ဘဝရှင်နှင့်ဘဝဆုံးရှုံးရသူများ

၁၂၀၈ ခုနှစ်မှာသာယာဝတီမင်းနတ်ရွာစံပြီးနောက်ပုဂံမင်းနန်းတက်လာတယ်။ပုဂံမင်းရဲ့နှမတော်တပင်တိုင်မင်းသမီးစကြာဒေဝီဟာစိတ်ကောင်းနှလုံးကောင်းရှိတယ်။

သူတစ်ပါးရဲ့အသက်သွေးခဲကိုတည်မြဲချမ်းသာအောင်ကယ်တင်ချင်စိတ်ရှိတယ်။ဒါပေမယ့်ပြည်မင်းသားနှင့်သားတော် (၄)ပါးတို့ကိုတော့မကယ်တင်နိုင်ခဲ့ဘူး။

ဘာကြောင့်လည်းဆိုတော့ပြည်မင်းသားကိုဖယ်ရှင်းလိုက်တာမွေးမယ်တော်တောင်ညာစံမိဖုရားခေါင်ကျပင်းမိဖုရားနဲ့အစ်ကိုတော်ရင်းပုဂံမင်းသားတို့၏ကြံစည်မှုအစီအစဥ်ကြောင့်ဖြစ်တယ်။

မရှုမလှခံရပြီးကျန်ရစ်ခဲ့တဲ့ပြည်မင်းသား၏ကြင်ယာတော်ခဲပေါင်မင်းသမီးနှင့်သမီးတော်လေးကိုရွှေလှည်းတော်စေလွှတ်၍သူ့အဆောင်တော်ကိုပြောင်းရွှေ့စံစေတယ်။

“ဆွေတော်မျိုးတော်များရဲ့ဒုက္ခသည်စခန်း” စကြာဒေဝီမင်းသမီး(စုဖုရားကြီး)ရဲ့အဆောင်တော်မှာခိုလှုံရောက်နှင့်နေကြသောဆွေတော်မျိုးတော်များကတော့

၁။ မြတောင်မင်းသမီးရဲ့သမီးတော်ကြီးမင်းမြတ်စိုးအသက် ၂၃ နှစ်။
၂။သမီးတော်အငယ် မင်းမြတ်လှ အသက် ၂၀ နှစ်။

၃။ဘကြီးတော် စစ်ကိုင်းမင်းနှင့်နန်းမတော်မယ်နုရဲ့တစ်ဦးတည်းသမီးမယ်စု(နောင် ဆင်ဖြူမရှင်မိဖုရား)

၄။သာယာဝတီမင်းနှင့်အနောက်နန်းမမြကလေးရဲ့သမီးတော် လှိုင်မင်းသမီး (နောင် လှိုင်ထိပ်ခေါင်တင်)

၅။စကြာမင်းသား၏သမီးတော် ကန္နီထိပ်ခေါင်တင်

၆။ပခန်းမင်းရဲ့မြောက်သားတော် ခင်အုံးပွင့်

၇။ပခန်းမင်းရဲ့သမီးတော် မြင်းခုံတိုင်မင်းသမီး

၈။ပခန်းမင်းရဲ့သမီးတော်ကောင်းတုံမင်းသမီး

၉။ပြည်ထိပ်ထား ခဲပေါင်မင်းသမီး

၁၀။ပြည်ထိပ်ခေါင်တင် (၇)နှစ်တို့ဖြစ်တယ်။

စကြာဒေဝီရဲ့အဆောင်တော်ကားကံနည်းသူတို့၏ခိုလှုံရာအေးရိပ်သာကြီးဖြစ်နေတယ်။စကြာဒေဝီမင်းသမီးရဲ့အကာအကွယ်စောင့်ရှောက်မှုအောက်မှာမြဝတီမင်းကြီးဦးစ လည်းပါတယ်။

