဟု တွင်တွင်ငြင်းကာ ဇလွန်မှာပင် သင်္ဂြိုဟ်ရန်စီစဉ်ကြသည်။

တပိုတွဲလပြည့်ကျော် နှစ်ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသော်လည်း ဖူးမျှော်သူများကြောင့် နောက်တစ်နေ့မနက် ရှစ်နာရီမှပင် သင်္ဂြိုဟ်ခဲ့ရသည်။ သဂြိုဟ်ပြီးနောက် တာ၀န်ရှိသူများက အရိုးပြာများကို သံသေတ္တာများဖြင့်ထည့်ပြီးလျှင် ပရိတ်သတ်အား ယူလိုရာယူရန်ခွင့်ပြုရာ သင်္ဂြိုဟ်တဲ့နေရာမှ မီးသွေးများသာ မက ဝါးရာဇမတ်များအပြင် မြေကြီးပါတွင်းကြီးဖြစ်ကုန်သည်။

အရိုးပြာရသူများက ရေမွေးပုလင်းများတွင်ထည့်ထားရာ ပြာမှအလုံးလေးများဖြစ်လာပြီး တက်ချည်ဆင်းချည် ကွန့်မြူးနေသည်ကို ဖူးတွေ့ကြရသည်။ စျာပနပွဲပြီးသွားသော်လည်း မီးသင်္ဂြိုဟ်ရာနေရာတွင် မီးလုံးပျံကြီးများ ပျံတက်သည်ကို အများစုက မြင်ကြသဖြင့် တနွေလုံးပွဲကြီးဖြစ်နေသည်။

အလှူအတန်း အကျွေးအမွေးပွဲများဖြင့် မပြတ်စည်ကားခဲ့ပြီး ကဆုန် နယုန် လှည်းလမ်းပိတ်၍ လယ်လုပ်ငန်းစမှသာ လူစဲပေတော့သည်။ သဲပုံစေတီနေရာတွင် သံတောင် ၃၀ အမြင့်ရှိ အရိုးအိုးစေတီကိုတည်ထားလျှက်ရှိပါတော့သည်ဟုအကျင့်မြတ်သောဘုန်းတော်ကြီးဦးသီလအကြောင်းရေးသားတင်ပြလိုက်ပါသည်။

ကိုးကား
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃
သုတဇုန်

Crd,MinGyi