ကိုးကန့် မင်းသမီး (သို့မဟုတ်) စစ်ဘုရင်မဘိန်းရာဇာ Olive Yang အိုလစ်ဖ်ယန်း

အာရှတိုက်ရဲ့ အကြီးဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသ( ၂) ခုထဲက ဒုတိယတစ်ခုဖြစ်တဲ့ နာမည်ကျော် ရွှေတြိဂံနယ်မြေကိုတော့ လူတိုင်းသိကြမှာပါ။

အာရှတိုက်မှာသာမက ကမ္ဘာ့အကြီးဆုံးဘိန်းဖြူထုတ်လုပ်ရာဒေသက အာဖဂန်နစ္စတန်နိုင်ငံက ရွှေလခြမ်းဒေသ (Golden Crescent) ဖြစ်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသကတော့ ဒုတိယနေရာလိုက်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ရွှေတြိဂံဒေသတစ်လျှောက် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းဘုရင်မ အိုလစ်ဖ်ယန်း (Olive Yang) အကြောင်းဖြစ်ပြီး အိုလစ်ဖ်ယန်းဟာ CIA (Central Intelligence Agency) ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ကာ ရွှေတြိဂံဒေသကိုစိုးမိုးနိုင်ခဲ့သူ အမျိုးသမီးတစ်ဦးလည်းဖြစ်တယ်။

ဗြိတိသျှကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ မဟာဆီမဟာသွေးအဖြစ် မွေးဖွားခဲ့ပေမယ့် နန်းတော်ထဲက ဘဝကိုစွန့်ပစ်ပြီး လက်နက်ကိုင်ခေါင်းဆောင် ဖြစ်လာခဲ့သူကတော့ Olive Yang ပါ။

အောလစ်ဖ်ယန် (Olive Yang) ကို ကိုးကန့်စော်ဘွားရဲ့သမီး၊ ကိုးကန့်စော်ဘွားရဲ့ နှမ ဘိန်းဘုရင်မတစ်ဦး အဖြစ် လူသိများ ထင်ရှားပါတယ်။

အောလစ်ဖ်ကန်ကို ၂၄ ဇွန် ၁၉၂၇ တွင် ရှမ်းပြည်မြောက်ပိုင်း၌ မွေးဖွားခဲ့ပြီး လားရှိုးမြို့ရှိ Guardian Angel ကွန်ဗင့်ကျောင်း၌ တက်ရောက်ခဲ့တာပါ။အသက် (၁၉) နှစ်မှာ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စုစည်း တည်ထောင်ခဲ့ပါတယ်။

ဆွေမျိုးသားချင်းများရဲ့ ပြောဆိုချက်တွေအရ အိုလစ်ဖ်ယန်းဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူဖြစ်ကာ ငယ်စဉ်ကတည်းက ယောင်္ကျားလေးဝတ်စုံ တွေကိုပဲဝတ်လေ့ရှိပြီး သူ့အစ်ကိုရဲ့ ရည်းစားတွေနဲ့လည်း တွဲခုတ်တတ်သူ ဖြစ်ပါတယ်။

သမာရိုးကျမဟုတ်တဲ့သမီးဖြစ်သူကို စိတ်ပူလာကြတဲ့ ကိုးကန့်စော်ဘွားနဲ့ ဇနီးဖြစ်သူဟာ အိုလစ်ဖ်ယန်းကို သူ့ရဲ့ မောင်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ် ပေးခဲ့ပါတယ်။ ၁၉၅ဝ ခုနှစ်မှာ အိုလစ်ဖ်ယန်းဟာ Duan Jipu လို့ခေါ်တဲ့ သားတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

ကလေးမွေးပြီးမကြာခင်မှာပဲ အိမ်ထောင်ရှင်မ အလုပ်ကိုမပျော်ပိုက်တဲ့ အိုလစ်ဖ်ယန်းဟာ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူကိုစွန့်ပစ်ခဲ့ပြီး ဘိန်းကုန်ကူးတဲ့အလုပ်ကို စတင်လုပ်ကိုင်ပါတော့တယ်။ သားဖြစ်သူကို ဆွေမျိုးများကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး လက်ရှိတော့ Duan Jipu က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေပါတယ်။

