ညောင်ရမ်းမင်းသားကို မင်းတုန်းမင်းနှင့်မြောက်ရွှေရေးဆောင်မိဖုရားကြီးတို့မှ ဖွားမြင်ခဲ့သည်။ဥာဏ်ပညာအမြော်အမြင် ကြီးမားသည့်အလျောက် စစ်မက်ရေးရာ၌လည်း တတ်သိလိမ္မာ၏။ညီတော်၊နောင်တော်အားလုံးနှင့်လည်း သင့်တင့်
ညီညွတ်သူဖြစ်သည်။ ညောင်ရမ်းမင်းသားသာ ထီးမွေနန်းမွေ ရရှိမည်ဆိုပါက ညီတော်နောင်တော်များ မည်သူကမျှ တော်လှန်ကန့်ကွက်မည်မဟုတ်ကြောင်း ကတိပြုထားကြသည်ဟု ဆိုသည်။
၁၂၂၈ခုနှစ်(ခရစ်နှစ်-၁၈၆၆)မြင်ကွန်း၊ မြင်းခုံတိုင်အရေး
အခင်း နှင့် အိမ်ရှေ့မင်း၏သားတော် ပတိမ်းစား
အရေးတော်ပုံတို့တွင်လည်း ညောင်ရမ်းမင်းသားသည်
သက်စွန့်ဆံဖျားအမှူ့တော်ထမ်းရွက်ခဲ့သဖြင့် ခမည်းတော်
မင်းတုန်းမင်းကြီးက အလွန်အားထားယုံကြည်ခြင်းခံရသူလည်းဖြစ်သည်။
အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးချိန်မှစ၍ မင်းတုန်းမင်းသည် မည်သည့်မင်းသားကိုမှ အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်နိုင်ခြင်းမပြုသေးပေ။မင်းတုန်းမင်းကြီးကိုယ်တော်တိုင် နှစ်သက်သဘောကျသော သားတော်သုံးပါးရှိရာ မက္ခရာမင်းသားမှာ အရွယ်လည်းအကြီးဆုံး၊ စက်ရုံအလုပ်ရုံ အုပ်ချုပ်ရေးတာဝန်များကိုလည်း အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီးနှင့်အတူ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
သုံးဆယ်မင်းသားမှာ သူရသတ္တိကောင်းသူဟုကျော်ကြား၏။
ညောင်ရမ်းမင်းသားမှာ ဥာဏ်ပညာထက်မြက်သလို ဆေးကျမ်းဓါတ်ကျမ်းနက္ခတ်ကျမ်းများကိုလည်း ထဲထဲဝင်ဝင် လေ့လာတတ်ကျွမ်းကာ မင်းတုန်းမင်းကြီး နာမကျန်းဖြစ်လျှင် ကိုယ်တိုက်ဆေးဖော်စပ်ကာ ဆက်သသူလည်းဖြစ်သည်။ ဘာသာရေးကိုလည်း အလွန်ကိုင်းရှိုင်းကာညီတော်နောင်တော်အပေါင်းနှင့်လည်း ဆက်ဆံရေးပြေပြစ်သူဖြစ်၏။
ညောင်ရမ်းမင်းသား(ငယ်မည် မောင်မျိုးပုံ)နှင့်ညောင်အုပ်မင်းသား(ငယ်မည် မောင်မျိုးယုံ)တို့သည် မင်းတုန်းမင်းကြီး၏ မင်္ဂလာအိမ်တော်ပါ မြောက်ရွှေရေးဆောင်မိဖုရားကြီး ဥမ္မာဒေဝီမှဖွားမြင်တော် သားတော်နှစ်ပါးဖြစ်ပြီး ညီနောင်ချင်းစိတ်ဝမ်းနှလုံးညီသော မင်းသားများဖြစ်ကြပါသည်။
ညောင်အုပ်မင်းသားမှာ ငယ်စဉ်က ငရနဲမြို့ကို စာရပြီး
နောင်တွင် ညောင်အုပ်မြို့ကို စားရသဖြင့် ညောင်အုပ်မင်းသားဟု အမည်တွင်ခဲ့သည်။မင်းတုန်းမင်းအနေဖြင့် အထက်ပါသားတော်ကြီး ၃ပါးအနက်မှတစ်ပါးပါးကို နန်းလျာအဖြစ် ရွေးချယ်သင့်သော်လည်း မလျာထားရသေးမီပင် ၁၈၇၈ခုနှစ်၊သြဂုတ်လ၌ ပြင်းစွာနာမကျန်း ဖြစ်ခဲ့ရသည်။
ရောဂါဝေဒနာမှာ သက်သာလာသည်မရှိပဲ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာသဖြင့် မင်းတုန်းမင်းကြီးကိုယ်တော်တိုင် နန်းလျာရွေးချယ်ပေးနိုင်သော အခြေအနေမရှိတော့ပေ။ ထိုအချိန်မှာပင် ဆင်ဖြူမရှင်မိဖုရားကြီးနှင့်ကင်းဝန်မင်းကြီးတို့ကလည်း သီပေါမင်းသားကို နန်းတင်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။
ဆင်ဖြူမရှင်မိဖုရားကြီးအနေဖြင့် ထက်ထက်မြက်မြက်ရှိသော သားတော်ကြီး ၃ပါး နန်းရမည်ကို မလိုလား မိမိလိုရာ ပုံသွင်းနိုင်ကာ မိမိတန်ခိုးသြဇာလွှမ်းမိုးနိုင်မည့် အေးဆေးစွာ နေတတ်သူ စာကြိုးစားသော သီပေါမင်းသားကိုသာ မိမိသမီးတော်သုံးပါးအနက် တစ်ပါးပါးနှင့်လက်ဆက်ကာ နန်းတက်စေလိုသည်။
ကင်းဝန်မင်းကြီးအနေနှင့်လည်း ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းလာစံနစ်မျိုး ဖြစ်ပြီးအနောက်နိုင်ငံများသို့ အရောက်အပေါက်များသူပီပီတွေ့ကြုံခဲ့ရသော စည်းမျဉ်းခံဘုရင်စံနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ရန် အကြံအစည်ရှိသူ ဖြစ်သည်။ထို့ကြောင့်လည်း မိမိတို့အလိုရှိရာ ကြိုးဆွဲနိုင်မည် ထင်ရသော သီပေါမင်းသားကို နန်းလျာအဖြစ် ရွေးချယ်ရန်
သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့ဖြင့်ကင်းဝန်မင်းကြီးဦးကောင်းသည် မှုးမတ်အချို့ကို တောင်ပန်းခုံတော်အုတ်တိုက်၌ အစည်းအဝေးခေါ်သည်။ထိုအစည်းအဝေးတွင် သူ၏ဆန္ဒကိုပြောပြသည်။ ထိုအခါ ရေနံချောင်းဝန်ကြီးဦးရွှေစိုးနှင့် ခန်းပတ်ဝန်ကြီးဦးရွှေမောင်တို့ မကန့်ကွက်။ယင်းတော်မြို့စားဝန်ထောက် ဦးပေစေ့က ငြိမ်နေသည်။
မြို့သစ်ဝန်ထောက် ဦးအောင်ကိုကမူ အသက်အရွယ်ကြီးသူ ပညာဥာဏ်ကြီးသူကိုသာ ရွေးချယ်စေချင်ကြောင်း ပြောသည်။
ယောအတွင်းဝန်ဦးဘိုလှိုင်ကလည်း’ဤသဘောမျိုးသာ ဆိုသည်။ ဦးကောင်းလည်း သူဆန္ဒကို ထပ်မံ ညှိနှိုင်းသည်။ အောင်မြင်ပါ၏။သီပေါမင်းသားကိုသာ နန်းလျာရွေးရန် အစည်းအဝေးက သဘောတူလိုက်ကြလေသည်။
သို့သော် သီပေါမင်းသားကို အိမ်ရှေ့ခန့်ရန်အမိန့်ထုတ်ပြန်လိုက်သည်နှင့် ကျန်မင်းသားများဆူပူထကြွကြမည်ကို စိုးရိမ်ရသဖြင့် သူတို့တတွေကို ထိမ်းသိမ်းထားရန် လိုအပ်ပေသည်။ သို့ဖြင့် ဆင်ဖြူမရှင်နှင့်ဦးကောင်းတို့က မင်းတုန်းမင်းအမိန့်နှင့်ဟု ဆို၍ သံတော်ဆင့်များကို မင်းသားများထံ လွှတ်ကာ နန်းတော်သို့ ခေါ်ယူလေသည်။
ထိုအခါ ညောင်ရမ်းစားနှင့် ညောင်အုပ်စားမင်းသားညီနောင်က မလိုက်။ နန်းတွင်းရှိ သူတို့မယ်တော်မြောက်ရွှေရေးဆောင်မိဖုရားကြီးထံမှ တိတ်တဆိတ်သတင်းရရှိပြီး ဖြစ်သည်။ ကျန်မင်းသားတို့မှာ ယုံယုံကြည်ကြည်ဖြင့် လိုက်ခဲ့ကြရ ဗြဲတိုက်အရောက်တွင်အဖမ်းခံကြရလေသည်။
လင်ပန်း၊ သက်ပန်း၊ ခုနှစ်ရွာစသော မင်းသားတို့၏မယ်တော်မိဖုရားများမှာ အလွန်နာကြည်းကာ မင်းတုန်းမင်းထံ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ဆင်ဖြူမရှင်၏ အကြံဖြင့် အစောင့်အကြပ် ထူထပ်စွာ ချထားခြင်းကြောင့်ဝင်ရောက်ခွင့် မရခဲ့ပေ။
မင်းသားများအား ဖမ်းဆီးပြီး တစ်ပတ်အကြာ ၁၈၇၈ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် သီပေါမင်းသားအား အိမ်ရှေ့အပ်နှင်းကြောင်း အမိန့်တော် ထွက်လာပေသည်။
“ငါ့သားတော် သီပေါမင်းသားသည် ကုန်းဘောင်နန်းရိုးနေမျိုးစစ်ဖြစ်ခြင်း၊ ပိဋကတ်သုံးပုံကို ချောက်ချားလျှက် သုံးကြိမ်တိုင် ပထမပြန်ဆို၍ သာသနာကိုဘထမ်းရွက်နိုင်ခြင်း လောကဓမ္မကျေပွန်သဖြင့် နောင် ငါနှင့်ထပ်တူ တိုင်းပြည်နိုင်ငံကို အုပ်စိုးနိုင်မည့် နှလုံးလက်ရုံး ဘုန်းပညာလက္ခဏာနှင့်ပြည့်စုံခြင်းနှင့်အညီ သာသနာရေး၊ တိုင်းရေး၊ပြည်ရေး တို့ကိုဆောင်ရွက်စေခြင်းငှာ အိမ်ရှေ့ဥပရာဇာအဖြစ် ဆောင်နှင်းတော်မူမည်။
အိမ်ရှေ့မင်းအဆောင်အယောင်အခမ်းအနား၊ ဝန်၊ ဝင်းမှူး၊ အတွင်းဝန်မှစ၍ သင်းစု ပင်းစုပေးဖွဲ့ရန်စာရင်းကို လည်းသွင်း…”ဟူ၍ အမိန့်တော်၌ ပါရှိလေသည်။
(ဦးမောင်မောင်တင်မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း)
ထိုအမိန့်တော်ကို အမှန်ပင် မင်းတုန်းမင်း၏ သဘောဖြင့် ထုတ်သည် (သို့မဟုတ်) ဆင်ဖြူမရှင်၏ သဘောအတိုင်း မင်းတုန်းမင်းအား အသိမပေးပဲ ထုတ်သည်ဟူ၍ ဝိဝါဒကွဲပြားကာ တပ်အပ်သေချာမသိသော်ငြား ထိုရက်နောက်ပိုင်းတွင် မင်းတုန်းမင်းသည်ရောဂါမှ အနည်းငယ်သက်သာလာခဲ့လေသည်။
ထိုအခါ အခြေအနေကို စောင့်ကြည့်နေသည့် လင်ပန်း၊သက်ပန်း၊ ခုနှစ်ရွာနှင့် မြောက်ရွှေရေးစသော မိဖုရားတို့ကမှန်နန်းဆောင်အတွင်းရအောင် ဝင်ရောက်ကာ မင်းသားတို့ဖြစ်ပျက်ပုံကို တင်လျှောက်ကြလေသည်။မင်းတုန်းမင်းသည် ချက်ချင်းပင် မင်းသားတို့ကို လွှတ်ပေးရန်အမိန့်ထုတ်လိုက်သည်။ သက်ဆိုင်ရာကလည်း လွှတ်ပေးခဲ့ရသည်။
