ကုန်းဘောင်ခေတ် နောက်ဆုံးမြို့တော်ဝန် ဦးပေစိ (မြို့တော်ဝန်ဆိုတာနဲ့ ချမ်းသာသွားကြတာပါပဲ)

ကုန်းဘောင်ခေတ် နောက်ဆုံးမြို့တော်ဝန် ဦးပေစိ (၁၈၂၈-၁၉၀၄)

ကုန်းဘောင်ခေတ်ရတနာပုံရွှေမြို့တော်ဝန် (၄) ဦးရှိသည့်အနက် တန်ခိုးအာဏာအကြီးဆုံးဟုဆိုနိုင်သည့် မြို့တော်ဝန်ဦးပေစိကို အဘ ရွှေမြို့တော်ဝန်ဦးရွှေမောင်နှင့်အမိ ဒေါ်နိုင်တို့မှ ဧပြီလ (၂၅) ရက် ၁၈၂၈ ခုနှစ်တွင် မန္တလေးမြို့၌မွေးဖွားခဲ့ပါသည်။

သာယာဝတီမင်းလက်ထက်တွင် ဦးပေစိကို ရွှေတောင်ငယ်ထင်ဘွဲ့နှ င့်လက်ဖက်ရည်တော်ခန့်အပ်ခဲ့သည်။ ပုဂံမင်းလက်ထက်တွင် မင်းလှကျော်ထင်ဘွဲ့ ရခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် ကွမ်းရေကိုင်ရာထူးပေးအပ်ခဲ့သည်။

စာရေးရာထူးမှ စာရေးတော်ကြီးအရာအထိ တိုးမြှင့်ခံရသည်။ ဤသို့ ဘုရင်အဆက်ဆက် ရာထူးအဆင့်ဆင့်ထမ်းဆောင်နေသည့် ဦးပေစိကို မြေထဲမြို့ဝန်အဖြစ်ခန့်ထားလိုက်သည်။ နောက်ပိုင်းဦးပေစိ၏ သားကြီးအား မြေထဲမြို့ဝန်ရာထူးကို လွှဲပြောင်းခန့်အပ်ပေးကာ ဦးပေစိကို မန္တလေးသို့ပြန်ခေါ်ခဲ့သည်။

မင်းတုန်းမင်းသည် ဦးပေစိကို အဆင့်ဆင့်မြှောက်စားပြီး နောက်ဆုံး သီရိမဟာဇေယျဂါမဏိဘွဲ့ဖြင့် ရွှေမြို့တော်ဝန် ခန့်ထားခြင်းဖြစ်သည်။ သီပေါမင်းလက်ထက်တွင်လည်း ရွှေမြို့တော်ဝန်အဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရသည်။

မင်းတုန်းမင်းလက်ထက် ရတနာပုံနေပြည်တော်ကို တည်ထောင်ပြီးသည့်နောက် ၁၈၇၆ ခုနှစ်တွင် နန်းမြို့တော်မြောက်ဖက်စွန်းမှ အမပူရမြို့အရောက် (၉) မိုင်ခန့်ရှည်လျားသော တာရိုးကြီးကို တည်ဆောက်ခဲ့သည်။

ထိုစဉ်က အီတလီအင်ဂျင်နီယာတစ်ဦးနှင့် ရွှေမြို့တော်ဝန် ဦးပေစိတို့ ပူးပေါင်းတာဝန်ယူ ဆောက်လုပ်ခဲ့ကြသည်။ အီတလီအင်ဂျင်နီယာပါဝင်သည်ကို လူသိနည်းပြီး ဦးပေစိတည်ဆောက်သော တာရိုးကြီးဟုသာ လူသိများသည်။

သို့သော် တည်ဆောက်ပြီးများမကြာမီပင် ဧရာဝတီမြစ်ရေအတက်ကြမ်းလာသဖြင့် ရွှေမြို့တော်ဝန်ဦးပေစိသည် တာရိုးတလျောက်လိုက်လံစစ်ဆေးကာ အနိမ့်ပိုင်းနေရာအချို့ကို ပြုပြင်ခဲ့သေးသည်။ သို့သော် ညတစ်ညတွင် မြစ်ရေမြင့်တက်လာကာ ၁၅ ပေကျော်အမြင့်ရှိသည့် တာရိုးကိုကျော်ကာ ရုတ်တရက် ကို ၃၀ ခန့်ကျိုးပေါက်သွားခဲ့သည်။

