ပုဂံခေတ်ဆံပင်ထုံးဖွဲ့ပုံများ

ပုဂံခေတ်တွင် ပျူခေတ်အမျိုးသမီးများထက် ဆံပင်ထုံးဖွဲ့ပုံများမှာ အဆင့်အတန်းမြင့်လာပြီဟု ဆိုရပါမည်။ #အာနန္ဒာဘုရား အတွင်းရှိ #မယ်တော်မာယာ၏ ပုံများကိုထောက်၍ ပုတီး၊ နားတောင်း၊ ခါးကြိုး တန်ဆာပလာများ ဝတ်လာပြီကို သိနိုင်ပါသည်။

နားတောင်းများမှာလည်း နားပေါက်ကျယ်သည့်အတွက် ခပ်တွဲတွဲ ခပ်ကြီးကြီး ပန်ထားသည်ကို တွေ့ရပါသည်။ တချို့အမျိုးသမီးများမှာ နဖူးတွင် မှန်ကူ၍ ခါးတိုလက်ပြတ် ကိုယ်ကျပ်မျိုးကို ဝတ်ထားသဖြင့် အိန္ဒိယပြည်သူများ၏ ယဉ်ကျေးမှု နွယ်လာသည်ဟု ဆိုရပါမည်။

ဦးခေါင်းတွင်လည်း နဖူးသင်းကျစ်များ တပ်ဆင်၍ ဆံပင်ကို နောက်တွဲထုံးထားကြပါသည်။ ထိုရုပ်ပုံများတွင် လက်မောင်းနှင့် လက်ဆစ်၌ လက်ကောက်များ လက်စည်းများ စွပ်ထားသည်ကို တွေ့ရသည်။ လည်ပင်းတွင် လည်ဆွဲဆွဲပြီး ရွှေခြည်ထိုး လယ်ဂျာကို တပ်ဆင်ကြသော်လည်း တစ်ကိုယ်လုံး ရွှေခြည်ထိုးမဟုတ်ပေ။

အိန္ဒိယလူမျိုးများ အသုံးပြုသော ကြေးအိုးပုံသဏ္ဌန်ဖြစ်သော အိုးများကို ကိုင်လျက်တွေ့ရပါသည်။ ရှေးက မိဖုရားများသည် အားလပ်သည့်အခါတိုင်း လှရေးပရေးအတွက် အားသွန်ခဲ့ကြဟန်တူပါသည်။ #နရပတိစည်သူ၏ မိဖုရား #ဝေဠုဝတီ သည် နားပေါက်ကျယ်သောသူဖြစ်၍ အလှဂုဏ်ပျက်ဟန်တူသော်လည်း မယ်တော်မိဖုရားကြီးက အလှပြုပြင်ကောင်းသဖြင့် မိန်းမချောတစ်ယောက် ဖြစ်ခဲ့ရလေသည်။

ရဝေရှင်ထွေး သည် #အနောက်ဘက်လွန်မင်းတရားကြီး၏ လက်ထက် ( သက္ကရာဇ် ၉၆၇-၉၉ဝ ပြည့်နှစ် ) တွင် အန်ချင်း တစ်ပုဒ်ကို စပ်ဆိုသည်။ ထိုအန်ချင်းသည် ရှေးပုဂံမင်းတို့ လက်ထက် အသုံးပြုသော ဦးသျှောင်ထုံးနည်း ( ၅၅ ) မျိုးကို ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုခြင်းပင် ဖြစ်သည်။

ထိုအန်ချင်းကို ကြည့်ရှုခြင်းအားဖြင့် ပုဂံခေတ်က ဆံထုံးထုံးနည်းများကို သိရသည်။ ရှေးခေတ်အခါက အပြုအမူများကို မေ့ပျောက်တိမ်မြုပ်၍ မသွားအောင် ယင်းကဲ့သို့ အမှတ်တရ တရိုတသေ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားခဲ့သောကြောင့် ယခုခေတ်အဖို့ များစွာ ဗဟုသုတ ဖြစ်ရလေသည်။

စာဆို ရဝေရှင်ထွေးသည် ပုဂံခေတ် ဆံထုံးထုံးနည်းများ တိမ်ကောပပျောက် သွားမည်စိုး၍ ကဗျာဖြင့် ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်သည်။ ဆံထုံးနည်း ( ၅၅ ) မျိုးကို ပဒအပို မပါရအောင် စေ့စပ်စွာချုံး၍ ဖွဲ့နွဲ့စပ်ဆိုခဲ့ပေသည်။