မင်းသားတို့ နန်းတော်အတွင်းရောက်လာရာ မင်းတုန်းမင်းကြီး ကျန်းမာရေးအားနည်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် မက္ခရာမင်းသားကြီးတစ်ဦးသာလျှင် သလွန်တော်အနီး ကပ်ခွင့်ရခဲ့သည်။ မင်းတုန်းမင်းမှာ သားတော်တို့၏ အခြေအနေမှန်ကို သဘောပေါက်စပြုမိသည်နှင့် အားနည်းနေသည့်ကြားမှသားတော်ကြီးမက္ခရာမင်းသားကို ကျောက်ဆည်နှင့် တောင်ငူကြားဒေသတွင် လည်းကောင်း၊
သုံးဆယ်မင်းသားကို ဗန်းမော်နှင့် ရွှေဘိုကြားဒေသတွင် လည်းကောင်း၊ ညောင်ရမ်းမင်းသားကို မြင်းခြံနှင့်မြေထဲကြား ဒေသကိုလည်းကောင်း ဘုရင်ခံအဖြစ် အသီးသီးခန့်အပ်ကာ
သူတို့အတွက် လိုအပ်မည့် အထည်အအုပ် နှင့် ငွေတော်ထုတ်ပေးရန်၊ လွှတ်တော်စာရေးတစ်ဦးစီ လိုက်ပါသွားရန်နှင့် သင်္ဘောတစ်စီးစီ ယူဆောင်ကာ ကိုယ့်နယ်၊ ကိုယ့်ဒေသကို လွတ်လပ်စွာ အုပ်ချုပ်ရန်၊ ကျန်မင်းသား မင်းသမီး ဆွေတော်မျိုးတော်များမှာမူ သူတို့ဆန္ဒရှိရာ ဘုရင်ခံအောက်တွင်
နေထိုင်အမှု့ထမ်းနိုင်ကြောင်း အမိန့်တော်ချမှတ်ခဲ့သည်။
သို့သော် ပြန်လွတ်လာသော မင်းသားများအားလုံးဘုရင့်ရှေ့မှောက်မှ ထွက်၍ နန်းတော်အပြင်မရောက်ခင်၌ပင် ဆင်ဖြူမရှင်နှင့် မှုးမတ်တို့က ထပ်မံဖမ်းဆီးခြင်းခံရလေသည်။ မင်းတုန်းမင်းကား အခြေအနေဆိုးမှအတတ်နိုင်ဆုံးစီမံနိုင်ခဲ့ပြီဟု ဘဝင်ကျထင်မှတ်လျှက် နန်းသက်တလျှောက် လှူဒါန်းခဲ့သမျှ ကောင်းမှု့ကုသိုလ်တော်စာရင်းကို ဖတ်ကြားတင်လျှောက်ချက်ကို ကြားနာရင်း ၁၈၇၈ခုနှစ်၊ အောက်တိုဘာလ ၁ရက်၊အင်္ဂါနေ့ နေ့လည်ခင်းတွင် နတ်ရွာစံတော်မူလေသည်။
နေပြည်တော်တွင် မင်းတုန်းမင်း အပြင်းအထန်နာမကျန်းဖြစ်နေခိုက် မင်းသားများကို ဖမ်းဆီးခေါ်ဆောင်နေစဉ်မှာပင် အထက်မြန်မာနိုင်ငံအတွက် သာသနာပြုရန် ခရစ်ယာန်ဘုန်းတော်ကြီး
ဂျိမ်းအဲဖရက်ကောလ်ဘက် (Jame Alfred Colbeck)သည် ၁၈၇၈ခုနှစ်၊ သြဂုတ်လအတွင်း မန္တလေးနေပြည်တော်သို့ရောက်ရှိလာခဲ့၏။
၁၈၇၈ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် ကောလ်ဘက်၏ နေအိမ်သို့ ဆင်းရဲသားကူလီတစ်ဦးရောက်ရှိလာခဲ့သည်။ ကောလ်ဘက်က “အသင်ဘယ်သူလဲ”ဟု မေးသောအခါ “ညောင်ရမ်းမင်းသားပါ၊ ကျွန်ုပ်အားကူညီပါ”ဟု ကူလီယောင်ဆောင်ထားသော ညောင်ရမ်းမင်းသားက ပြန်ဖြေသည်။
ညောင်ရမ်းမင်းသားနှင့်အတူ ကြင်ယာတော်၊ သမီးတော်နှစ်ပါး၊ သားတော်တစ်ပါးနှင့် အခြွေအရံများ အဝတ်အစား ညှိုးနွမ်းစွာ ဝတ်ဆင်လျှက် ပါရှိလေသည်။ ဘုန်းတော်ကြီးကောလ်ဘက်က ညောင်ရမ်းမင်းသားအား လုံခြုံရာအရပ်သို့ လျို့ဝှက်ပို့ဆောင်ပေးခဲ့ပုံကိုသူ၏ “မန္တလေးမှပေးစာများ”စာအုပ်တွင် အသေးစိတ်အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်။
ကောလ်ဘက်အနေနှင့် မိမိ၏နေအိမ်ကို ဘုရင့်တပ်သားများ လာရောက်ရှာဖွေတော့မည်ကို တွက်ဆထားပြီး ဖြစ်သည်။ ထိုစဉ်တွင် ညောင်ရမ်းမင်းသားနှင့် မိသားစု၊ အခြွေအရံများ ထွက်ပြေးသွားပြီကို ကြိုတင်ကြံစည်ရင်းထားရှိပြီးဖြစ်သော ညီတော်ညောင်အုပ်မင်းသားနှင့် မိသားစုတို့ကို လူချင်းခွဲစေပြီး
သူတို့မှာ ဗြိတ်ိသျှသံတဲအတွင်း ဦးစွာခိုဝင်နိုင်ခဲ့ပြီဖြစ်သဖြင့် နေပြည်တော်အတွင်း အစောင့်အကြပ်များ ပိုမိုထူထပ်စွာ ချထားသဖြင့် ညောင်ရမ်းမင်းသားနှင့်အဖွဲ့မှာ ရုပ်ဖျက်ကာ ကောလ်ဘက်နေအိမ်သို့ ရောက်ရှိခိုဝင်ခဲ့ကြခြင်းဖြစ်သည်။
ညောင်ရမ်းမင်းသားကို လိုက်လံ ဖမ်းဆီးနိုင်ရန်အတွက်လည်း တပ်သားများစေလွှတ်ချထားလိုက်သည်။ထို့ကြောင့် ညနေမှောင်စပျိုးအချိန်တွင် ကောလ်ဘက်က ညောင်ရမ်းမင်းသားကို
တမီးလ်လူမျိုးအစေခံတစ်ဦးကဲ့သို့ ဝတ်ဆင်စေသည်။ထိုအချိန်တွင် မိုးဖွဲဖွဲကျလျှက်ရှိရာ ရာမဆွာမိအမည်ခံညောင်ရမ်းမင်းသားအား မီးအိမ်ကို ကိုင်စေပြီး အင်္ဂလိပ်သံတဲသို့ ခေါ်ဆောင်သွားလေသည်။