ရေအရှိန်ဖြင့် ချက်ချင်းပင် ကို ၃၀၀ ခန့်တာရိုးကျိုးပျက်သွားပြီး မြစ်ရေများဒလဟောစီးဆင်းလာခဲ့တော့သည်။ အိမ်ခြေ ၈၀၀၀ ခန့်ရေမြှုပ်သွားသည်။ လူဦးရေ ၅ သောင်းကျော်လည်း ညတွင်းခြင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။

လူနေအိမ်ခြေများအပြင် တောင်ခွင်တိုက်၊ မင်းကွန်းတိုက်နှင့်ဘေးမဲ့တိုက်စသောဘုန်းတော်ကြီးကျောင်းများမှာလည်း လုံးဝနစ်မြှုပ်သွားခဲ့ပြီး၊ သင်္ဂဇာတိုက်၊ အကောက်ဝန်မင်းတိုက်၊ မိုးကောင်းတိုက်၊ ခင်မကန်တိုက်များသို့လည်းရေဝင်ကုန်သည်။

ထို့ကြောင့် ရေဘေးသင့်သောပြည်သူများနှင့် ဘုန်းတော်ကြီးများမှာ တာရိုးတည် ဆောက်သူ ဦးပေစိကို အပြစ်ပုံချပြီး အလွန်မုန်းတီးသွားကြသည်။အထက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်အစိုးရက လစာ ၅၀၀ ရူပီးဖြင့် မြို့တော်ဝန်အဖြစ်ဆက်လက်ခန့်ထားသည်။

အင်္ဂလိပ်လက်အောက်တွင် အစောဆုံးဝင်ရောက်အမှုထမ်းသူများမှာ ကင်းဝန်မင်းကြီးဦးကောင်း၊ ဦးပေစီနှင့် ဦးဖိုးအိုတို့ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာမျိုးချစ်များက သူတို့ ၃ ဦးကို အလွန်မုန်းကြသည်။ ထို့အပြင် ဦးပေစိသည် အင်္ဂလိပ်အစိုးရ၏အတိုင်ပင်ခံအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ နယ်ချဲ့အင်္ဂလိပ်အစိုးရ ရာဇဝတ်ဝန်နှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်ရသည်။

မျိုးချစ်တော်လှန်ရေးသမားများက မန္တလေးမြို့ကို မကြာခဏလာရောက်တိုက်ခိုက်ကြသော်လည်း မြို့တော်ဝန်ဦးပေစိ စွမ်းစွမ်းတမံအမှုထမ်းပြီး ခုခံကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာဘုရင်လက်ထက်မှ မှူးမတ်ဟောင်းများအပါအဝင် ပြည်သူအများက ဦးပေစိကိုပိုပြီးမုန်းတီးကြပါသည်။

ဦးပေစိသည် မြန်မာမင်းနှစ်ဆက် ရွှေမြို့တော်ဝန်ဖြစ်ခဲ့ရာ အလွန်လာဘ်လာဘရသဖြင့် ဝန်မင်းများထဲတွင် ချမ်းသာသောသူတစ်ဦးဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်း ထင်တိုင်းကြဲပြီးလာဘ်စားခဲ့သည်ဟုဆိုပါသည်။

မြန်မာဘုရင်ခေတ်မှူးကြီးမတ်ကြီးများထဲတွင် ချမ်းသာလှသည့် ဦးပေစိသည် အခြားမှူးကြီးမတ်ကြီးများကဲ့သို့ ဘုရားတည်ကျောင်းဆောက်သည်။ ဦးပေစိဘုရားမှာ ယခင်ဒေးဝန်းအရှေ့ပိုင်းရပ်၊ ရွာဟိုင်းသင်းချိုင်းအနောက်မြောက်ဖက် သင်္ဂဇာချောင်းဘေးတွင်တည်ရှိသည်။

