အင်္ဂလိပ်တို့ အုပ်စိုးစကာလတွင် ကွပ်မျက်ခံရသောအနောက်နန်းမိဖုရား မမြလေး၏ဘဝအကြောင်း

အနောက်နန်းမိဖုရား မမြလေး (ကောဇာ ၁၁၇၁-၁၂၀၇) သည် သာယာဝတီမင်း၏ မိဖုရားတပါးဖြစ်သည်။ မမြလေးရော သူ့သမီး လှိုင်ထိပ်ခေါင်တင်ပါ စာပေဂီတ တတ်ပွန်းသဖြင့်၎င်း၊ အင်္ဂလိပ်တို့ အုပ်စိုးစကာလတွင် ကွပ်မျက်ခံရသော မမြလေး၏ဘဝဇာတ်ကြောင်းကို ပြဇာတ်ကဇာတ်များတွင် မကြာခဏ တင်ဆက်သဖြင့်၎င်း နှောင်းကာလတွင် လူသိများသည်။

ငယ်ဘဝ

၁၁၇၁ ခုတွင် ဖွားသည်။ ငယ်မည်မှာ မြကြုတ် တွင်သည်။

ကြင်ဘက်များ

၁၁၈၈ ခုတွင် သာယာဝတီမင်းသားက အသက် ၁၇ နှစ်အရွယ် မမြလေးကို ကောက်သည်။ နောင်တော် စစ်ကိုင်းမင်းသည်လည်း ပြည်ထဲရေးကို စိတ်မဝင်စားသဖြင့် သာယာဝတီမင်းမှာ ထိုစဉ်က လွှတ်တက်မင်းသားကြီးအဖြစ် တန်ခိုးထက်နေသူတည်း။

၁၁၉၉ ခု သာယာဝတီမင်းသားက စစ်ကိုင်းမင်းထံမှ နန်းလွှဲယူသည်နောက် သီရိမဟာရတနာစန္ဒာဒေဝီဘွဲ့ဖြင့် အနောက်နန်းမိဖုရားဖြစ်လာသည်။ သားသမီးများမှာ –

သားတော် ငယ်ကလွန်
နှမတော် လှိုင်ထိပ်ခေါင်တင် မဖွားကြီး
မောင်အမြွာ ငယ်ကလွန်
ညီအမြွာ ငယ်ကလွန်

ဘဝနိဂုံး

သာယာဝတီမင်းက သားတော် ပြည်မင်း သီရိမဟာသီဟသူရဓမ္မရာဇာ၏ ပုန်ကန်ရာတွင် ပါဝင်သူများကို ရှင်းလင်းရာ စကားဆိုပြော နှီးနှောလေ့ရှိသူ အနောက်နန်းမိဖုရားလည်း စာရင်းဝင်ဖြစ်ခဲ့ပြီး ၁၂၀၇ ခု၊ သီတင်းကျွတ်လတွင် စီရင်ခံရသည်။ [၁]

စာဟောင်း

အနောက်နန်းမတော် မမြလေးကို သက္ကရာဇ် ၁၁၇၁ ခုနှစ်တွင် မွေးဖွားသည်။ လှိုင်ထိပ်ခေါင်တင်၏မယ်တော်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားဖြစ်သော သာယာဝတီမင်း(ရွှေဘိုမင်း(ခ)ကုန်းဘောင်မင်း)က သူ၏နောင်တော် ဘကြီးတော်(စစ်ကိုင်းမင်း)ထံကနေ ထီးနန်းသိမ်းပိုက်ယူလိုက်သော သက္ကရာဇ် ၁၁၉၉ ခုနှစ်မှာ တေးကဗျာလင်္ကာ နှင့် တူရိယာများကို ကျွမ်းကျင်သည့် မမြလေးကို သိရိမဟာရတနာ စန္ဒာဒေဝီဘွဲ့အပ်နှင်းပြီး အနောက်နန်းမတော် အဖြစ်တင်မြောက်ခဲ့သည်။