ပတ်ဝန်းကျင်မှ မရိပ်မိစေရန်လည်း ကောလ်ဘက်က မင်းသားအား အရှင်သခင်နှင့် အစေခံတစ်ဦးပြောဆိုနေကျပုံစံအတိုင်း လမ်းတလျှောက်လုံး ဆူပူကြိမ်းမောင်း၍ ခေါ်ဆောင်လာခဲ့သည်။
ဤသို့ဖြင့် ဘုန်းတော်ကြီးကောလ်ဘတ်သည် အင်္ဂလိပ်သံဝင်းအဝင်ဝတွင် ထူထပ်စွာ စောင့်ကြပ်ကြည့်ရှု့နေသော မြန်မာစစ်သည်တို့ ရှေ့မှဖြတ်ကျော်ကာ ညောင်ရမ်းမင်းသားကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်ခဲ့သည်။
နောက်တနေ့တွင် ညောင်ရမ်းမင်းသား၏ သမီးလတ် ထိပ်တင်လတ်မင်းသမီးကို ယောင်္ကျားလေးကဲ့သို့ဝတ်ဆင်စေပြီး ကောလ်ဘက်နောက်မှ စာအုပ်များကိုင်ခိုင်းကာ လိုက်ပို့ပေးရဟန်ဖြင့် ခမည်းတော်ရှိရာ ဗြိတိသျှသံတဲအတွင်း ခေါ်ဆောင်နိုင်ခဲ့သည်။
ညောင်ရမ်မင်းသား၏ ထိပ်တင်ကြီးကိုလည်း ထိုနည်းတူဝတ်ဆင်စေပြီး ခရစ်ယာန်ဘာသာဝင်ကျောင်းသားလေးတစ်ဦးနှင့်အတူ သံတဲသို့ ပို့ပေးခဲ့သည်။ကောလ်ဘက်သည် ညောင်ရမ်းမင်းသား၏ ကြင်ယာတော်ကိုမူ ကျောက်မျက်ရတနာပွဲစားတစ်ဦးအသွင် ရုပ်ဖျက်စေပြီး သံတဲသို့ ပို့ဆောင်ပေးရာ လမ်းတွင် မြန်မာမင်းမှု့ထမ်းတစ်ဦးသင်္ကာမကင်းဖြစ်ပြီး အဖော်လိုက်ပါလာသည့် တရုတ်လူငယ်နှင့် မြန်မာလူငယ်တို့ကို ဖမ်းဆီးခံရပြီး မင်းသမီးမှာကံအားလျော်စွာ လွတ်မြောက်ခဲ့ရသည်။
ထိုနည်းဖြင့် ညောင်ရမ်းမင်းသား၏ ယောက္ခမအပါအဝင် နောက်ပါ၁၂ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။
ညောင်ရမ်းမင်းသားကြီးကိုယ်တိုင် မိမိမှာ ဘုန်းတော်ကြီး
ကောလ်ဘက်ပေးသည့် အသက်သာရှိတော့ကြောင်း ကျေးဇူးတင် အထပ်ထပ်ဆိုခဲ့သည်ဟု သိရ၏။
မြန်မာအာဏာပိုင်တို့သည် မင်းသားနှစ်ပါး ထွက်ပြေးလွတ်မြောက်သွားသည့်သတင်းကို ကြားသိရသည့်အချိန်မှစ၍ ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ကြသည်။ဗြိတိသျှကိုယ်စားလှယ် အရေးပိုင် ရောဘတ်ဘာကလေရှော(Robert Barkley Shaw)ထံ မင်းသားနှစ်ပါးကိုပြန်လည်အပ်နှံရန် တောင်းဆိုသည်။
မစ္စတာရှောကလည်း မင်းသားနှစ်ပါးမှာ ဗြိတိသျှပိုင်နက်သို့ခိုဝင်ရောက်ရှိလာသူများဖြစ်သဖြင့် ၎င်းတို့အသက်ကိုကာကွယ်ပေးရန် တာဝန်ရှိကြောင်း ပြန်လည်တင်ပြသည်။ထိုအခါ ရန်အောင်မြင်ဝန်ထောက်က မင်းသားများကို အတင်းအကြပ်ဝင်ရောက်ဖမ်းဆီးရန် စီမံရာ ကင်းဝန်မင်းကြီးက ကန့်ကွက်သဖြင့် လုယူရန်အကြံပျက်ခဲ့ရသည်ဟု အဆိုရှိသည်။
၁၈၇၈ခုနှစ်၊ အောက်တိုဘာလ၂၆ရင်နေ့တွင် ဗြိတိသျှသံတဲသို့ မြို့သာဝန်ထောက်ရောက်ရှိလာပြီး မစ္စတာရှောနှင့်တွေ့ဆုံကာ သီပေါမင်းတရားမှ ညောင်ရမ်းမင်းသားထံ ပေးပို့သော စာတစ်စောင်ကိုယူဆောင်လာခဲ့သည်။
ထိုစာတွင် ညောင်ရမ်းမင်းသားအား နန်းတော်သို့ပြန်လာရန် ဘေးအန္တရာယ်အပေါင်းမှ လုံခြုံစိတ်ချရကြောင်းနှင့် မိမိတို့သဘောဆန္ဒကိုလည်း ပြန်ကြားပါရန်တိုက်တွန်းထားသည်
မင်းသားနှစ်ပါးကလည်း သီပေါမင်း၏ သနားညှာတာမှု့ကို ကျေးဇူးတင်ကြောင်း ၎င်းတို့ပိုင် ဘုရားဆင်းတုတော်များနှင့် စာပေကျမ်းဂန်များကို ယူဆောင်ပြီး ဗြိတိသျှ ပိုင်နက်တွင် သွားရောက်နေထိုင်ရန်သာ ဆန္ဒရှိပါကြောင်း စာပြန်ကြားခဲ့သည်။
ဗြိတိသျှသံတဲမှ ဘေးရန်ကင်းရှင်းစွာ ထွက်ခွာခွင့်ပြုပါရန် မစ္စတာရှောနှင့် မြန်မာအာဏာပိုင်များ အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ၁၈၇၈ ခုနှစ်၊ နိုဝင်ဘာလ၁၄ရက်နေ့တွင် ညောင်ရမ်းမင်းသားနှင့် ညောင်အုပ်မင်းသားတို့ကို ၎င်းတို့၏ မိသားစုများနှင့်အတူ မန္တလေးနေပြည်တော်မှ ထွက်ခွာခွင့်ပြုလိုက်ပါသည်။
နေပြည်တော်မှ ထွက်ခွာသည့် အစီအစဉ်တွင် ရှေ့ဆုံးမှ
