အချင်းများအငြင်းပွားခဲ့သော မြန်မာပြည်မြေပုံ

အချင်းများ၍ မျဉ်းတားခဲ့ရသော မြန်မာ့နယ်နိမိတ်

ဖတ်သင့် သိထားသင့်တဲ့ အကြောင်းဖြစ်ပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ မဖော်ပြဖြစ်ခဲ့တဲ့ ပြဿနာ တရပ် ဆရာမြရဲ့ ကျေးဇူးနဲ့ ရေးဖို့ဖြစ်လာပါတယ်

၁၉၄၈ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ တံဆိပ်ခေါင်းမှ မြန်မာနိုင်ငံ မြေပုံဟာ လက်ရှိမြေပုံလိုမဟုတ်ပဲ ခေါင်းရဲ့ ဘယ်ဘက်မှာ ဘုသီးထနေတာကို ဟိုက်လိုက်လုပ်ပြီး တရုပ်နဲ့ မြန်မာ မြေခွဲဝေမှုမှာ မမျှတမှု ရှိမရှိ သိချင်နေတာပါ မအားဘူးဆိုပေမဲ့ ကိုယ့်ဆရာအတွက် ဆိုရင် အချိန်ပေးရမှာပေါ့

နှစ်ပေါင်း၁၀၀နီးပါး ကြာမြင့်ခဲ့တဲ့ ပြဿနာမို့ ရေးဖို့ အကန့်အသတ်ရှိနေပါတယ် သိကြတဲ့အတိုင်း ၁၈၈၆ခုနှစ်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကို အလုံးစုံရောက်ပါတယ် ပိုင်ရှင်ပြောင်းပြီမို့ နယ် မြေခွဲခြမ်း စိတ်ဖြာဖို့ ဖြစ်လာပါပြီ

မြန်မာနိုင်ငံ အနောက်ဘက်က မြေတွေကို အင်္ဂလိပ်ပဲ ပိုင်တာမို့ ကိစ္စရယ်မရှိ တနင်္သာရီဘက်က ယိုးဒယားနဲ့ အင်္ဂလိပ်တို့က ဆက်ဆံရေးကောင်းတာမို့ သိပ်မရှင်းရပါဘူး ဒီတော့ နိုင်ငံရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက်က ပေါက်ဖော်ကြီးတို့နဲ့က နွှဲရဖို့ ဖြစ်လာပါတယ်

မှန်းဆချက်တွေအရ အင်္ဂလိပ်ဟာ တရုပ်ကြောင့် မြန်မာနိုင်ငံကို ဝင်သိမ်းတယ်လို့ ပြောကြပါတယ် အမှန်သာ ဆိုရင်တော့ တရုပ်-အင်္ဂလိပ် နယ်စပ် ပြဿနာဟာ တော်တော်ပွဲကောင်းမှာပါ ဒီပြဿနာကို Dorothy Woodman ရေးခဲ့တဲ့The Making of Burma စာအုပ်ထဲကနေ အကျယ်တဝင့်ဖတ်ရပါတယ် ဆရာကြီး ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)မှ အရင်းအတိုင်း ဘာသာပြန်ပေးလို့ ကောင်းကောင်းလေ့လာ နိုင်တာပေါ့

ထင်တဲ့အတိုင်းပါပဲ အင်္ဂလိပ်နဲ့ တရုပ်တွေ စကားမပေါက် အဓိပ္ပါယ်ကောက်လွဲကြ တောင်းတာထက် ပိုရချင်နေကြတော့ လိုချင်တာကို တိတိကျကျမရေးတော့ စကားလုံးညှိနှိုင်းရနဲ့ တော်တော်လက်ပေါက် ကပ်ခဲ့တာပဲ စကားညှိလို့ရရုံရှိသေး စာချုပ်ထဲပါတဲ့ ဒေသနာမည်တွေက မြန်မာအခေါ် တရုပ်အခေါ် ဒေသအခေါ်တွေနဲ့ မတူကြပြန်တော့ ရက်ရှည်လများ စာရင်းကိုက်ရပြန်ရော တရုတ်တွေကလဲ တော်တော် လည်ကြသည်

