မြန်မာနိုင်ငံရဲ့နောက်ဆုံးမိဖုရားစုဖုရားလတ်ဆိုရင် လူတော်တော်များများကဗိုလ်ကျချယ်လှယ်လိုစိတ်ကြီးတဲ့ ရက်စက်တဲ့သူတယောက်လို့ပဲမြင်လေ့ရှိကြတယ်။
ဒါပေမယ့်သူမရဲ့တကယ့်စိတ်ရင်းအမှန်ကိုကျနော်တို့သိကြရဲ့လား။ အများပြောသလိုဗိုလ်ကျရက်စက်တဲ့မိဖုရားတယောက်ဆိုတာကကော တကယ်မှန်ရဲ့လား။
သေသေချာချာလေ့လာကြည့်မယ်ဆိုရင် ဗမာဘုရင်မိသားစုကိုနာမည်ဖျက်ဖို့ရည်ရွယ်တဲ့ကိုလိုနီနယ်ချဲ့တွေရဲ့ မဟုတ်မမှန်သတင်းလွှင့်ချက်တွေကိုတွေ့ရမှာပါ။
အဲ့ဒီခေတ်ကသတင်းစာတွေဟာ စုဖုရားလတ်ကိုဘုရင်နောက်ကွယ်ကကြိုးကိုင်နေသူလို့ပုံဖော်ကြတယ်။ သီပေါမင်းကိုလည်းအရည်အချင်းမရှိတဲ့ဘုရင်အဖြစ်ရေးသားဖော်ပြကြတဲ့အပြင် အရက်သမားလို့စွပ်စွဲခဲ့ကြပါသေးတယ်။
တကယ်တော့သီပေါမင်းဟာဗုဒ္ဓဘာသာ၀င်တယောက်ဖြစ်သလို ဘာသာရေးကိုင်းရှိုင်းလွန်းတာကြောင့်သေရည်သေရက်သောက်စားခြင်းလုံး၀မရှိခဲ့ပါဘူး။ စုဖရားလတ်ရဲ့သွေးထိုးပေးမှုကြောင့် သီပေါမင်းကလက်နက်နည်းပညာအစများစွာသာလွန်တဲ့ဗြိတိသျှတွေနဲ့ စစ်မက်ဖြစ်ပွားဖို့ဆုံးဖြတ်ခဲ့သယောင်ယောင်ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။
ဒါပေမယ့်ကုန်းဘောင်ခေတ်နှောင်းနန်းတွင်းရေးဟာသတင်းစာတွေကဖော်ပြသလောက်မရိုးရှင်းပါဘူး။ ၁၈၅၂ကနေစတင်ပြီး တနှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒုတိယအင်္ဂလိပ်-ဗမာစစ်ပွဲကြောင့် နိုင်ငံဟာဖရိုဖရဲဖြစ်ကျန်ခဲ့ပါတယ်။
၁၈၇၈မှာမင်းတုန်းမင်းနတ်ရွာစံသွားတော့ ထီးနန်းဆက်ခံမယ့်သူရွေးချယ်တဲ့နေရာမှာပြဿနာတွေဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ဘုရင့်သားတော်နှစ်ဦးဟာ အိမ်ရှေ့စံမင်းသားကိုသတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ သူတို့ ၂ယောက်ဟာ နိုင်ငံကထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် တနေ့မှာဗြိတိသျှတွေရဲ့အကူအညီနဲ့ထီးနန်းကိုသိမ်းယူဖို့ ပြန်လာကြလိမ့်မယ်လို့အားလုံးကယုံကြည်ခဲ့ကြတယ်။
ဒီလိုအခြေအနေမှာ စုဖုရားလတ်ရဲ့မိခင်ဆင်ဖြူမရှင်မိဖုရားကြီးဟာ ရာနဲ့ချီတဲ့မင်းညီမင်းသားတွေကိုသတ်ပစ်ပြီး သီပေါမင်းကိုနန်းတင်ခဲ့ပါတယ်။ ဒီလိုသွေးမြေကျနန်းလုပွဲကနေတဆင့်အာဏာရလာခဲ့တဲ့ သီပေါနဲ့စုဖုရားလတ်တို့ဟာ ဘယ်သူ့ကိုမှမယုံရဲတော့တာအဆန်းတော့မဟုတ်ပါဘူး။