မြန်မာအရာရှိစစ်သည်များ ထို့နောက် ညောင်ရမ်းမင်းသားနှင့် ၎င်း၏မိသားစုများ စီးနင်းလိုက်ပါသည့် နွားလှည်း၊ထို့နောက် ညောင်အုပ်မင်းသားနှင့် ၎င်း၏မိသားစုများလိုက်ပါလာသော နွားလှည်း၊ထို့နောက် အင်္ဂလိပ်လက်ထောက်သံအရာရှိ၊ ဆရာဝန် နှင့် ဘုန်းတော်ကြီးကောလ်ဘက်၊နောက်တွင် မင်းသားတို့၏ အခြွေအရံများနှင့်ပစ္စည်းများတင်ဆောင်လာသည့် လှည်းပေါင်း ၁၃စီးတို့ အစဉ်အတိုင်းဗြိတိသျှသံတဲဝန်းမှ ဧရာဝတီမြစ်ဆ်ိပ်သို့ ထွက်ခွာလာခဲ့ကြသည်။
မြို့သူမြို့သားများလည်း လာရောက်ကြည့် ရှု့ခဲ့ကြသည်ဟု သိရှိရသည်။ ကောလ်ဘက်က ညောင်ရမ်းမင်းသား ခံစားရပုံကိုလည်း ဤသို့မှတ်တမ်းတင်ထားခဲ့သည်။ “ညောင်ရမ်းမင်းသားသည် အမိမြေမှ စွန့်ခွာသွားရမည့် အရေးအတွက် ဝန်လေးကာ ပူဆွေးနေဟန်ပေါ်နေပုံရပြီး မည်သည့်အရပ်ဒေသသို့ သွားရမည်ကိုလည်းသိရှိပုံ မရသေးသဖြင့် ဝမ်းနည်းနေပုံရသည်။
အသက်၁၀နှစ်အရွယ် မင်းသားလေးထိပ်တင်ဦးစွန်းနှင့်
အသက်၁၂နှစ်အရွယ် မင်းသမီးလေး ထိပ်တင်မကလေးတို့
မှာ ကျွန်ုပ်အား များစွာချစ်ခင်နေရှာသည်ဟု ညောင်ရမ်း
မင်းသားက ပြောကြားကြောင်း “ရေးသားဖော်ပြခဲ့ပါသည်။မင်းသားတို့သည် လိုက်ပါပို့ဆောင်ကြသူများကို မြစ်ဆိပ်တွင် အနည်းငယ်ကြာနှုတ်ဆက်ခဲ့ကြပြီးနောက် ရန်ကုန်သို့ ပို့ဆောင်မည့် သင်္ဘောပေါ်သို့ တက်ရောက်သွားခဲ့ကြလေသည်။
ရန်အောင်မြင်မြို့စာဝန်ထောက် ဦးအိုကအတင်းအကြပ်လုယူရန် ကြံစည်တင်ပြခဲ့သော်လည်းကင်းဝန်မင်းကြီးက ကန့်ကွက်ခဲ့ပြီး ထိုနေ့က ညောင်ရမ်းညောင်အုပ်မင်းသားတို့ကို အင်္ဂလိပ်သံတဲမှ
မြစ်ဆိပ်ရှိ တုလွတ်ယာဉ်ပျံမီးသင်္ဘောတွင်တင်၍ အင်္ဂလိပ်ပိုင်နက်အရောက် စာရေးတော်ကြီးဦးဖိုးလှ၊ခန်းပတ်ဝန်ဟောင်းဦးကြယ်တို့နှင့်အတူ တောင်မာရဘင် သေနတ်အမှု့ထမ်း၂၀၀ ဝန်းရံ စောင့်ရှောက်လိုက်ပို့စေသည်တို့ကို သီပေါဘုရင်ကြားသိရသောအခါ ကင်းဝန်မင်းကြီးအပေါ် သင်္ကာမကင်းရှိသည်ဟု ဆို၏။
များမကြာမီ အင်္ဂလိပ်တို့သည် ညောင်ရမ်း၊ ညောင်အုပ်မင်းသားညီနောင်တို့အား မိသားစုနောက်ပါအခြွေအရံတို့နှင့်အတူအန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ ပို့ဆောင်ပေးခဲ့သည်။မန္တလေးနေပြည်တော်၌လည်း ကင်းဝန်မင်းကြီးသည် မူလအကြံအစည်ဖြစ်သော စည်းမျဉ်းခံ ဘုရင်စံနစ်ကို အကောင်အထည် မဖော်နိုင်ရုံသာမက စစ်လိုလားသော တိုင်တားမင်းကြီးနှင့် မိဖုရားကြီးစုဖုရားလတ်တို့တန်ခိုးသြဇာထက်မြက်နေသဖြင့် မိမိသြဇာညတဖြည်းဖြည်း ကျဆုံးလျှက် ရှိသည်။
ထိုအတွင်းမိမိအားထောက်ခံသူများဖြစ်သည့် ပထမရေနံချောင်းမြို့စားဝန်ကြီး၊ မကွေးမြို့စားမင်းကြီးဦးလှိုင်၊မြို့သစ်မြို့စားဝန်ထောက်ဦးဖီတို့အား အရာချကာ အချုပ်နှင့်ထားသဖြင့် အရှင်နှစ်ပါးအပေါ်များစွာစိတ်နာခဲ့ကာ အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။ ထိုအကြံမှာ ကင်းဝန်မင်းကြီးဦးကောင်း၊မင်းတုန်းမင်းကြီး၏ မိဖုရားကြီးတစ်ဦးနှင့်ထိုမိဖုရားကြီး၏ သမီးတော်ကြီးတို့ ၃ဦးတိုင်ပင်ကာ အန္ဒိယရှိ
ညောင်ရမ်းမင်းသားတို့ထံ ဆက်သွယ်ခဲ့ကြသည်။
ညောင်ရမ်းမင်းသားတို့ထံ ဥစ္စာပစ္စည်းများ လျှို့ဝှက်ပေးပို့ခဲ့ပြီး “ယင်းတို့ကို ထုခွဲစရိတ်ပြုပြီးအထက်မြန်မာနိုင်ငံကို ကြံပါ အလွယ်နှင့်ရပါစေမည်”ဟုအကြောင်းကြားလိုက်သည်။(ညောင်ရမ်းမင်းသားတို့အောင်မြင်သောအခါ ထိုကြံရာပါမင်းသမီးနှင့် လက်ထပ်နန်းတင်ရန်ကြံရင်းရှိပြီး ပေးပို့သော ရတနာပစ္စည်းများမှာလည်း အများစုမှာ ထိုမင်းသမီး၏ ပစ္စည်းများပင် ဖြစ်သည်။)
ထိုပစ္စည်းများကို မြင်ကွန်းမင်းသားအရေးတော်ပုံကပါလာပြီး အထက်မပြန်ဝံ့ပဲ မှော်ဝန်းကျောက်တန်းမြို့နယ်ပျဉ်းမကန်ရွာအညာစုတွင် အခြေချနေထိုင်သောတောင်သာဗိုလ်မှ တဆင့် အန္ဒိယသို့ လူလွှတ်အပို့ခိုင်းစေခဲ့သည်။