သူတို့လူမျိုးတွေ မြန်မာပိုင်နက်ကို ရွှေ့နေကြပေမဲ့ ရွာသူ ကြီးက အခွန်လိုက်ကောက်တဲ့ ဓလေ့ရှိပါတယ် တအိမ်စ နှစ်အိမ်စပဲ ဖြစ်ဖြစ်ပေါ့ နောက်တော့ သူတို့နယ် လုပ်ပစ်တော့ ထပ်ညှိကြလေသတည်းပေါ့ ဘိုးစဉ်ဘောင်ဆက်ထိ နောက်ကြောင်းလိုက်တဲ့ အင်္ဂလိပ်ရဲ့ စကေးကလဲ ခေသူမဟုတ်နော် ထိုးတိုင်းနိုင်တဲ့ ဒလံရှူးလိုပဲ အကြိမ်တိုင်း တရုပ်တွေ လက်မြှောက်ကြရတယ်

ပြီးတော့ ယူနန်ဘုရင်ခံနဲ့ ပီကင်းအစိုးရတွေ တစိတ်တဝမ်းထဲ ရှိသလား မရှိတာလားလဲ သေချာမသိရ လန်ဒန် နဲ့ ပီကင်း ခေါက်တုန့်ခေါက်ပြန် သွားနေကြရင်း အချိန်တွေလင့်ကုန်တယ် ဒီကြားထဲ မြန်မာပြည်အစိုးရ ကတဆင့် အိန္ဒိယ ဘုရင်ခံချုပ်ရုံး ထိုမှ အိန္ဒိယရေးရာ ရုံး ထိုမှ နိုင်ငံခြားရေးရုံး ထိုမှ ဘုရင်မကြီးထံ စာ တွေပို့ စာပြန်စောင့်ရင်း မိုးလင်းမိုးချုပ် ဘယ်နှစ်ကြိမ် ဖြစ်မှန်းတောင် မသိကြရ

၁၈၉၇မှ ၁၉၀၀ထိ သုံးနှစ်လုံးလုံး ကွင်းဆင်းလိုက် မိုးတွင်းရောက်ရင် အကြိတ်အနယ် ဆွေးနွေးလိုက်နဲ့ နောက်ဆုံးတော့ တောင်ကတော့ထိပ်မှ တောင်ဘက်က တာပိန်မြစ်ထိ၊ ထိုမှ ရွှေလီမြစ်ထိ၊ ထိုမှ မဲခေါင်ထိ နယ်နိမိတ် သတ်မှတ်နိုင်ခဲ့ပါတယ် မေခနဲ့ သံလွင် ရေဝေကုန်းတန်းနဲ့ တိဗက်မြန်မာ နယ်နိမိတ် မိုင် ၁၅၀ပဲ ဆက်လက်ညှိနှိုင်းဖို့ ကျန်ခဲ့ပါတယ်

သဘောတူစာချုပ်ကို ၁၈၉၇ အင်္ဂလိပ် တရုပ် စာချုပ်လို့ခေါ်တယ် ဒါတောင် ဝနယ်မှာ မကျေလည်ခဲ့ကြ ဝတွေက အင်္ဂလိပ်ကို ကျားကုတ်ကျားခဲ တိုက်နေဆဲမို့ ဝင်လည်း မတိုင်းနိုင် နောက်ဆုံး နယ်နိမိတ်ကြောင်းကို အင်္ဂလိပ်က တဖက်သတ် ကြေညာပြီး တရုပ်ကလဲ လက်မခံ ဝနယ်ဆိုတာကလဲ ဆန်နဲ့ ဘိန်းအကြီးအကျယ် ထွက်တာမို့ ဖြစ်သလို မလုပ်ကြ