သာယာဝတီမင်းကြီးရဲ့လက်ချက်ကြောင့်အသက်ဆုံးရသူယင်းတော်ဝန်ကြီးရဲ့သား မောင်ဘိုးလှိုင် (နောင် ယောအတွင်းဝန်) လည်းပါတယ်။သူတို့ကတော့နန်းတွင်းမှာနေခွင့်မရှိကြပါ။

စကြာဒေဝီမင်းသမီးကတော့ခိုလှုံသူများကိုသူအစွမ်းဆောင်နိုင်ဆုံးကြည့်ရှုစောင့်ရှောက်ပေးတယ်။ သူ့ရဲ့အေးရိပ်သာကိုနောက်ဆုံးရောက်လာတာကတော့ပြည်မင်းသားရဲ့သားတော်အငယ်ဆုံး၊အထိန်းတော်မငြိမ်းသာနဲ့အတူထွက်ပြေးလွတ်မြောက်သွားသူထိပ်တင်တုတ်ဖြစ်တယ်။

ပုဂံမင်းနန်းတက်သောအခါအပျော်အပါးကိုသာအာရုံပြုလျက်ပျော်ပျော်ပါးပါးနေတယ်။နန်းတွင်းမှာလည်းသူနဲ့စရိုက်တူအကြိုက်တူတွေသာတွင်ကျယ်နေပြီးအတိုင်ပင်ခံအကြံပေးများပညာရှင်၊လက်ရုံးရှင်ပုဂ္ဂိုလ်များအရှိန်အဝါနိမ့်ပါးကြရတယ်။

ပုဂံမင်းကသူယုံကြည်စိတ်ချသောကုလားလူမျိုးဘိုင်ဆပ်ကိုအလွန်မြှောက်စားထားတယ်။ဘိုင်ဆပ်ကပုဂံမင်းအကြိုက်ကြက်၊ငှက်ကျွမ်းကျင်သလိုကိုယ်ကျိုးရှာရာမှာလည်းလောဘသတ်နိုင်သူမဟုတ်ပေ။ဒီလိုလူမျိုးကိုပုဂံမင်းကမြို့ဝန်ခန့်ထားတာဖြစ်လို့ပြည်သူတွေဆင်းရဲဒုက္ခရောက်ကြရတယ်။

မငြိမ်းသာနှင့်ထိပ်တင်တုတ်ကတစ်ရွာပြီးတစ်ရွာလှည့်လည်သွားရင်း (၂)နှစ်ခန့်အကြာမှာဘိုင်ဆပ်ရဲ့လက်ပါးစေများကရှာဖွေတွေ့ရှိသွားကြတယ်။မငြိမ်းသာနှင့်သားတော်လေးထိပ်တင်တုတ်ကိုမိသွားပြီးနေပြည်တော်ကိုခေါ်ဆောင်လာမည့်သတင်းကို
“အေးရိပ်သာ”ဆွေတော်မျိုးတော်ဒုက္ခသည်စခန်းကကြားသိလိုက်တယ်။

မင်းသားလေးရဲ့မယ်တော်ပြည်ထိပ်ထားမှာသားတော်လေး
သတင်းကြားရလို့ဝမ်းသာသော်လည်းသားတော်လေးကို
သေဒဏ်ပေးလိုက်မှာစိုးရိမ်စိတ်ဖြင့်အပူပေါ်အပူဆင့်ပြီး
ငေးငိုင်မိန်းမောနေရှာတယ်။

စကြာဒေဝီမင်းသမီးကမမြင်ရက်သောကြောင့်အစ်ကိုတော်
ရွှေနန်းရှင်ရဲ့တောင်ညာစံမိဖုရားခေါင်ကြီးမင်းရွှေကြုတ်ထံ
အခစားဝင်ပြီးမနက်ဖန်မနက်ညီလာခံမှာဘိုင်ဆတ်
လာရောက်အပ်နှံဆက်သမယ့်ကလေးကိုအချိန်မီကယ်တင်ပေးဖို့လျှောက်ထားတောင်းပန်တယ်။

မိဖုရားခေါင်ကြီးက “ကောင်းပြီ ညီမတော်များ၊စိတ်အေးအေးနေပါ။အစ်မတော်ကိုယ်တိုင်ညီလာခံတက်ပါမည်”ကတိစကားပေးလိုက်တယ်။