ထိုတောင်သာဗိုလ်ထံ မရောက်မီ ၎င်းပစ္စည်းပို့သူတို့ တစ်ထောက်နားသည့်နေရာမှာ ရန်ကုန်မြို့၊ ပုဇွန်တောင်မောင်းတန်းရပ် လှေသူကြီးဦးစိုး၏ အိမ်ဖြစ်ပြီးဦးစိုးသည် အင်္ဂလိပ်ပိုင်ရန်ကုန်၌၍ မြူနီစပယ်မပေါ်သေးမီ မြို့ရွာ အုပ်ချုပ်ရေးကော်မတီလူကြီးလည်းဖြစ်ရာ ကင်းဝန်မင်းကြီးထံမှ ညောင်ရမ်းမင်းသားသို့ ပေးပို့သည့် ဘဏ္ဍာများနှင့်အတူ ကင်းဝန်မင်းကြီး မိဖုရားဟောင်းနှင့်သမီးတော်တို့၏ဓာတ်ပုံများစာများကိုပါ သိရှိရကာ
အင်္ဂလိပ်တို့ထံ ပေါက်ကြားသတင်းရရှိခဲ့သည်ဟု ဆိုသည်။
၁၈၇၉ခုနှစ်တွင် ညောင်ရမ်းမင်းသားသည် အန္ဒိယ မှ ရန်ကုန်မြို့သို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာကာ ဗြိတိသျှမဟာဝန်ရှင်တော်မင်းကြီးနှင့် တွေ့ဆုံခဲ့ပြီးအထက်မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်တိုက်ခိုက်လိုသဖြင့် မိမိအားလိုအပ်သည့်အကူအညီပေးပါရန် တောင်းဆိုခဲ့သည်။
နယ်ချဲ့အာဏာပိုင်တို့ကလည်း အချိန်မတန်သေးဟုသောအကြောင်းပြချက်ဖြင့် မင်းသား၏ တောင်းဆိုချက်ကိုပယ်ချကာ ကလကတ္တားနယ် မူရှေဒါဗက်ခရိုင်ဗာဟမ်ပူးလ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ထို့အတူ ညောင်အုပ်မင်းသားသည်လည်း အန္ဒိယတွင်ခေတ္တသာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာ၍ အထက်မြန်မာနိုင်ငံ နယ်ခြားအောက်မြစ်စဉ်အစွန် ဒဂုံမော်နယ်ခြားကျောက်တိုင်အနီး လူသူအင်အားစုဆောင်းကာ မြေထဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထို့အခါ၌လည်း အင်္ဂလိပ်အစိုးရက ညောင်အုပ်မင်းသားကိုအန္ဒိယသို့သာ ပြန်လည်ပို့ဆောင်ခဲ့ပြန်သည်။
အင်္ဂလိပ်တို့ သဘောထားမှာ မင်းသားတို့ ဦးဆောင်မှု့ဖြင့်
နန်းသိမ်းရန်ကို အားမပေးလိုပဲ ကိုယ်တိုင်သိမ်းပိုက်ကာ မင်းသားတို့ကို ဟန်ပြအဖြစ်အသုံးချရန်သာ ရည်ရွယ်ရင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။ထို့ကြောင့်လည်း ကင်းဝန်မင်းကြီးထံညောင်ရမ်းမင်းသားမှ အကြောင်းပြန်ကြားစာအတု
ပြုလုပ်ပြီး”သင့်တော်သောအချိန်တွင် အထက်မြန်မာပြည်ကို
ကြံပါမည်” ဟု အင်္ဂလိပ်အစိုးရက အကြောင်းပြန်ကြားခဲ့သည်ဆို၏။
ထိုအကြောင်းကိုမူ ညောင်ရမ်းမင်းသားတစ်စုံတစ်ရာမသိရှိပေ။ နောင်တချိန်တွင် ထိုမင်းသားတို့ကို သူတို့ လိုအပ်သလိုအသုံးချရန် ရည်ရွယ်ရင်းရှိလေသည်။ထိုသို့ဖြင့်ညောင်ရမ်းမင်းသားကြီးသည် အန္ဒိယနိုင်ငံ မူရှီဒဘတ်ခရိုင် ဗားဟန်ပူလ်မြို့တွင် သက္ကရာဇ်၁၃၄၇ခုနှစ်(ခရစ်-၁၈၈၅ခုနှစ်)နယုန်လ သက်တော်၃၈နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပြီး ညီတော်ညောင်အုပ်မင်းသားသည်လည်း ၁၂၅၉ခုနှစ်(ခရစ်၁၈၉၇ခုနစ်)တွင် အဆိုပါမြို့၌သက်တော်၄၈အရောက် ကံတော်ကုန်ခဲ့ပါသည်။
မင်းသားနှစ်ပါးလုံးကို ထိုအရပ်၌ပင် ဂူသွင်းသဂြိုလ်ခဲ့ပြီး အုတ်ဂူနှစ်လုံးယှဉ်လျှက် အန္ဒိယနိုင်ငံ၊ မာရရှီဒါဘတ်ခရိုင်(Murshidabad) ဘာဟမ်းပူးလ်(Berhampore)မြို့လေးတွင် တိတ်ဆိတ်စွာ တည်ရှိခဲ့သည်မှာနှစ်ပေါင်း ၁၀၀ကျော်ခဲ့ပြီဖြ စ်ပါသည်။၎င်းဒေသခံတို့ကမူ မြန်မာ့တော်ဝင်အဆက်အနွယ်တို့အုတ်ဂူဟူ၍သာ သိရှိကြပြီးမည်သူမည်ဝါဟု
အသေအချာ မသိကြတော့ပေ။
၁၈၈၅ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့တပ်များသည်သီပေါဘုရင်အား နန်းချကာ အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ရေး နောက်ဆုံးစစ်ပြုရန် ချီတက်လာသောအခါ မော်လမြိုင်မြို့ဝန်ထောက်ဦးအုန်း၏သား စကားပြန်ဦးဘသန်းဆိုသူကို မင်းညီမင်းသားဟန်ပန် ဝတ်ဆင်စေပြီး ညောင်ရမ်းမင်းသားအသွင်ဟန်ဆောင်စေလျှက်သင်္ဘောဦးတွင် တင်ဆောင်လာခဲ့ပါသည်။ဤသို့ဖြင့်အထက်မြန်မာနိုင်ငံရှိ မြန်မာတို့စိတ်ထဲတွင် ညောင်ရမ်းမင်းသားချီတက်လာပြီဟု ထင်မြင်စေရန်လှည့်ဖျားခဲ့ပါသည်။ကင်းဝန်မင်းကြီး ကိုယ်တိုင်လည်း ထိုသို့ထင်မြင်ခဲ့ပုံရလေသည်။