သည်လိုနဲ့ ဝနယ်မှာ အင်္ဂလိပ်နဲ့ တရုတ်တို့ ခြေတွေရှုပ်၊ ဝနယ်စားကလဲ ကြားထဲက အမြတ်ဝင်ထုတ်နဲ့ အမယ်ဘုတ်ရဲ့ ချည်ခင်လို ရှုပ်ချင်တိုင်းရှုပ်နေတာပဲ ဝနယ်က ရွှေတွင်း ငွေတွင်း သတ္တုတွင်းတွေကလဲ မီးထိန်ထိန်ညီးအောင် နေ့ကောညပါ ထုတ်နေရတော့ ဟိုဘက်က ဝင်လုလိုက် သည်ဘက်က ဝင်ခိုးလိုက် နဲ့ ၁၉၃၇ ရောက်မှပဲ အကျိုးတူ စီးပွား ပူးပေါင်းလိုက်ကြပါတော့တယ်

တြိဂံမြေကို ခွဲကြတာတောင် ၁၈၉၉ထိပဲ ပေရှည်လိုက်ပါတယ် တရုပ်ထံ အင်္ဂလိပ်က မြေငှားခွန် ၁၀၀၀ပေးပြီး ညှိနှိုင်းလို့ အဆင်ပြေသွားပါတယ် နောက်ထပ် ပြဿနာ တခုက မေခ- သံလွင် ရေဝေကုန်းတန်းပဲ ဖြစ်ပါတယ် မေခသံလွင် ရေဝေကုန်းတန်းကို သိရဖို့ မြေပုံကကြည့်ပြီး ဘယ်နေရာလဲ မှန်းရပါသေးတယ်

အင်္ဂလိပ်တွေက ရေဝေကုန်းအတိုင်း နယ်နိမိတ်ချပြီး တရုပ်ဘက်က မေခမြစ်အထိ ယူနန်မြေပုံကို ဆွဲထားခဲ့တော့ ကွာဟချက်တွေ သိပ်များပြီး ဆက်ငြင်းကြပြန်ရော စစ်ရေး နဲ့ဖြေရှင်းဖို့ ကြိုးစားသည်အထိ သဘောထားတင်းမာခဲ့ကြပါသည် ဒါပေမဲ့ ပီကင်းအစိုးရဟာ အိမ်တွင်း ရေးမတည်ငြိမ်ချိန် ဖြစ်နေတော့ အင်္ဂလိပ်စစ်ကို လုံးဝမဟန့်တားနိုင်ပဲ ယူနန်ဘုရင်ခံကို ဆုံးရှုံးမှု အနည်းဆုံးနဲ့ ညှိဖို့ အလျော့ပေးခဲ့ရသည်

ထိုနေရာသည် ဆရာမြ သိချင်နေသော ၁၉၄၈တွင် လွတ်လပ်ရေး အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းကဘုသီးထနေတဲ့ နေရာပဲ ဖြစ်ပါတယ် အနီးကပ်မြေပုံကို တွဲတင်ပေးထားပါတယ် ဖီးမော်ဒေသ ဖြစ်နိုင်ပါတယ် ၁၉၃၉ ခုနှစ်ထိ မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ပြီး တံဆိပ်ခေါင်း ထုတ်ချိန်မှာ အင်္ဂလိပ် တို့ရဲ့ ကြေညာထားတဲ့ မြေပုံအတိုင်း သုံးတာ ဖြစ်မှာပါ ဖီးမော်ဟာ တောင်ကြားလမ်း ရှိတဲ့ ရွာတွေအခြေဆိုက်ထားတာကြောင့် နှစ်ဘက်စလုံးအတွက် အရေးပါနေပါတယ် တိဗက်နဲ့ ထိစပ်နေတဲ့ မြန်မာ့နယ်နိမိတ်ကိုတော့ လက်ရှိ ယခုအခြေအနေအတိုင်း ရအောင် ဆွဲပေးနိုင်ပါတယ်