သူက ယောက်ျားရင့်မာကြီး တစ်ယောက်လို ဝတ်စားပြီး လက်နက်ကိုင် စစ်သားပေါင်း ရာထောင်ချီကို ဦးဆောင်ခဲ့တာပါ။ အကျဉ်း စံဘဝရောက်ခဲ့သလို နှိပ်စက်ညှင်းပန်းမှုများလည်း ကြုံခဲ့ရပါတယ်။

သူက အစိုးရနှင့် လက်နက် ကိုင်တပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို အကျိုးဆောင်ခဲ့သေးတယ်။

အစဉ်အလာ ကျား၊ မ ခွဲခြားသတ် မှတ်ချက်များမှ ရုန်းထွက်ချင်တဲ့ ဆန္ဒက Olive Yang ကို လက်နက်ကိုင် ခေါင်းဆောင်ဘဝကို တွန်းပို့ခဲ့သလို ဘိန်းမှောင်ခိုဘဝမှာ ကျင်လည်စေခဲ့တယ်လို့ ဆွေမျိုးများက ပြောကြပါတယ်။
“ဒီအချက်က သူဘယ်လိုမှ ရုန်းမထွက်နိုင်အောင် ညှို့ငင်လိုက်တယ်” လို့ တူဖြစ်သူ Jackie Yang က မိသားစု ရာဇဝင်မှာ အဒေါ်၏ ဘဝကောက်ကြောင်းကို ရေးမှတ်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ်မှာ တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိသော (Olive’s Boys ဟု နာမည်ပြောင်ရသော) ကိုးကန့် လက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းပြီး နယ်စပ် ဘိန်းကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တိုင်းရင်းသားရိုးရာ လိင်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကိုတွန်းလှန်ခဲ့တဲ့ အိုလစ်ဖ်ယန်းဟာ ဘိန်းကုန်ကူးရင်းကနေ ထင်ရှားတဲ့စစ်ဘုရင်မတစ်ဦး ဖြစ်လာခဲ့ တဲ့အပြင် အသက် (၂၅) နှစ်အရွယ်နဲ့ မှောင်ခိုဘိန်းလမ်းကြောင်းကိုကာကွယ်ပေးတဲ့စစ်သားများရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။

သူ့တပ်ဖွဲ့က ဒုတိယကမ္ဘာစစ် အပြီးမှ ၁၉၆၀ ပြည့်နှစ်များအစောပိုင်းအထိ ကိုးကန့်ဒေသရဲ့ ဘိန်းကုန်သွယ်ရေးကို စိုးမိုးထားနိုင်ခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်များမှာတော့ တရုတ်ပြည်မကြီးမှာ အမျိုးသားရေးဝါဒီများ ရှုံးနိမ့်ပြီးနောက် Olive Yang ဟာ တရုတ်ဖြူ ကူမင်တန်များနှင့် ပူးပေါင်း ရွှေတြိဂံ (အရှေ့တောင်အာရှ) ဒေသ ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို စတင်ခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၆၀ ပြည့်လွန်နှစ်လည်များ အထိ Olive Yangသည် ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့မှာ တပ်မှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဘိန်းတွေကို ထိုင်းနိုင်ငံကနေတစ်ဆင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကိုတင်ပို့ခဲ့ပြီး မြန်မာနိုင်ငံကို အာဖဂန်နစ္စတန်ကိုကျော်တက်စေကာ ဘိန်းကုန်ကူးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာစေပါတယ်။

ဒါ့အပြင် အိုလစ်ဖ်ယန်းဟာဟာ ချန်ကေရှိတ် (Chiang Kai-shek) ရဲ့ တရုတ်အမျိုးသားတပ်ဖွဲ့ ကူမင်တန်အကြွင်းအကျန်တွေနဲ့ ရင်းနှီးဆက်နွှယ်မှုရှိပြီး ဒီလို ကူမင်တန်တရုတ်ဖြူတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတဲ့အတွက် မြန်မာအစိုးရက အိုလစ်ဖ်ယန်းကို အန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်အဖြစ် ရှုမြင်လာခဲ့ပါတော့တယ်။ အချိန်ကာလကလည်း စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တရုတ်ဖြူကူမင်တန်တွေကို CIA က လက်နက်အင်အား လူသူအင်အားထောက်ပံ့ပေးခဲ့ပါတယ်။