ရတနာဘုံသာစေတီတော်ဟု အမည်ခေါ်တွင်သည်။ သီပေါမင်းလက်ထက် ၁၂၄၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇) ရက်နေ့တွင်တည်သည်။ “ဦးပေစိဘုရား၊ လူမသွား” ဟုပင်ပြောဆိုတတ်ကြသည်အထိ သူ့ကိုလူအများမုန်းကြပါသည်။

အင်္ဂလိပ်အစိုးရအလိုကျ ဆောင်ရွက်ပေးနိုင်သဖြင့် သူ့ကို ၁၈၈၇ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် CIE ဘွဲ့ပေးခဲ့သည်။ အင်္ဂလိပ်ဘုရင် အက်ဒဝပ်နန်းတက်ပွဲတွင် ဗြိတိသျအင်ပါယာလက်အောက်ခံနိုင်ငံအသီးသီးမှ ထင်ရှားသောသူများရုပ်ပုံများထည့်သွင်းထုတ်ဝေသော အင်္ဂလိပ်အစိုးရမှတ်တမ်းတစ်ခုတွင် မြန်မာပြည်မှအခြားမှူးကြီးမတ်ကြီးပုံမပါဘဲ ဦးပေစိ၏ပုံသာ ထည့်သွင်းဖော်ပြသည်အထိ သူ့ကိုအရေးပေးခြင်းခံရသည်။

ထိုခေတ်အခါက ချမ်းသာသူများရင်းနှီးမြှုပ်နှံလေ့ရှိသည့်အတိုင်း ဦးပေစိသည် လယ်မြေယာမြေအမြောက်အမြားကို ဝယ်ထားလေ့ရှိသည်။ အင်္ဂလိပ်မြေတိုင်းမှတ်တမ်းများအရ ဦးပေစိပိုင်ဆိုင်သောလယ်မြေမှာ ၂၇၂၆.၅ ဧကရှိသည်ဟုဆိုသည်။

နှစ်စဉ်သီတင်းကျွတ်လဆန်း (၆)ရက်နေ့နီးပြီဆိုရင် မင်းတုန်းမင်းကြီးအားရည်မှန်းပြီး မိဘုရားများ၊ သားတော်၊ သမီးတော်၊ မြေးတော်၊ မြစ်တော်တို့သည် သံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်းလှူဒါန်းကပ်လှူလေ့ရှိကြပါသည်။

ထိုဆွမ်းအလှူအတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းလေ့ရှိကြသည်။ အဲလိုအခါမျိုးမှာ ဦးပေစိသည်ဘယ်တော့မှ အလှူပါဝင်လေ့မရှိဟုဆိုပါသည်။ ကပ်စေးနှဲလို့တော့မဟုတ်။ သူ့အရှင်သခင်သစ်အင်္ဂလိပ်အစိုးရ ငြိုငြင်မှာစိုးလို့ဖြစ်ပါသည်။

မြို့တော်ဝန်ဦးပေစိနှင့်ဝန်ကတော်တို့တွင် သားသမီး (၅) ဦးထွန်းကားခဲ့ပါသည်။ မြို့ဝန်ကတော်မှာ ၁၈၈၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင်ကွယ်လွန်ပြီး၊ ဦးပေစိမှာ ၁၉၀၄ ခုနှစ်၊ မေလ (၂) ရက်နေ့တွင်ကွယ်လွန်ခဲ့ပါသည်။ သူ၏ကောင်းမှု ရတနာဘုံသာဘုရားဝင်းအတွင်း အုတ်ပြသာဒ်သွင်း သဂြိုဟ်ထားခဲ့ပါသည်။

မှီငြမ်းကိုးကား။ ကုန်းဘောင်ဆက်မဟာရာဇဝင်(ဦးမောင်မောင်တင်), မြန်မာနိုင်ငံလက်ရွေးစဉ်ရှေးဟောင်းခေါင်းလောင်းစာများ (ဦးစိန်မောင်ဦး-ရှေးဟောင်းသုတေသန)

သမိုင်းစက်ဝန်း (မောင်သန်းဆွေ-ထားဝယ်)

crd,