ဒါကတော့ အင်္ဂလိပ်တွေ တရုပ်ထံက မြေပြန်လုထားတဲ့ သမိုင်းပဲ ဖြစ်ပါတယ် အရှေ့တိုင်းသားတို့ ဘယ်လောက် ဖျံကျဖို့ ကြိုးစားပါစေ အနောက်သားတို့ရဲ့ ထူးဆန်းတဲ့ စည်းကမ်း နည်းလမ်းများထဲတွင် လက်မြှောက်ရစမြဲ ပြန်လုတယ်လို့ သုံးရတဲ့ အကြောင်းနောက်မှာ ၁၈၅၄ခု အိန္ဒိယ မြေပုံတခုထဲက လည်ပင်းပြတ်ပြီး ဘယ်တောင်ပံ ကျိုးနေတဲ့ မြန်မာနိုင်ငံကို တွေ့ရတာကြောင့်ပဲ ဖြစ်ပါတယ်

တရုပ်လက်ထဲ ကချင်ပြည်နယ်ကြီး တခုလုံးပါသွားသလား ထင်ရပေမဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှဲ့ရာဇဝင်တွင် ဖော်ပြထားတဲ့ မင်းတုန်းမင်းကြီးအား ကချင်ပြည်မှ ကျောက်စိမ်းတွင်းများမှ အခွန်ဆက်သတဲ့ စာရင်းရှိ နေတာကြောင့် ထိုမြေပုံဟာ တရုပ်ရဲ့ လက်စွဲ မြေပုံဟောင်း ဖြစ်နိုင်ပါတယ် ရှမ်းဘက်ကတော့ နယ်နိမိတ်တိုင် ဘယ်နေရာမှာ ရှိရှိ သံလွင် အရှေ့ဘက်ခြမ်းဟာ တရုတ်နယ်လို ဖြစ်နေတာပါ အင်္ဂလိပ်တွေကတော့ ပေတံရှည်ရှည်ကို သုံးပြီး တရုပ်တွေကို တောက်ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်

အင်္ဂလိပ်-တရုပ် နယ်နိမိတ် အငြင်းပွားမှုကို တနံတလျားရှင်းပြနေရတာက လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံဟာ တရုပ်နဲ့ ရင်ဆိုင်ရတဲ့ နယ်နိမိတ် ပြဿနာမှာ အင်္ဂလိပ်တို့ တောင်းယူခဲ့တာကို ကိုးကားခဲ့ လို့ပဲ ဖြစ်တယ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တာဝန်ရှိသူများဟာ ကချင်နဲ့ ရှမ်းဒေသ များသို့သွားပြီး ဗြိတိသျှခေတ်မှာ သတ်မှတ်ခဲ့တဲ့ နယ်နိမိတ်များ အတိုင်း ပြန်ရအောင် အာရုံ စိုက်ကြဖို့နဲ့ တန်ဖိုးကို သဘောပေါက်ဖို့ စည်းရုံးရေးဆင်းခဲ့ပါတယ် သတင်းစာဆရာ ဦးပုကလေးရဲ့“ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” ဆိုတဲ့ စာအုပ်မှာလည်း စည်းရုံးခဲ့တဲ့ အကြောင်းကို ဖော်ပြထားပါတယ်

၁၉၄၇တွင် နန်ကင်းပြည်သူ့ နိုင်ငံရေးကောင်စီက မြန်မာ-ယူနန် နယ်နိမိတ် သတ်မှတ်ဖို့ ဖိအားပေးလာပြန်ပါတယ် နှစ်တိုကာလအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေ တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး တစခန်းထလာတာပဲ ကချင်မြေနဲ့ ရှမ်းမြေမှာ မယောင်မလည် ဝင်ဝင်ပြီး ရစ်သီရစ်သီလုပ်နေတာပေါ့