မမြကလေး ကိုယ်တိုင်ကလဲ ပတ်ပျိုး၊ ကဗျာ၊ လင်္ကာ အရေးကောင်းသူအဖြစ် နာမည်ကြီးသည်။ အနောက်နန်းမိဖုရား မမြကလေး၏ “သိင်္ဂါရွှေရောင်ပတ်ပျိုး” သည် သိင်္ဂုတ္တရ ကုန်းတော်အမြင့်မှနေ၍ အရပ် လေးမျက်နှာသို့ ရှုမျှော်ရာ ၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော ရှုခင်းအထွေထွေ၊ ရေမြေ တောတောင်၊ လျှိုမြောင်ချပ်ကြားနှင့် မြစ်ချောင်းအင်းအိုင်များကို ရှုစား၍ စာဆိုပီပီ ကုံးသီဖွဲ့နွဲ့ ထားခဲ့ခြင်း ဖြစ်ကြောင်း ကို လစိမ်းရောင်စို တောင်ညိုမြမှိုင်း၊ သီတာခွေလို့သာ ရေပတ်လည်ဝိုင်း” ဆိုသော သီချင်း တစ်ပုဒ် နှင့်ပင် လုံလောက်စွာ သိရှိနိုင်သည်။

အသက်အရွယ် ငယ်ငယ်၊ ချောချောလှလှ၊ ရွှေဘို မင်းတရားကြီး က သူ့ထက် “အသက်တစ်ပြန်ကြီးသူ” ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး၏ သားတော် ကြီး ပြည်မင်းနှင့် မမြကလေး က သက်တူရွယ်တူ ဖြစ်နေရာ အနုပညာဂီတကဗျာ ဝါသနာထုံသူ နှလုံးသား ချင်းတူသူဖြစ်၍ ပြည်မင်း က မြကလေးအား ဖခမည်းတော်ကိုယ်စား သနားခြင်း၊

ညှာတာခြင်းများရှိပြီး ခမည်းတော်က မြကလေး အပေါ် ကြင်နာတော် မမူတော့သယောင် အခြေအနေတွင် တွေ့မြင် သိရှိရသော အခါ “အဖေ ကလည်း ဗျာ၊ သူ့ခမျာ သနားစရာကလေးပါ၊ ပစ်ပယ်မထားပါနဲ့” ဟု အရပ်သား သာမန်လူတန်း စား တို့လိုလည်း ပြောရဲမည် မဟုတ်လေတော့ စုတ်သပ်၍ သနားကြင်နာနေရုံမှတစ်ပါး အခြားမတတ်နိုင်ရှိခဲ့သည်။

စင်စစ် ရွှေဘိုမင်းတရားကြီးက အနောက်နန်းမိဖုရား မြကလေးကို မင်းသား ဘဝက ရန္တပိုစာချုပ်ကိစ္စနှင့် လာရင်း ဟင်္သာတမြို့ ရောက်စဉ်၌ တွေ့မြင် ကောက်ယူတော်မူခဲ့ပြီးလျှင် အလွန်ပင် ချစ်ခင်မြတ်နိုးတော်မူ ခဲ့သည်။

မင်းမျိုးနွယ်အတွင်းမှ ကိုယ်လုပ်တော်ကြီးများကိုပင် နန်းရ၊ ဆောင်ရ မိဖုရားအရာ မပေးခဲ့ဘဲ သာမန် အရပ်သူ မြကလေးအား အနောက်နန်း မိဖုရားကြီးအရာမြှောက်၍ ရတနာအစုအပုံထက်၌ ဘိသိက် သွန်းခြင်း၊ “သီရိမဟာသုတ ရတနာဒေဝီ” အမည်နှင့် ရွှေဘွဲ့ချီတော်မူပြီး ရွှေလောင်းတိုက်ကို မြို့စား ပေး သနားတော်မူခဲ့သည်။ တောင်နန်းစံ မိဖုရားခေါင်ကြီးမှလွဲ၍ မြောက်နန်းမိဖုရား အလယ်နန်း မိဖုရားကြီးများ နှင့်အတူ အနောက်နန်း မိဖုရားကြီးအဖြစ် မြှောက်စားသနားတော်မူခဲ့သည်။