၁၈၈၅ခုနှစ်မှာ ဗြိတိသျှတွေရဲ့ရာဇသံရောက်လာတော့ စစ်ပြေငြိမ်းဖို့သဘောတူလိုက်ရင်တနေ့မှာသူတို့ရဲ့အသက်ဘေးကို ရန်ရှာလာမှာစိုးတဲ့အတွက် စစ်ဆက်တိုက်ဖို့ပဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
သီပေါမင်းရဲ့အချစ်ရေး
၁၈၇၉မှာသီပေါမင်းတို့နန်းတက်တော့ စုဖုရားလတ္က ၁၉နှစ်သာရှိပါသေးတယ်။ အရှက်အကြောက်ကြီးပြီး စာဖတ်ဝါသနာပါတဲ့သီပေါမင်းကိုလည်းမြတ်မြတ်နိုးနိုးချစ်ရှာတယ်။
စုဖုရားလတ်ဟာငယ်ငယ်ကယောကျ်ားလေးအ၀တ်အစားတွေ၀တ်ပြီးသူတဘက်သတ် ချစ်ရတဲ့သာဂရမင်းသားနဲ့နီးစပ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ မန္တလေးနန်းတော်ရဲ့တားမြစ်ဧရိယာထဲအထိ ရောက်သွားပြီးသီပေါနဲ့တွေ့တော့ သာဂရမင်းသားဘယ်မှာလဲဆိုတာမေးကြည့်ပါတယ်။ သီပေါကမပြောတဲ့အခါ စုဖုရားလတ်ကသူ့ခေါင်းကိုထုထည့်လိုက်တယ်။ အဲ့ဒီအချိန်ကစပြီးသီပေါဟာစုဖုရားလတ်ကို သဘောကျခဲ့တယ်လို့ပြောရမယ်။
ဒီလိုနဲ့သူတို့ ၂ယောက်ချစ်သ၀ဏ်လွှာတွေအပြန်အလှန်ရေးခဲ့ကြပြီး စုဖုရားလတ်ဟာသီပေါရဲ့အဆောင်အထိ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဆင်ဖြူမရှင်အနေနဲ့ဒီသတင်းကိုသိရတော့ ရှေ့လျှောက်အလားအလာကောင်းတဲ့ စုံတွဲဖြစ်လာနိုင်တာကိုသဘောပေါက်ခဲ့တယ်။
ဒါပေမယ့်ဆင်ဖြူမရှင်ဟာအကြီးဆုံးသမီးဖြစ်သူစုဖုရားကြီးနဲ့သာ သီပေါကိုလက်ဆက်ပေးခဲ့တာပါ။ စုဖုရားလတ်ကတော့သီပေါမင်းကိုဘယ်သူနဲ့မှမျှေ၀ချစ်လိုခြင်းမရှိဘဲသူတယောက်တည်းသာ ပိုင်ဆိုင်လိုခဲ့တယ်။ ဒီအချက်ဟာနန်းတွင်းဓလေ့ထုံးတမ်းတွေနဲ့ဆန့်ကျင်နေပါတယ်။
သီပေါကလည်းအရမ်းချစ်မိနေပြီဖြစ်တဲ့အတွက် စုဖုရားလတ်ကိုပဲမိဖုရားခေါင်ကြီးအဖြစ်ရွေးချယ်ခဲ့တယ်။ ဘိသိက်ညမှာသီပေါမင်းဟာစုဖုရားလတ်ရဲ့အဆောင်မှာသာအိပ်စက်ခဲ့ပြီး သူတကယ်ချစ်တဲ့မိဖုရားကဘယ်သူဆိုတာပြခဲ့ပါတယ်။
ဒါပေမယ့်သူတို့ဇနီးမောင်နှံရဲ့နန်းသက်မရှည်ခဲ့ပါဘူး။ ၁၈၈၅ခုနှစ်မှာဗြိတိသျှတွေဟာမန္တလေးနန်းတော်ကို သိမ်းပိုက်လိုက်ပြီးတော်၀င်မိသားစုကိုအိန္ဒိယနိုင်ငံရတနာဂီရိဆီပို့ထားလိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးသီပေါမင်းဟာသူ့ဇာတိကိုပြန်မရောက်တော့တာသေတဲ့အထိပါပဲ။