တရုပ်တွေက မြေပုံအသစ်ကို မဆွဲ အဟောင်းကိုပဲ ကိုင်ပြီး ယူနန်-မေခမလိခ-ပတ်ကွိုင်တောင်တန်း- အိန္ဒိယ နယ်စပ်အထိ ဆွဲပြီး သူတို့ပိုင်ထားတာ ၇ရာစုကတည်းက ဖြစ်ကြောင်း စကားပြောင်းပြောတယ် နယ်စပ်အရေးကို အင်္ဂလိပ်က လက်ရှောင်ပြီး မြန်မာတို့အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရတော့မယ် ဆိုတာ သိနေခဲ့တာကိုး မြန်မာဘက်က လွတ်လပ်ရေးရဖို့ပဲ လုံးပမ်းနေတော့ မလှည့်အား ဒါပေမဲ့ ကျူး ကျော်လာရင် စစ်ရေးနဲ့ ဖြေရှင်းမယ်လို့ အကြောင်းပြန်လိုက်တယ် ဒီပြဿနာကလွဲပြီး လွတ်လပ်ရေး ရပြီးခါစ မြန်မာနဲ့ တရုတ်တို့ အဆင်ပြေကြပါတယ်

၁၉၅၁မှာ ရန်ကုန်ရှိ တရုပ်သံရုံးမှာ တရုပ်နိုင်ငံရဲ့ မြေပုံကို ကပ်ခဲ့ရမှာ မြစ်ကြီးနားအထက် မိုင်၅၀ကစပြီး ကချင်ပြည်နယ် တခြမ်းလုံး တရုပ်နိုင်ငံထဲ ရောက်နေခဲ့ပါတယ် ဒီကိစ္စကို ပါလီမန်မှာ မေးခွန်းထုတ်တော့ ဦးနုက တရုပ်တွေ မြေပုံအသစ်မဆွဲရသေးဘူး မျက်နှာချင်းဆိုင်ပြီး နယ်နိမိတ် သတ်မှတ်လိုက်ရင် ပြီးတာပဲလို့ ဖြေကြားခဲ့ပါတယ်

ဒါပေမဲ့ နောက်၂နှစ်ကြာတော့ ပီကင်းအစိုးရက မြေပုံသစ်ထုတ်ပါတယ် သံလွင်အရှေ့ခြမ်းကော ကချင်မြောက်ပိုင်းကော သူတို့နယ်လုပ်ထားတာပေါ့ အိန္ဒိယထဲက နယ်တွေ တောင်ပါနေလိုက်သေးတာ ဒီတော့ ၁၉၅၄ မှာ ဦးနု ပီကင်းကိုသွားတယ် ဦးနုဟာ နှစ်နိုင်ငံချစ်ကြည်မှုအရ နယ်နိမိတ်ပြဿနာကို ဖြေရှင်းကြမယ်ဆိုပြီး ဝန်ကြီး ချုပ်အချင်းချင်း လက်မှတ်ထိုးခဲ့ပါတယ်

ချစ်ကြည်ရေးစာချုပ်ချုပ်ပြီး ၂လအကြာမှာပဲ တရုပ်နဲ့ မြန်မာ စစ်ဖြစ်ကြပါတယ် ဝနယ်က တရုပ်တပ်နဲ့ မြန်မာတပ်တို့ တိုက်ပွဲဖြစ်ကြပါတယ် တရုပ်နီတပ်နဲ့ မြန်မာတပ်တို့ စစ်ဖြစ်ရာမှာ တရုပ်အရာရှိတဦး အပါ အဝင် တရုပ်နီ ၁၀ဦးကျဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်

စစ်ဖြစ်ရတဲ့ အကြောင်းကို ဖြေရှင်းချက် အပြန်အလှန်ပေးရင်း ဝနယ်ကို လုရပြန်ရော မြန်မာဘက်က အင်္ဂလိပ်စာချုပ်ကို ကိုးကားပြီး သက်သေ ပြပေမဲ့ တရုပ်တို့က ထိုစာချုပ်ကို အသိအမှတ်မပြုလို့ ဆိုသည် ထိုဖြစ်ရပ်ကို သတင်းစာတွင် ဖော်ပြခြင်းမရှိ ၁၉၅၆မှာ The Nation သတင်းစာက ဖော်ကောင်လုပ်မှ တိုင်းပြည်က သိရတာပါ အုတ်အော်သောင်းတင်း ဖြစ်တဲ့အထိ သတင်းစာတွေကလည်း နယ်စပ်ပြဿနာထဲ ဝင်လာ ကြပြီး ဦးနုဟာ ချူအင်လိုင်းရဲ့ ရုပ်သေးဖြစ်နေပြီဟု ထောက်ပြကြတော့တာပဲ အဲဒီတော့ ဦးနုလဲ ပီကင်း သွားရပြန်တာပဲ အာရှထိပ်သီးခေါင်းဆောင်တွေပါ ထိုပြဿနာထဲ ဝင်လာတော့ တရုပ်နည်းနည်း လျော့ လာပါတယ်