Operation Paper လို့ခေါ်တဲ့ လျှို့ဝှက်စစ်ဆင်ရေးအရ CIA က တရုတ်ဖြူတပ်ဖွဲ့တွေကို လက်နက်အင်အားထောက်ပံ့ခဲ့ပြီး အိုလစ်ဖ်ယန်းနဲ့ တရုတ်ဖြူ တပ်ဖွဲ့တွေဟာ ဘိန်းရောင်းချရာကရတဲ့ငွေတွေကို ရန်ပုံငွေထားပြီး နိုင်ငံရေးပါလုပ်လာကြတဲ့အတွက် “The Politics of Heroin” လို့ပါ အမည်တွင်ခဲ့ပါတယ်။

တရုတ်ဖြူတွေ မြန်မာပိုင်နက်ထဲဝင်ရောက်ကျူးကျော်နေမှုနဲ့ ဘိန်းရာဇာအိုလစ်ဖ်ယန်းကို CIA က ၁၉၅၂ မှာ လက်နက်ထောက်ပံ့နေတာကို မြန်မာအစိုးရက အထောက်အထားနဲ့တကွ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုင်ကြားခဲ့ပါသေးတယ်။ အိုလစ်ဖ်ယန်းဟာ ၁၉၅၃ မှာ ထိုင်းနိုင်ငံက လေယာဉ်ကွင်း တစ်ကွင်းကိုသွားပြီး ထိုင်ဝမ်ကလာတဲ့ C-47 လေယာဉ်နဲ့ပို့လိုက်တဲ့လက်နက်တွေကိုလည်း သွားယူခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံက အပြန်မှာတော့ သူ့ကိုမျက်စိစပါးမွှေးစူးနေပြီဖြစ်တဲ့ မြန်မာအစိုးရဟာ အိုလစ်ဖ်ယန်းနဲ့ သူ့ရဲ့လက်ထောက် လော်စစ်ဟန် (Lo Hsing Han) တို့ဟာဖမ်းဆီးခဲ့ပါတယ်။(လော်စစ်ဟန်ဟာ အနာဂတ်မှာ ဘိန်းဘုရင်ဖြစ်လာမဲ့သူဖြစ်ပြီး စီးပွားရေ းသမားတစ်ဦးလည်းဖြစ်ပါတယ်)

မြန်မာအစိုးရက အိုလစ်ဖ်ယန်း နဲ့ လော်စစ်ဟန်တို့ကို တရုတ်ဖြူတွေ မြန်မာနယ်စပ်ဖြတ်ကျော်ရေးမှာ ကူညီခဲ့တဲ့အမှုနဲ့ မန္တလေးထောင်မှာ ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ပြီး အဲဒီအကြိမ်ဟာ အိုလစ်ဖ်ယန်းနဲ့ လော်စစ်ဟန်တို့ ရဲ့ပထမဆုံးထောင်ကျခြင်းလည်းဖြစ်ပါတယ်။

(နောက်ပိုင်းတွင် သူတို့နှစ်ဦးကို အရှေ့တောင်အာရှ၏ ဘိန်းဘုရင်အဖြစ် အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေး အရာရှိများက သတ်မှတ်လိုက်တော့သည်။)

ဒါပေမဲ့ လော်စစ်ဟန်ဟာ မြန်မာအစိုးရနဲ့ သဘောတူညီထားမှုတစ်ခုအရ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကျော်ဘိန်းရာဇာတစ်ဦးဖြစ်လာခဲ့ပြီး မြန်မာအစိုးရက သူ့ကို ဘိန်းရောင်းဝယ်ခွင့်ပြုပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ လော်စစ်ဟန်က သူပုန်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့အစိုးရတပ်တွေကို ကူညီပေးရပါတယ်။

၁၉၅၉ ခုနှစ်မှာ အိုလစ်ဖ်ယန်း ရဲ့အစ်ကို ကိုးကန့်စော်ဘွား Edward Yang Kyein Sai နန်းစွန့်သွားချိန်မှာတော့ အိုလစ်ယန်းက ကိုးကန့်တပ်တွေကို ဆက်လက် ဦးဆောင်ခဲ့တဲ့အတွက် ကိုးကန့်ဒေသမှာ အကြီးအကဲ လို ဖြစ်လာခဲ့ပြီး ကိုးကန့်ဒေသ တစ်လျှောက် အာဏာပိုင်စိုးသူဖြစ်လာပါတော့တယ်။

