ကိုးကန့်ဒေသ မူလအစ

ကိုးကန့်ဒေသ(လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလ၌ တရုတ် ‘မင်’ မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ တစ်ခဏအတွင်း ကျရာက်သွားသည်။

နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေ့မင်းသားဟု လူသိများသော ရုန်လဲ့ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝဘက်သို့ ကူးလာခဲ့သည်။ အသစ်တက်သော မန်ချူး “ချင်” မင်းဆက်သည် ကိုးကန့်ဒေသကို ၁၉၁၂ ခုနှစ် မတိုင်ခင်အထိ အုပ်ချုပ် မင်းမူခဲ့သည်။

ရုန်လဲ့ဧကရာဇ်ဘုရင် ပြေးလာသည့် လမ်းကြောင်းအတိုင်း မင် မင်းဆက်သစ္စာခံများ သိန်းနှင့်ချီကာ လိုက်ပါလာခဲ့သည်။ ထိုသူများအထဲတွင် ရန်ကောင်းသျှို အမည်ရှိ လူတစ်ဦးလည်းပါသည်။ ယင်းကို ၁၆၂၂ ခုနှစ်က နန်ကျင်းမြို့ (Nanjing) တွင် နေထိုင်သော နန်းတွင်း တပ်သားမိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။

ရန်ကောင်းသျှိုသည် ကွေ့မင်းသားနှင့်အတူ ယူနန်ပြည်သို့ လိုက်ပါလာခဲ့သည်။ နောက်ပိုင်းတွင် ရန်ကောင်းသျှို၏သားဖြစ်သူသည် ယနေ့ ကိုးကန့်ဖြစ်လာမည့် ဒေသရှိ ဓားပြများကို ရှင်းလင်းဖယ်ရှားပြီး ကိုးကန့်ဒေသ၏ အမွေဆက်ခံ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ယင်းတို့၏ သားစဉ်မြေးဆက်များသည် “ကိုးကန့် အုပ်ချုပ်သူ”အဖြစ်လည်းကောင်း၊ ယင်းနောက် ဗြိတိသျှလက်ထက်တွင် “ကိုးကန့် မြို့စား”အဖြစ်လည်းကောင်း နောက်နှစ်ပေါင်း နှစ်ရာကျော်အထိ ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လတွင် ဗြိတိသျှတို့က စပ်ရန်ဝမ်ဖင်း (Sao Yang Wen Pin)အား စော်ဘွားဘွဲ့ ပေးအပ်သည်။

နောက်ဆုံးစော်ဘွားဖြစ်သူ စပ်အက်ဒ်ဝပ် ရန်ကျိုင်ဆိုင်(Sao Edward Yang Kyein Sai) သည် ၁၉၇၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကိုးကန့်လူမျိုးများသည် ယူနန်ပြည်နယ်ရှိ ဟန်တရုတ်များကဲ့သို့ပင် တရုတ်ဘာသာစကား (Mandarin) ပြောကြသည်။

ဟန်တရုတ်များသည် ကိုးကန့်ဒေသသို့ ၁၇ – ၁၉ ရာစုနှစ်ကမှ အခြေချ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်ကြသည်။ ခေတ်သစ်မြန်မာနိုင်ငံ၌ ယင်းတို့၏တည်ရှိမှုသည် ချင် မန်ချူးတို့၏ ကျူးကျော်စစ်နှင့် အနောက်အရပ်သို့ ကြံမိကြံရာ ထွက်ပြေးတိမ်းရှောင်သော ကွေ့မင်းသားတို့၏ ရာဇဝင်ကို ကိုယ်စားပြုနေသော သက်ရှိ သမိုင်းအမွေအနှစ် ဖြစ်ပေသည်။

crd,အမေ့ခံအတိတ်