ချူအင်လိုင်းက ဖီမော် ဒေသကိုရတာနဲ့ သူတို့အလိုပြည့်ပါပြီ တကယ်တော့ ထိုနေရာက ကချင်ရွာတွေပဲ ဖြစ်ပါတယ် တခါမှလဲ တရုတ်မပိုင်ဖူးပါ ဒါပေမဲ့ ထိုကိစ္စကို ကချင်ပြည်နယ် အစိုးရကမှာပဲ လုပ်ပိုင်ခွင့်ရှိနေတော့ ဦးနုက ကချင်ဝန်ကြီးကို ပီကင်းထိခေါ်ပြီး ပြည်ထောင်စု လုံခြုံရေးအတွက် ထိုနယ်ကိုလက်လွှတ်ပေးရန် တောင်းဆိုပါတယ်

ကချင်တွေကလဲ ကြိုတင်ပြင်ဆင်လာတဲ့ တောင်းဆိုချက်များချပြကြပါတယ် ဖီမော် ကို မပေးဘူး နမ်းဝန်းဂရံပြန်ပေးလိုက်ဖို့ ပြတ်ပြတ်ပဲ တုန့်ပြန်တာပေါ့ နောက်၂ရက်ကြာတော့ မြန်မာမစ်ရှင် အဖွဲ့ကို ချူအင်လိုင်း လက်ခံတွေ့ပါတယ် ဖီမော်ဒေသကလွဲပြီး ရေဝေကုန်း တောင်ကျောကို သူတို့အလိုအတိုင်း နယ်နိမိတ် မျဉ်းလုပ်ဖို့ ပြောတယ် မကျေလည်ပဲ တပ်ဆုတ်ရပြန်တယ် တရုပ်က ချူအင်လိုင်း ရန်ကုန်ကို ၁၉၅၆မှာပဲ လာတယ်

ကမာရွတ်အဝိုင်းကစောင့်ပြီး ရန်ကုန် တက္ကသိုလ်က ကချင်ကျောင်းသားတွေ ဆန္ဒပြတာ ခံရတော့ သူတို့ လုပ်တိုင်း ဖြစ်ဖို့ မလွယ်တာ သိသွားမှာပဲ မြန်မာမှာလဲ အခြေအတင် ဆွေးနွေးရပါတယ် ကချင်တွေလည်း ဖီမော်ဒေသကိစ္စမှာ သဘောမတိုက်ဆိုင်ကြတော့ ရန်ကုန် နဲ့ ကချင်အကျေအလည် ညှိပြီး ထိုဒေသက လူများကို ပြည်ထောင်စု ၏ အခြားနေရာ တွင် နေရာချထားပေးမည် ဆိုတဲ့ သဘောတူညီချက်နဲ့ ဖီမော် ဒေသကို လက်လွှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်

ဒုဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ၁၉၅၇ မှာ တရုပ်ထပ်သွားရပြန်ရော မြန်မာဘက်က ဖီမော်ဒေသနဲ့ နမ်းဝန်း အငှားချဂရံမြေက်ို လဲဖို့ ကမ်းလှမ်း တယ် တရုပ်က ဖီမော်ဒေသဟာ သူ့မြေဖြစ်လို့ သူ့မြေချင်း လဲစရာမလိုကြောင်း နမ်းဝန်းနဲ့ ပန်ဟုံ- ပန်လာအိုကိုသာ လဲလိုကြောင်း အကြောင်းပြန်တော့ ဒီပြန်လာပြီး ဆွေးနွေးရပြန်ပါတယ်