ထိုဆံထုံးထုံးနည်းများမှာ ယခုခေတ်နှင့် များစွာကွာခြားလျက်ရှိပါသည်။ ရှေးသူဟောင်းတို့၏ ဆန်းပြားသော ထွင်ဟန်ကို အံ့ချီး၍မဆုံးနိုင်ဘဲ ဖြစ်ရပါသည်။ ပုဂံပြည်တွင် မင်းပေါင်း ( ၅၅ ) ဆက် အုပ်စိုးလာခဲ့သည့်အတွက် မင်းအသစ်တစ်ပါး နန်းတက်သည့်အခါတိုင်း ဆံထုံးပုံစံတစ်မျိုးစီ ပြောင်းလဲလာရသည်ဟု ယူဆရမည်လော။

ခေတ်ပြောင်းတိုင်း ဆံထုံးပုံစံပါ ပြောင်းလဲလာခဲ့ပေသလော။ မည်သို့ပင်ဆိုစေ ရှေးက ဦးသျှောင် ( ၅၅ ) မျိုးကို သင့်လျော်ရာ အမည်များပေးထားပုံကအစ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ဆံထုံးအမည်များကို မည်မျှဆန်းကျယ်အောင် မှည့်ခေါ်ကြသနည်း။ မည်မျှလောက် စိတ်ကူးယဉ်ခဲ့ကြသနည်း။ ကြံကြံဖန်ဖန် ထွင်ဉာဏ်များက ချီးကျူး၍ မကုန်နိုင်စရာပင်။ တစ်ခါတစ်ရံ ဆံပင်ဆံစုနှင့်လည်း မလုံလောက်သေး၍ သစ်သား၊ ဝါး၊ ကြိမ် စသော တန်ဆာပလာများကို ခေါင်းပေါ်တွင်တင်ပြီး ဆံညှပ်များနှင့် ခိုင်မြဲအောင် ထိုးစိုက်ကြရသည်။

ထိုဆံထုံးပုံစံအပေါ်တွင် ဆံပင်ဖြင့် ရစ်ပတ်ရသည်ဟု ဆိုပါသည်။ ဆံပင်နည်းသောသူအဖို့မှာ ဆံစုကို သုံးရသည်။ မလုံလောက်ပြန်က ရက်ကန်းစင်မှ ချည်နက်များကို အခင်လိုက်ယူ၍ ဆံထုံးပေါ်တွင် ရစ်ပတ်ကြရပါသည်။ အများအားဖြင့် ရှေးခေတ်အမျိုးသမီးများသည် ဆံကေသာကို အထူးဂရုစိုက်၍ အမြတ်တနိုး စောင့်ရှောက်ကြသည်။ ပိတုန်းရောင်ကေသာ ခြေဖျားထိသူ အဖို့မှာ ကြိုက်ရာဆံထုံးပုံသဏ္ဌန်ကို အလွယ်တကူဖြင့် ထုံးနှောင်နိုင်ကြပါသည်။

ပုဂံခေတ်ဆံထုံးများကို သရုပ်ဖော်သော ရဝေရှင်ထွေး၏ “ ဦးသျှောင် ၅၅ မျိုး ” အန်ချင်းမှာ —

“ အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မနောဇမ္ဗူ၊ ခံတော်မူက၊ မြိတ်ဖြူ ( ၁ )၊ မြိတ်စို့ ( ၂ )၊ သွယ်ညိုမြိတ်လွတ် ( ၃ )၊ ရစ်ပတ်စုလည်း ( ၄ )၊ ရော့ရည်းထုံးဖွဲ့ ( ၅ )၊ တုမဲ့ရွှေရောင်၊ တိမ်တောင်တက်သယ် ( ၆ )၊ လျှပ်စစ်ပြက်သို့ ( ၇ )၊ စဝှက်ရောင်ပြေး ( ၈ )၊ နှင်းသွေးမစို့ ( ၉ )၊