ပြည်တော်ပြန်ခရီး
နယ်နှင်ဒဏ်ခံရတဲ့ကာလမှာစုဖုရားလတ်ဟာ ကာလ်ကတ္တားကဘုရင်ခံဆီစာတွေရေးပြီး ထောက်ပံ့ကြေးပိုပေးဖို့၊ အခိုးခံရတဲ့ရတနာတွေပြန်ပေးဖို့နဲ့ ဇာတိမြေကိုပြန်ခွင့်ပြုဖို့တောင်းပန်ခဲ့တယ်။
၁၉၁၆မှာသီပေါကွယ်လွန်ခဲ့ပြီးနောက် အိုမင်းမစွမ်းဖြစ်နေတဲ့စုဖုရားလတ်ဟာဗမာနိုင်ငံကိုပြန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်မန္တလေးနန်းတော်ကိုခြေချခွင့်မရခဲ့ဘဲ ရန်ကုန်မှာသာနေခဲ့ရတယ်။ ကိုလိုနီခေတ်မှာရန်ကုန်ဟာ ဗမာနိုင်ငံရဲ့မြို့တော်ဖြစ်လာပြီး ကြီးပွားတိုးတက်နေခဲ့ပါပြီ။
ဗမာပြည်သူတွေတော်၀င်မိသားစုကိုမေ့ပျောက်သွားအောင် ဗြိတိသျှတွေကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ ရန်ကုန်မှာစုဖုရားလတ်ဟာဥရောပသားတွေအပြင် ဗမာလူမျိုးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အခုကိုယ့်မင်းကိုယ့်ချင်းလမ်းလို့ခေါ်ကြတဲ့ ၂၃ ချာချီလမ်းက အိမ်လေးတလုံးမှာ စုဖုရားလတ်တို့မိသားစုနေခွင့်ရခဲ့တယ်။ ဒီအိမ်ဟာတောင်ကုန်းလေးတခုပေါ်မှာရှိပြီး ရွှေတိဂုံဘုရားကိုဖူးမြင်နိုင်တာမို့ စုဖုရားလတ်သိပ်သဘောကျခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့စုဖုရားလတ်ဟာ ဗမာ့နန်းတွင်းထုံးစံတွေကိုတော့စွန်ပယ်ခြင်းမပြုခဲ့ပါဘူး။ ဧည့်သည်တွေထက်မြင့်တဲ့နေရာမှာသာထိုင်ခဲ့ပြီး အစေခံတွေဟာလည်းသူမအရှေ့မှာခါးကိုင်းပြီးခစားရပါတယ်။
ဗမာနိုင်ငံရောက်မှပဲစုဖုရားလတ်ရဲ့စိတ်ဟာအေးချမ်းမှုရခဲ့တယ်။ ၀မ်းနည်းမှုသငေ်္ကတအနေနဲ့ အဖြူရောင်အ၀တ်အစားတွေကိုသာ၀တ်ဆင်ပြီး ဘုန်းကြီးတွေကိုနေ့တိုင်းဆွမ်းကပ်ခဲ့ပါတယ်။
သူမအရင်ကလုပ်ခဲ့တဲ့အမှားတွေအတွက်အဖတ်ဆယ်ဖို့ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။ ဗန္ဒုလဂျာနယ်ကဗမာလူမျိုးသတင်းထောက်တယောက်ဟာ ၁၉၂၄ခုနှစ် စက်တင်ဘာမှာ သူမကိုအင်တာဗျူးခဲ့ပါတယ်။