သူမရဲ့ ဆွေမျိုးသားချင်းတွေ အဆိုအရ ထိုကာလများမှာ ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေနဲ့ ဇာတ်လမ်းစခဲ့ပြီး ဝါဝါဝင်းရွှေကို ပိုးကြေးပန်းကြေးအဖြစ် အဖိုးတန် လက်ဆောင်တွေ တနင့်တပိုးကြီး ပေးခဲ့တဲ့အပြင် နောက်ဆုံးမှာ သူမပိုင်တဲ့ ခြံ နဲ့ တိုက် ဂရန်ကိုပါ သူမနာမည် နောက်မှာ ဝါဝါဝင်းရွှေ ကိုပါ ထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။

အိုလစ်ယန်းရဲ့ မိသားစု၀င်တွေကတော့ သူတို့နှစ်ယောက်ကို အတွဲအဖြစ် သဘောထားခဲ့ကြပြီး ဝါဝါဝင်းရွှေက အခုထက်ထိ ထိုအိမ်မှာပဲ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ သို့သော် ၂၀၁၅ မှာ ဒေါ်ဝါဝါဝင်းရွှေနဲ့ တွေ့ဆုံမေးမြန်းခန်း တခုတွင်မတော့ အိုလစ်ယန်းနဲ့ သူမ ဘာမှ မပါတ်သက်ဖူးလို့ ဒေါ်ဝါဝါဝင်းရွှေက ငြင်းဆိုခဲ့ပါတယ်။

မည်သို့ပင် ဖြစ်စေ သူတို့နှစ်ဦး တွေ့ဆုံ ပါတ်သက်ခဲ့တယ်ဆိုတဲ့ အကြောင်းက ၁၉၆၃ မှာ မပြောမဆိုနဲ့ တခန်းရပ်သွားခဲ့ရပါတယ်။ အာဏာသိမ်းပြီးကာစ ပူပူနွေးနွေးသာရှိသေးတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ရဲအဖွဲ့က အိုလစ်ယန်းကို ဖမ်းဆီးလိုက်တာကြောင့် အင်းစိန်ထောင်မှာ ခြောက်နှစ် ကျခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းမှု မျိုးစုံ ခံခဲ့ရတယ်လို့ သတင်းများ ထွက်ခဲ့ပါတယ်။

၁၉၈၉ မှာတော့ အိုလစ်ယန်းရဲ့ ဘ၀မှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းတခု ကြုံလာခဲ့ရပါတယ်။ ထိုအချိန်က အသက်ကလည်း ၆၀ ကျော်လာပြီဖြစ်လို့ စစ်ဘုရင်ကြီး အဖြစ်က အနားယူသွားခဲ့ပေမယ့် ကိုးကန့်ဒေသရှိ လက်အောက်ငယ်သားများရဲ့ လေးစားမှုကို ခံနေရဆဲဖြစ်တဲ့ သူမနဲ့ ယခင်လက်ထောက် ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ကို ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က ချည်းကပ်ခဲ့ပါတယ်။

၎င်းတို့နှစ်ဦးအား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ ဆွေးနွေးရာမှာ အကူအညီပေးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ ဒီအတွက် အိုလစ်ယန်းနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်သူပုန် အဖွဲ့နဲ့ မြန်မာ အစိုးရ သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ အချိန်အထိ တည်မြဲခဲ့ပါတယ်။

မသေဆုံးမှီ အချိန်အထိ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘ၀ကို ဖြတ်သန်းရင်း ခင်ပွန်းဖက်က ပါလာတဲ့ သားဖြစ်သူနဲ့ ကိုးကန့် ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ စောင့်ရှောက်ပေးမှု ဖြင့် မူဆယ်က ခြံ၀င်းကြီးတခုထဲမှာ ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။

လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာ မြန်မာသရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သူ ဝါဝါဝင်းရွှေနဲ့လည်း ဆက်ဆံရေးတစ်ရပ်ရှိခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ခဲ့ဖူးပြီး ရန်ကုန်မှာရှိတဲ့ အိုလစ်ဖ်ယန်းရဲ့တိုက်ကို ဝါဝါဝင်းရွှေရဲ့ အမည်နဲ့ လွှဲပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်ကအင်တာဗျူးတစ်ခုမှာတော့ ဝါဝါဝင်းရွှေက အိုလစ်ဖ်ယန်းနဲ့ ဘာဆက်နွှယ်မှုမှမရှိခဲ့ဖူးကြောင်းငြင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၃ ခုနှစ်မှာ အိုလစ်ဖ်ယန်းကို မြန်မာအစိုးရက ထပ်မံဖမ်းဆီးခဲ့ပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် (၆) နှစ်ချခဲ့ပါတယ်။ ထောင်ထဲမှာလည်း အာဏာပိုင်တွေက အိုလစ်ဖ်ယန်းကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ အိုလစ်ဖ်ယန်းအသက် (၆၀) ပြည့်တဲ့အချိန်မှာ သူ့ရဲ့ဘဝအပြောင်းအလဲဖြစ်ခဲ့ပြီးအိုလစ်ဖ်ယန်းဟာ ရှမ်းပြည်နယ်မှာ လေးစားခြင်းခံရတဲ့ စစ်ဘုရင်ဖြစ်တာကြောင့် မြန်မာအစိုးရရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ဦးခင်ညွန့်က အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အရာရောက်ခဲ့ပြီး ကိုးကန့်သူပုန်တပ်ဖွဲ့ဖြစ်တဲ့ Myanmar National Democratic Alliance Army (MNDAA) နဲ့သာမက အိုလစ်ဖ်ယန်းရဲ့ ဆွေမျိုးတစ်ဦးဖြစ်သူ ဖုန်းကြားရှင် (Peng Jiasheng ) နဲ့ အစိုးရကြား ၂၀၀၉ ခုနှစ် တိုက်ပွဲမဖြစ်ခင်အထိ ငြိမ်းချမ်းရေး ခိုင်မြဲခဲ့တယ်လို့ ဆိုရမှာပါပဲ။

မြန်မာနိုင်ငံက ရှမ်းပြည်နယ်တစ်ခွင်ကိုကိုင်လှုပ်နိုင်ခဲ့တဲ့ စစ်ဘုရင်မတစ်ဦးဖြစ်သူ အိုလစ်ဖ်ယန်းဟာ သူ့ဘဝနေဝင်ချိန်တွေကို ရှမ်းပြည်နယ် မြောက်ဘက်ပိုင်း၊ မူဆယ်မြို့ကအိမ်တစ်အိမ်မှာ သူ့ရဲ့လင်ပါသားတစ်ယောက်၊ သစ္စာခံတပ်သားတွေနဲ့ပဲ မထင်မရှားနေထိုင်ဖြတ်သန်းသွားခဲ့ပါတယ်။ အိုလစ်ဖ်ယန်းဟာ ၂၀၁၅ ခုနှစ်မှာ လေဖြတ်သွားခဲ့ပြီး တပ်သားတွေနဲ့နေရတာ ပျော်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဝါဝါဝင်းရွှေ သူလွှဲပေးထားတဲ့အိမ်မှာ နေထိုင်နေတဲ့ဓာတ်ပုံကို အိုလစ်ဖ်ယန်းရှေ့ပြကြည့်တဲ့အခါမှာ အိုလစ်ဖ်ယန်းက ဟက်ဟက်ပက်ပက်ရယ်မောပြီး “That whole property was mine” (အကုန်လုံး ငါ့ဟာတွေချည်းပဲ) လို့ တရုတ်စီးကရက်တစ်လိပ်လက်ကြားညှပ်ရင်းပြောခဲ့ပါတယ်။

အိုလစ်ဖ်ယန်းဟာ ဇူလိုင်လ (၁၃) ရက်နေ့ ၂၀၁၇ ခုနှစ် အသက် (၉ဝ)အရွယ်မှာ မူဆယ်မှာပဲကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ညီမ (၂) ဦးနဲ့ သားဖြစ်သူတို့ကျန်ခဲ့ပါတယ်။ အိုလစ်ဖ်ယန်းရဲ့ အုတ်ဂူက ကိုးကန့်အပြင်ဘက် မူဆယ်မြို့အနီးမှာရှိနေပါတယ်။ သူရဲ့ ကိုးကန့်တပ်ဖွဲ့တပ်သားတွေကတော့ အိုလစ်ဖ်ယန်းသေဆုံးမှုဟာ ကိုးကန့်နယ်သားတွေအတွက်ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Ref: Washington Post “Olive Yang, cross-dressing warlord and Burmese opium trafficker by Alice Dawkins”

Credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်