သို့ကြောင့်လည်း မြင်းခြံအထက်မြစ်စဉ်ရှိ အင်းဝခံတပ်၊
စစ်ကိုင်းခံတပ်၊ သပြေတန်းခံတပ် တို့ကို မခုခံရန်
အမိန့်ထုတ်ဆင့်ခဲ့သည်။ မန္တလေးဂေါဝိန်ဆိပ်အရောက်၌ ကင်းဝန်မင်းကြီးက ညောင်းရမ်းမင်းသား ဟုတ်မဟုတ်
စုံစမ်းရန်မှုးမတ်တို့ကိုဘစေလွှတ်ခဲ့ရာ သင်္ဘောပေါ်သို့ ညနေ၃နာရီခန့်မှဘမိုးချုပ်သည်အထိဘစောင့်နေသော်လည်း ညောင်ရမ်းမင်းသားကိစ္စတစ်ခုဖြင့်ဘတစ်နေရာသို့သွားရောက်နေကြောင်းပြောကာ ပြန်ခဲ့ကြရသည်
ဟုဆိုသည်။
ဤအတောအတွင်း အင်္ဂလိပ်တပ်က နန်းတော်ကို
ဝိုင်းထားပြီး ဖြစ်သည်။ ကာနယ်စလေဒင်က သီပေါမင်းကို
ရှေးဦးစွာဘစာချုပ်ပြီး ပြန်ပါမည်ဟု ဆိုသော်လည်း
နောက် တောင်ဥယျာဉ်သို့ ဆင်းတော်မူပါ နောက်ရေဆိပ်သင်္ဘောပေါ်သို့ ဆင်းတော်မူပါ တဖြည်းဖြည်းဆောင်ယူခဲ့ရာ သီပေါမင်းရေဆိပ်သင်္ဘောပေါ်ရှိနေစဉ် ပင်းယမင်းသမီးက အခြားသင်္ဘောတစ်စင်းဦးပိုင်းတွင် ရှိသူမှာ ညောင်ရမ်းမင်းသားဟု ပြောကြကြောင်း၊သီပေါဘုရင်ကို နန်းချပြီး ညောင်ရမ်းမင်းသားကို
နန်းတင်မည်ဟု ပြောကြကြောင်း လျှောက်တင်လေသည်။
ထိုအခါ သီပေါမင်းက ကိုယ်တော်တိုင်ထ၍ သင်္ဘောခန်းတရုတ်ကပ်ကို လှစ်ကြည့်တော်မူ၍”နောင်တော်ညောင်ရမ်းမင်းမဟုတ်ပါဘူး။ ငါ့နောင်တော်ကို ငါသိပါတယ်။ဘယ်ကလူမှန်းမသိပါဘူး”ဟု မိန့်ဆိုတော်မူသောဟူ၏။(သီပေါမင်း၏အပါးတော်မြဲဦးစံရွှေ၏ ဂီရိရတနာမှ)
ဤသို့ဖြင့် ကုန်းဘောင်မင်းဆက်၏ နိဂုံးနှင့်အတူ
ညောင်ရမ်းနှင့်ညောင်အုပ်မင်းသားတို့ ညီနောင်တို့သည်လည်း တိုင်းတစ်ပါး၌ မထင်မရှားကံကုန်ကာ ဘဝနိဂုံးချုပ်ခဲ့ရရှာပါသည်။ မြန်မာတို့၏ အချုပ်အခြာအာဏာနှင့်
လွတ်လပ်ရေးကိုလည်း ဗြိတိသျှတို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ပါတော့သည်။
စာကိုး။ ဦးမောင်မောင်တင် “ကုန်းဘောင်ဆက်မဟာ
ရာဇဝင်” (တတိယတွဲ)
အမျိုးသားပညာဝန်ဦးဖိုးကျား”သီပေါမင်း
ပါတော်မူအရေးတော်ပုံ”
ဒေါက်တာသန်းထွန်း”နယ်လှည့်ရာဇဝင်”
တိုက်စိုး”မင်းတုန်းမင်း”
ဒေါက်တာကျော်ဝင်း”နှစ်လေးဆယ်သမိုင်း
ရှာပုံတော်”တို့မှ ကောက်နှုတ်ဖော်ပြပါသည်
” ညောင်ရမ်းမင်းသား ဟန်ဆောင်လာသူ ”
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်သော ရတနာပုံ နေပြည်တော်၏ နောက်ဆုံးမြန်မာမင်းဆက် သီပေါမင်းကို နန်းချရန် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ဗြိတိသျှစစ်သင်္ဘောဦးရှေ့ ထိုင်ခုံတွင် မြန်မာလူငယ်တစ်ဦး အား ညောင်ရမ်းမင်းသားဟန် ဝတ်ဆင်စေ၍ တင်ဆောင်လာခဲ့ကြောင်းကို စာအုပ်စာတမ်းများ၌ ဖော်ပြခဲ့ကြသည်ကို
တွေ့ရသည်။
ညောင်ရမ်းမင်းသားနှင့် ညီတော်ညောင်အုပ်မင်းသားတို့သည် မင်းတုန်းမင်း နှင့် ဒုတိယ၊ မြေဟက်ရွှေရေးဆောင် မိဖုရားတို့က ဖွားမြင်သူ ညီနောင်နှစ်ပါး ဖြစ်သည်။
သီပေါမင်းနန်းတက်စတွင် နန်းတွင်းရေးအရှုပ်အထွေးများကြောင့် ညောင်ရမ်းနှင့် ညောင်အုပ်မင်းသားတို့သည် ဗြိတိသျှတို့ အကူအညီဖြင့် သံတဲဝင်းထဲသို့ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။ ဗြိတိသျှအာဏာပိုင်တို့က မင်းသားညီနောင်အား အန္ဒိယနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ကျန်မင်းသားအများစုမှာ ကွပ်မျက်စီရင်ခြင်းခံကြရလေသည်။ ညောင်ရမ်းနှင့်ညောင်အုပ်မင်းသားများ ထွက်ပြေးလွတ်မြောက်သွားသောအခါ မယ်တော်
ရွှေရေးဆောင်မိဖုရားနှင့် နှမတော်ကျောက်ဆောက်မင်းသမီးတို့ကို ထောင်သွင်းအကျဉ်းချထားခြင်း ခံခဲ့ရသည်။