သူ့ရဲ့ရေးသားချက်အရအင်တာဗျူးနေတုန်းမှာ စုဖုရားလတ်ဟာ မင်းညီမင်းသားတွေကိုငါသတ်ခဲ့တယ်လို့လူတွေကထင်နေကြတာလား လို့အံ့သြတကြီးပြန်မေးခဲ့ပါသတဲ့။ သတင်းထောက်ကဟုတ်ပါတယ်လို့ပြောလိုက်တဲ့အခါမှာ မင်းသားတွေကိုသတ်ခဲ့တာငါမဟုတ်ပါဘူး။ ထီးနန်းရတုန်းကငါ့အသက်ငယ်ငယ်လေးရှိပါသေးတယ် လို့ပြန်ဖြေခဲ့ပါတယ်။
သူမကိုတွေ့ချင်လို့စောင့်ဆိုင်းနေခဲ့တဲ့သူတွေထဲမှာ သခင်ကိုယ်တော်မှိုင်းလည်းအပါအ၀င်ပါ။ ဒို့ဗမာအစည်းအရုံးကိုတည်ထောင်သူ ကိုယ်တော်မှိုင်းဟာစုဖုရားလတ်ကိုထောက်ခံသူဖြစ်သလို ရင်းနှီးတဲ့သူငယ်ချင်းလည်းဖြစ်တယ်။
ဗြိတိသျှအစိုးရကြပ်မတ်နေတဲ့ကြားက စုဖုရားလတ်ကိုအကြောင်းပြုပြီး ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။၁၉၂၅ခုနှစ် နို၀င်ဘာလ ၂၄ရက်နေ့မှာစုဖုရားလတ်ဟာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၅နှစ်ရှိပါပြီ။
အံ့သြစရာကောင်းတာကသူမရဲ့ဈာပနအတွက်ကုန်ကျစရိတ်ကို ဗြိတိသျှအစိုးရကအကုန်အကျခံခဲ့တာပါပဲ။ ကိုလိုနီခေတ်အစိုးရ၀န်ထမ်းဖြစ်သူ စာရေးဆရာ Maurice Collis ဟာမိဖုရားရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြတဲ့လူတန်းကြီးကိုကြည့်ပြီး ဒီချီတက်လမ်းလျှောက်ပွဲဟာဗမာ့တော်၀င်မိသားစုအတွက် နောက်ဆုံးဖြစ်လိမ့်မယ်လို့မှတ်ချက်ချခဲ့ပါတယ်။
ဗြိတိသျှတွေကအာဏာရှင်လို့စွပ်စွဲခဲ့တဲ့ မိဖုရားတယောက်ရဲ့ဈာပနကို ဗြိတိသျှဘုရင်ခံကတက်ရောက်တာကိုကြည့်ရတာ ရယ်စရာတော့လည်းအကောင်းသားလို့ Collis ကပြောခဲ့ဖူးတယ်။
မည်သို့ပင်ဆိုစေကာမူစုဖုရားလတ်ဟာဗမာ့လွတ်လပ်ရေးတိုက်ပွဲရဲ့သငေ်္ကတဖြစ်ခဲ့တယ်လို့ Collis ကဆိုတယ်။ကန်တော်မင်ပန်းခြံထဲမှာစုဖုရားလတ်ရဲ့ဂူဗိမာန်ကိုယနေ့တိုင်တွေ့နိုင်ပါသေးတယ်။ ဒီဂူဗိမာန်ရဲ့တည်ဆောက်ပုံက သူမရဲ့ယောက္ခထီးမင်းတုန်းမင်းရဲ့ဂူဗိမာန်နဲ့ဆင်တူပါတယ်။
ဗမာ့တော်၀င်မိသားစု၀င်တွေဟာဘုရင်နဲ့မိဖုရားတို့ရဲ့အုတ်ဂူတွေကိုမန္တလေးပြန်ရွှေ့ဖို့စီစဉ်နေကြတာ ယနေ့အချိန်ထိပါပဲ။
ဒါပေမယ့်စုဖုရားလတ်ဟာသူမလိုပဲနာမည်ကျော်ကြားထင်ရှားတဲ့ဗမာလူမျိုးတွေဖြစ်တဲ့ ဦးသန့်၊ သခင်ကိုယ်တော်မှိုင်း၊ ဒေါ်ခင်ကြည်တို့နဲ့အတူတူရွှေတိဂုံဘုရားရဲ့အေးရိပ်မှာအနားယူသွားခဲ့တာပါ။ ဒီအခြေအနေကိုသူမကိုယ်တိုင်လည်းသဘောကျမှာသေချာပါတယ်။
Crd,မူရင်း