ကြာညို့ဝတ်ဆံ ( ၁၀ )၊ ဓူဝံနှိုင်းရှည့်၊ ရှုကြည့်မငြီး ( ၁၁ )၊ ဦးပြီးရွှင်ပျော် ( ၁၂ )၊ ဇင်ယော်တန်းဝဲ ( ၁၃ )၊ ပုလဲကိုးပုန်း ( ၁၄ )၊ ဂမုန်းငုံအာ ( ၁၅ )၊ လေသာဝေ့လည် ( ၁၆ )၊ မြူခြည်မတင်၊ ယကင်ထုံးတုံး ( ၁၇ )၊ လုံးတင် ( ၁၈ )၊ ခရုချောင် ( ၁၉ )၊ ထုံးကြောင် ( ၂၀ )၊ ထုံးကြား ( ၂၁ )၊ ငါးပါးမြိတ်စို့ ( ၂၂ )၊ အောင်မျို့နိမိတ်၊ မြိတ်ရစ်လှပ ( ၂၃ )၊ ကရဝိတ်နှုတ်သီး ( ၂၄ )၊

ဆိတ်သမီးနှင့် ( ၂၅ )၊ ပြန်ပြီးဆယ်ထွေ ( ၂၆ )၊ နေအရုဏ်ခံ ( ၂၇ )၊ ညဉ့်ယံသောက်ရှူး ( ၂၈ )၊ တိမ်ဦးနဂါး ( ၂၉ )၊ လေးပါးရာသီ ( ၃၀ )၊ နှိုင်းပြီးစံလွတ် ( ၃၁ )၊ နဂါးပတ်ကြော့ကွင်း ( ၃၂ )၊ နန်းတွင်းမဉ္ဇူ ( ၃၃ )၊ ထွက်ပြူမုတ်ဝ ( ၃၄ )၊ ပဒုမသိဒ္ဓိ ( ၃၅ )၊ မဏိကိုးပါ ( ၃၆ )၊ ချယားပွင့်သေး ( ၃၇ )၊ ယုန်ရေးလဝယ် ( ၃၈ )၊ နေလယ်ဥဒေါင်း ( ၃၉ )၊ သုံးချောင်းခြူးရှက် ( ၄၀ )၊ စဝှက်ရောင်ချော ( ၄၁ )၊ သင်္ဘောတမ်းခွန် ( ၄၂ )၊

အနန္တဖုသျှ၊ မောရဂီဝါ ( ၄၃ )၊ ဟင်္သာစာခွံ့၊ ထုံးအံ့တကွင်း ( ၄၄ )၊ ပုဇင်းတောင်ဖြန့် ( ၄၅ )၊ သည်းညွန့်လက်သင် ( ၄၆ )၊ ကွမ်းလျှင် ( ၄၇ )၊ နောက်တွဲ ( ၄၈ )၊ မုတ္တာရွဲနှင့် ( ၄၉ )၊ ပုလဲကွန်ချာ ( ၅၀ )၊ ရတနာမဏ္ဍိုင် ( ၅၁ )၊ ပွင့်ဆိုင်ပုဏ္ဍရိတ် ( ၅၂ )၊ နဂါးအိတ်လေးထောင့် ( ၅၃ )၊ ရှစ်မြှောင့် ( ၅၄ )၊ ပြန်ကာဘက် ( ၅၅ )၊ ပန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြင်ကစံကျော်၊ နှိုင်းမမြော်ကို၊ လွမ်းတော်မမူ၊ လှည့်ပြီလော၊ ဘော်ချင်းတို့လေး၊ ဘော်ချင်းတို့ ။ ”

ဤ ( ၅၅ ) မျိုးသော ဦးသျှောင်ထုံးနည်းများကို တရိုတသေ စည်းပူးစုဆောင်း၍ နောင်တစ်ခေတ်လူအများ၏ အကျိုးအတွက် နန်းတွင်းစာဆို ရဝေရှင်ထွေးက “အန်ချင်း” အဖြစ် အမွေအနှစ်ပေးထားခဲ့ခြင်းကြောင့် ပုဂံခေတ်က ဆံပင်ထုံးနည်းများ ခမ်းနားဆန်းပြားပုံ ဥဒါန်းတွင်ခဲ့ခြင်းဖြစ်ပါသည်။

Ref;
▪️စောမုံညှင်း ( မြန်မာအမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု )
▪️မြန်မာ့စွယ်စုံကျမ်း အတွဲ – ၁၁

crd,SitNyeinLu