ရေဝေကုန်းတန်းကို လက်လွှတ်လိုက်ရင် တရုပ်တို့က မိုးမဆုံး မြေမဆုံးထပ်တောင်းတော့မယ် ဆိုတာ ကိုသဘောပေါက်ထားတော့ မြန်မာတို့က ရေဝေကုန်းတန်းကို လက်လွှတ်မခံဖို့ ဆုံးဖြတ်ကြတယ် သည်တော့ ဖီမော်ဒေသကို မြန်မာဘက် နမ်းဝန်းကို တရုပ်ဘက် ဆက်ထားဖို့ ၁၉၅၈ ဇူလိုင် ၃၀ မှာ သဘောတူကြတယ် ပြီးတော့ ဖဆပလ နှစ်ခြမ်းကွဲလေတော့ တခန်းရပ်သွားပါတယ်

အောက်တိုဘာမှာ ဗိုလ်ချုပ်နေဝင်း တက်လာခဲ့တယ် နယ်နိမိတ်ပြဿနာ အတိမ်အနက်ကို သိပြီး အရေးကြီးမှန်း သဘောပေါက်တဲ့ သူမို့ ဒေသတွင်း သဘောတူညီချက်ကို အရင်ယူပါတယ် ပြီးတော့ တရုပ်ထံ လိုချင်တာတောင်းပါတယ် တရုပ်ကတော့ ထုံးစံအတိုင်း ဆွေးနွေးဖို့ပဲ လုပ်ပါတယ် ထိုသို့ ဆက်လုပ်နေရင် ပေရှည်တော့မှာမို့ နောက်ဆုံး အဆိုပြုချက် ကိုပို့ လိုက်ပါတယ် ၁၉၅၉မှာ ဗိုလ်ချုပ်နေဝင်း နဲ့အဖွဲ့ ပီကင်းသွားပြီး ညှိနှိုင်းကြပါတယ် တရုပ်တွေဟာ ဒေသတွင်းမှာ အိန္ဒိယနဲ့ကော အင်ဒိုနီးရှားနဲ့ပါ ပြဿနာဖြစ်နေတော့ အိမ်နီးချင်း မြန်မာနဲ့ ပြေလည်ကြောင်း ပြလိုသဖြင့် လိုအပ်ချက်များကို လျော့ပေါ့ဆွေးနွေးခဲ့သည်

၁၉၇၀ မှာ မြန်မာဘက်က ဖီမော် ဒေသ နဲ့ တရုပ်တို့ သိပ်လိုချင်နေတဲ့ ပန်ဟုံ-ပန်လာအိုကို ပေးသည် အကျယ်အဝန်းကို ပြန်ညှိကြဖို့ တောင်းဆိုရင်း မြန်မာတို့လိုချင်တဲ့ နမ်းဝမ်းနဲ့ ရေဝေကုန်းတန်းအတိုင်း နယ်နိမိတ် ရကာ ယနေ့ မြန်မာ့ မြေပုံလေး ရလာပါသည်

သျှင်လေညင်း
၂၆.၇.၂၀၁၈

မှတ်ချက် အသေးစိတ် အကြိုသဘောတူ စာချုပ်စာတမ်းများ အစည်းအဝေးမှတ်တမ်းများ အပြီးသတ် ဆုံးဖြတ်ချက် စာချုပ်စာတမ်းများကို မြေပုံများနှင့်တကွ လေ့လာသိရှိနားလည်လိုပါက Dorothy Woodman ရေးခဲ့တဲ့The Making of Burma စာအုပ်ထဲကနေ အကျယ်တဝင့်ဖတ်ရှုနိုင်ပါတယ် ဆရာကြီး ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)မှ ခေတ်မြန်မာတည်ဟန် ဆိုပြီး မူရင်းအတိုင်း ဘာသာပြန်ပေးထားတာလည်း ဖတ်ရှုနိုင်ပါသည်။

ဘုန်းမင်းမြတ်
HTZ

crd_to_owner
crd,နော်ဂဲလယ်ထူး (စာပေပရဟိတ)