ဘိုးတော်ဘုရားတို့ကဲ့သို့ မိဖုရားကိုယ်လုပ်တော် ငါးဆယ်ကျော် မရှိသူ ရွှေဘိုမင်းသည် မိဖုရားမများပါ။ မိဖုရား ခေါင်ကြီး နှင့် နန်းရ ဆောင်ရ မိဖုရား ကိုယ်လုပ်တော်တွေ စုစုပေါင်းမှ ၁၅ ဦးမျှသာရှိသူ ဖြစ်သည်။

သည်တော့ ဟိုမိန်းမတွေဆီ သွားနေရတာကြောင့် မြလေးအတွက် ရက်မရခြင်း မဟုတ်ဘဲ အသက်အရွယ် တော် ကလည်း ထောက်လာပြီဖြစ်လို့ လောကီစည်းစိမ် ချိုးနှိမ် ခြိုးခြံပြီး တိုင်းရေး ပြည်ရေး၊ သာသနာ တော် အရေး ၌ အလေးသာ၍ နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တစ်နည်းတစ်ဟန် ကြံဖန် သုံးသပ် ကြည့်မည် ဆို လျှင်လည်း ဖြစ်နိုင်ပါသေးသည်။ နောက်တစ်ချက် ဆွေးနွေး၍ အတွေးနယ်ချဲ့ဖို့ ကိစ္စတွေကဖြင့် မြကလေး၏ ဘဝမှာ နာကြည်းစရာတွေ တကယ် ပေါ်ပေါက်လာရခြင်းပင်ဖြစ်သည်။

ရွှေဘိုမင်းတရားကြီးသည် အသက် ၃၀ အရွယ် သာယာဝတီမင်းသားဘဝက အနောက်နန်း မိဖုရား မမြကလေး အား ၁၁၈၈ ခုနှစ်တွင် သိမ်းပိုက်တော်မူပါသည်။ ၁၁၇၁ ခုနှစ်တွင် မွေးဖွားသူ မြကလေးသည် သာယာဝတီမင်း ကောက်ယူတော်မူစဉ်အခါက အသက် ၁၇ နှစ်မျှသာရှိပါသေးသည်။ သာယာဝတီမင်း သည် ဘကြီးတော် လက်ထက် သာယာဝတီ မင်းသားအဖြစ်နှင့် လွှတ်တက်မင်းသားကြီး အစီးအနင်း အဆောင် အရွက် ထက် လွန်ကဲ၍ အိမ်ရှေ့မင်းတို့ တာဝန်နီးနီး နိုင်ငံတာဝန် ထမ်းရွက်နေစဉ် ဖြစ်သည်။

မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။

သမီးတော် ပုခက်တွင်းအရွယ်။ ထိုစဉ်က “အဖွားကြီး” ဟု ခမည်းတော်က ချစ်စနိုးခေါ်ခဲ့သော လှိုင်မြို့စား မင်းသမီး ၄ နှစ် အရွယ်သို့ ရောက်သောအခါ သာယာဝတီမင်းသည် ထီးနန်းရရှိပြီး ဘုရင်အဖြစ် ရောက်ခဲ့သည်။ ဘုရင် ဖြစ်သောအခါ အသက် ၅၀ ရှိနေပါပြီ။ ရွှေဘိုမင်းတရားဟုလည်း ခေါ်ပါသည်။ စာဆိုတော် များကမူ “ရွှေဘို ဘုန်းပွင့်ဘုရား” ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ရေးသားလေ့ရှိကြသည်။