ဗြိတိသျှတို့က မင်းသားညီနောင်အား အန္ဒိယနိုင်ငံသို့ ပို့ထားပြီး အခြေအနေပေးလျှင် သီပေါမင်းနှင့် လဲလှယ်နန်းတင်ပေးမည်ဟုလည်း အယုံသွင်းထားခဲ့ကြ၏။ညောင်ရမ်းမင်းသား၌ အန္ဒိယနိုင်ငံ၌ နေထိုင်စဉ်အတွင်း ၂၆ရက်၊ ဇွန်လ၊ ၁၈၈၅ခုနှစ်တွင် ကံတော်ကုန်ခဲ့၏။ ယင်းကိစ္စကို ဖုံးဖုံးဖိဖိလုပ်ထားသည်ဆို၏။ ထိုစဉ်က မန္တလေးရတနာပုံနေပြည်တွင် သီပေါမင်း စိုးစံနေဆဲ ဖြစ်သည်။
၂၈ရက်၊ နိုဝင်ဘာလ၊ ၁၈၈၅ခုနှစ်တွင်သီပေါမင်းအား ဖမ်းဆီးနန်းချမည့် ဗြိတိသျှစစ်သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာကြသောအခါ မြန်မာလူငယ်တစ်ဦးကို ညောင်ရမ်းမင်းသားဟန်ဆောင်စေလျှက် သင်္ဘောဦးတွင် ကုလားထိုင်ပေါ်ထိုင်စေ၍ တင်ဆောင်လာခဲ့သည်။ ဤတွင် ကင်းဝန်မင်းကြီး ကိုယ်တိုင် ဆင်ဖြင့် ဂေါဝိန်ဆိပ်ကမ်းသို့ ဆင်း၍ သွားရောက် ကြည့်ရှု့ခဲ့သေးရာ ထိုသူနှင့် တွေ့ခွင့်မရခဲ့ကြောင်း ဆိုသည်။
သီပေါမင်းကိုယ်တိုင်လည်း ဖမ်းဆီးခံရပြီးနောက်
သင်္ဘောပေါ်မှ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော
ညောင်ရမ်းမင်းသားပါသည့် သင်္ဘောကို လှမ်းကြည့်ပြီးနောက် “ဒါညောင်ရမ်းကိုယ်တော်ကြီးမဟုတ်ဘူး။
ဘယ်ကလူလဲ မသိပါဘူး။ ငါ့နောင်တော်ကို ငါမှတ်မိပါတယ် “ဟု မိန့်ဆိုကြောင်း စာအုပ်များတွင် ဖော်ပြခဲ့ကြပါသည်။
သို့သော် ထိုအချိန်က ညောင်ရမ်းမင်းသားကြီးမှာ
ကံတော်ကုန်ခဲ့ပြီ ဖြစ်သည်ကို မြန်မာအစိုးရသို့ တရားဝင် အကြောင်းကြားမှု ရှိခဲ့ကြောင်း နှင့် ၁၁ရက်၊ သြဂုတ်လ
၁၈၈၅ခုနှစ် ရက်စွဲပါ Time of India သတင်းစာတွင်လည်း ညောင်ရမ်းမင်းသားကြီး ကွယ်လွန်အနိစ္စ ရောက်ကြောင်း သတင်းကို ဖော်ပြထားသည်။ မည်သို့ဆိုစေ မြန်မာ့နန်းတွင်း၌ ထိုသတင်းရောက်မလာခဲ့ကြောင်း သိသာလှပေသည်။
သို့သော် ညောင်ရမ်းမင်းသား ဖြစ်စေ၊ ညောင်အုပ်မင်းသား ဖြစ်စေ ဟန်ဆောင်ကာ အင်္ဂလိပ်စစ်သင်္ဘောဦးတွင် တင်ဆောင်လာခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။
ထိုသို့မြန်မာလူငယ်တစ်ဦးကို ဟန်ဆောင်ကာ တင်ဆောင်
လာခဲ့သည်မှာလည်း မြန်မာ့နန်းတွင်းကို လှည့်စား
လိုခြင်းထက် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ပြန်လည် တိုက်ခိုက်ခုခံမည့် မြို့ရွာများ၊ ခံတပ်များ နှင့် မြန်မာလူထုကို အထိုက်အလျှောက် ငြိမ်ဝပ်စေရန် လှည့်စားခဲ့ခြင်း
ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့အပြင် ဤသို့ ညောင်ရမ်းမင်းသားဟန်ဆောင်လာသူမှာလည်း တစ်ဦး မဟုတ် နှစ်ဦးရှိခဲ့၏။ဗြိတိသျှအစိုးရက ပထမဦးစွာ မင်းသားဟန်ဆောင်မည့်သူကို ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့ ဝန်ရှင်တော်မင်းကြီးရုံးမှဝန်ထမ်းဖြစ်သည့် အသက်၂၄နှစ်အရွယ် မောင်ဘိုးကျန် ဆိုသူကို ဦးစွာရွေးချယ်ခဲ့၏။ မောင်ဘိုးကျန်းသည် အသားဖြူဖြူ ရုပ်ရည်သန့်သန့် နှုတ် ခမ်းမွှေးသဲ့သဲ့နှင့်ဖြစ်သည်။ ၇တန်းအောင်မြင်ပြီးနောက် ရုံးစာရေးအဖြစ်
ဝင်ရောက်လုပ်ကိုင်နေသူဖြစ်၏။ သို့ဖြင့် မောင်ဘိုးကျန်ကို မင်းသားကဲ့သို့ ဝတ်ဆင်စေကာ ညောင်ရမ်းမင်းသားအသွင် သင်္ဘောဦးတွင် တင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း
ဆန်တက်လာခဲ့ကြရာ သရက်မြို့အရောက်တွင် ပြဿနာ
ရှိလာခဲ့သည်။
ရန်ကုန်မှ ကျောင်းပိတ်ထားသဖြင့် ဇာတိရပ်ရွာ
သရက်မြို့သို့ ပြန်ရောက်နေသော ဆင်ပေါင်ဝဲ
အကောက်တော်အရာရှိ၏ သား မောင်ဖိန်းသည်
ဗြိတိသျှစစ်သင်္ဘောများ ချီတက်လာရာ ညောင်ရမ်းမင်းသား ပါလာသည်ဆိုသဖြင့် ဖခင်ဖြစ်သူနှင့်အတူ မြစ်ဆိပ်သို့ သွားရောက် ကြည့်ရှု့ကြသည်။ ထိုအခါ ညောင်ရမ်းမင်းသား ဟန်ဆောင်ထားသူမှာ ရန်ကုန်၌ မိမိနှင့်ကျောင်းနေဘက် သူငယ်ချင်း မောင်ဘိုးကျန်ဆိုသူ ဖြစ်နေကြောင်းကို
မောင်ဖိန်း အံ့သြစွာ တွေ့ရလေသည?
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်