နောက်နေ့ညီလာခံမှာဘိုင်ဆပ်ကထိပ်တင်တုတ်ကလေးကိုသွင်းလာပြီး “ရန်သူတော်လေးမိလာပါပြီဘုရား”လို့မျက်နှာလို မျက်နှာရသံတော်ဦးတင်တယ်။မိဖုရားခေါင်ကြီးက
“ဘယ်ကရန်သူတော်လဲ။ဒီကလေးကငါတို့တူတော်ကလေး
ပါကလားကွယ်ရို့ “ဟုခတ်ပြတ်ပြတ်မိန့်တော်မူတယ်။

ဘိုင်ဆပ်ကမလျှော့သေးပဲ”ရွှေနားဆင်ပါဘုရား၊ဒီကလေးကိုသီးခြားကွပ်မျက်ရန်မလိုတာကြောင့်ယင်းကိုဆင်အောင်းလမ်းမှာချထားရုံပါပဲဘုရား”လို့ဆင်နင်းသေစေရန်တစ်မျိုးတိုက်တွန်းပြန်တယ်။

သို့သော် မိဖုရားခေါင်ကြီးစကားအလာကိုနားသာတော်မူသောပုဂံမင်းက”အိမ်း ရှိစေ ..ရှိစေ၊ဒီကျန်ရစ်သား ချမ်းသာပါစေကွယ်။သူ့ကိုကောင်းကောင်းစောင့်ရှောက်ထားလိုက်ပါဘိ”
လို့အဆုံးအဖြတ်ပေးလိုက်တယ်။

ဘိုင်ဆပ်ကသားတော်လေးကိစ္စမှာအကြံမအောင်တော့အထိန်းတော်မငြိမ်းသာဖက်လှည့်ပြီးဒုက္ခပေးပြန်တယ်။မငြိမ်းသာဆီမှာရွှေငွေဘဏ္ဍာများပါလာမည်ဟုယူဆပြီးအကောက်ကြံစည်တော့မငြိမ်းသာပြေးရပြန်လေပြီ။ဒီတခါတော့မင်းသားလေးမပါတော့သလိုအသက်အန္တရာယ်ကလည်းမစိုးရိမ်ရတော့ဘူး။

သူ့မယ်တော်ပြည်ထိပ်ထားရဲ့ရင်ခွင်ထဲပြန်ရောက်ပြီ။မငြိမ်းသာတော့သူ့ဇာတိရပ်ရွာကိုမပြေးရဲတော့ဘူး။လက်တံရှည်သူဘိုင်ဆပ်လက်လှမ်းမမီရာအောက်မြစ်ရိုးတစ်လျှောက်ဝေးရာသို့ရုပ်ဖျက်စုန်ဆင်းထွက်ပြေးသွားတယ်။

ဆွေတော်မျိုးတော်များလည်းအသက်ဘေးနှင့်ကြုံရသလို
မငြိမ်းသာတို့လိုနန်းတွင်းသူများမှာရာဇဒဏ်သင့်မှာစိုး၍
ထွက်ပြေးတိမ်းရှောင်နေတယ်။သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်ရဲ့ဆိုးယုတ်မှုကြောင့်ကိုယ်စီကိုယ်ငှဒဏ်ရာဒဏ်ချက်များနှင့်ကြေကွဲစရာပါ။

စကြာဒေဝီမင်းသမီးရဲ့အဆောင်တော်ဟာပူပြင်းလောင်မြိုက်နေတဲ့ဘဝသဲကန္တရကြီးအလယ်ကစိမ်းလန်းစိုပြေအေးချမ်းတဲ့ရေကြည်အိုင်သဖွယ်ဖြစ်နေပါတော့တယ်။

Reference
ကုန်းဘောင်ရှာပုံတော်
စာရေးဆရာကြီး ညိုမြ

crd_to_ DollyTin
နော်ဂဲလယ်ထူး (စာပေပရဟိတ)