မမြကလေး အသက် ၁၈ နှစ်တွင် ရွှေဘိုမင်း အထွတ်အမြတ်ရောက်၍ အနောက်နန်း မိဖုရားအဖြစ် ရောက် သောအခါ (အရပ်သားပြော ပြောရလျှင်) အိမ်ထောင်သက် (၁၁)နှစ် ရှိခဲ့လေပြီ။ ရွှေဘိုမင်း အသက် ၄၀ အရွယ်တွင် မြကလေး အသက် ၁၇ နှစ် နှင့် အတူတကွ နေခဲ့ရသော ကာလ အပိုင်း အခြား သည်လည်း မနည်း တော့ပါ။ (၁၁)နှစ်ကာလ ကြာလေပြီ။

လှိုင်မင်းသမီးကလေးကို ဖွားမြင်ပြီးခဲ့သော နောက်ပိုင်း၌ မိဖုရားမြကလေးသည် တတိယမြောက် သားတော် ၂ ပါး အမြွှာ ညီနောင်ကို ဖွားမြင်ပြန်ပါသည်။ သို့သော် ထိုသားတော် အမြွှာ နှစ်ယောက်မှာ အသက် မရှည်၊ ငယ်စဉ်ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားကြသည်။ သက္ကရာဇ် ၁၂၀ရ ခုနှစ်မှာ သားတော်ပြည်မင်းသားအရေးတော်ပုံမှာ ပါဝင်တယ်လို့ ထင်မြင်ယူဆသောကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အဖ ယင်းတော်ဝန်ကြီးနှင့် မမြလေးတို့ကို ကွပ်မျက်လိုက်ကြသည်။

ကောင်းမှု စေတီများ

မြန်မာသက္ကရာဇ် ၁၂၀၅၊ ခရစ်နှစ် ၁၈၄၃-ခုနှစ် သူမကွယ်လွန်ခင် (၂)နှစ်အလိုက တည်ခဲ့သည်။ (ရှေးစာအရ အနောက်နန်းမတော်မမြလေးဟု ဆိုသော်လည်း ထိုဘုရားတွင် မမြတ်လေးဟု ရေးထိုးထားသည်။) စစ်ကိုင်း-မန္တလေးလမ်း ကနေလာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဘက်အဝင်လမ်းကနေ အနောက်တည့်တည့် ဝင်လာလိုက်မယ်ဆိုရင် ဇီဝိတ ဒါန သံဃာဆေးရုံကိုကျော်လိုက်ရင် ဒီမမြလေးဘုရားကိုရောက်ပါသည်။

ဘုရားအရှေ့ဘက်တွင် ပြည်ကြီးမွန်ဖောင်တော်ရှိသည်။ စောင်းတန်းတက်တက်ခြင်း အတွင်းလှိုဏ်ထဲကိုရောက်သွားမှာဖြစ်သည်။ ဆင်းတုတော်ထားရှိရာနေရာသည် သိပ်မကျယ်ပြန့်ပါ။ ဘုရားပုရဝုဏ်၏ မြောက်ဘက်တွင် ကြီးမားသော ညောင်ပင်ကြီးရှိသည်။

မြောက်ဘက်ခြမ်းတွင် အနောက်နန်းမတော်မမြလေး ကုသိုလ်လို့ စာတမ်းထိုးထားသည့် ဇရပ်ကြီးတစ်ဆောင်ရှိသည်။ အနောက်ဘက်မှာ နတ်နန်းတစ်ခုနှင့် ရုပ်တုတစ်ခု။ ကျိုက်ထီးရိုးပုံစံ စေတီငယ်တစ်ဆူ။ ဘုရားတောင်ဘက်ခြမ်းမှာ မမြလေး၏ ပုံစံငယ်ရုပ်တုနှင့် နတ်နန်းတစ်ခု တည်ရှိလေသည်။

ကိုးကား

ဦးမောင်မောင်တင်။ “ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး”၊ တတိယတွဲ။ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်။ ၂၀၀၄၊ အောက်တိုဘာ။ စာ ၅၁။

Crd,ဝီကီပီးဒီးယား