ပျံသန်းနေစဉ်ပျံသန်းနေစဉ် ပျောက်ကွယ်သွားသော လေယာဉ်များ

လေကြောင်းပျံသန်းမှုနည်းပညာများတိုးတက်လာချိန်မှစ၍ ကမ္ဘာ့မြေကြောကျုံ့ခဲ့ကာ လေယာဉ်ပျံများသည် ကမ္ဘာ့လေထုအတွင်း အချိန်နှင့်အမျှပျံသန်းသွားလာလျက်ရှိရာ ပျက်ကျမှုများကိုလည်းရင်ဆိုင်ကြရသည်။

လေယာဉ်တစ်စင်းပျက်ကျခြင်းသည် ထူးဆန်း သော ဖြစ်ရပ်ဟုမဆိုနိုင်သော်လည်း ပျံသန်းနေစဉ် လုံးဝပျောက်ဆုံးသွားလျှင်ကား ထူးဆန်းသည်ဟုဆိုရမည်ဖြစ်သည်။ကမ္ဘာ့လေ ကြောင်းပျံသန်းမှုသမိုင်းတွင် လေထုအတွင်း ပျောက်ဆုံးသွားသည်ဟု ယူဆရပြီး အပျက်အစီးအစအန၊သဲလွန်စများတစ်စုံတစ်ရာ မကျန်ရှိခဲ့ဘဲ ပျောက်ဆုံးသွားခြင်း၏ အဖြေကိုမရှာနိုင်ခဲ့ကြ လေယာဉ်များသည် မဖြေရှင်းနိုင်သေးသည့် ပြဿနာများဖြစ်လာခဲ့ပေ သည်။

၁။Frederick Valentich

၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် အသက် ၂၀ အရွယ်ရှိ ဖရက်ဒရစ် ဗယ်လင်တစ်ခ်ျသည် Cessna 182L လေ ယာဉ်စီးနင်းလာစဉ် ထူးဆန်းစွာပျောက်ဆုံးခဲ့သည်။ ဖရက်ဒရစ်သည် ပန်းကန်ပြားပျံဟုဆိုကြသည့် အမျိုးအမည်မသိသည့် ယာဉ်ပျံ များ (UFO)ကို အထူးစိတ်၀င်စားသူဖြစ်ပြီး ကံဆိုးမိုးမှောင်ကျခဲ့သည့် အချိန်တွင် ဖရက်ဒရစ်၏ လေယာဉ်နောက်မှအမျိုးအမည် မသိသော ယာဉ်ပျံတစ်စီးပါရှိခဲ့သည်ဟု ဆိုကြသည်။

ဖရက်ဒရစ်၏လေယာဉ်သည် သြစတြေလျနိုင်ငံနှင့် တက်စ်မာနီးယားအကြားရှိ Bass ရေလက်ကြားတွင် ပျံသန်း နေစဉ် ည ၇ နာရီတွင်မြေပြင်ရေဒီယိုစခန်းသို့ သူ့နောက်မှယာဉ်တစ်စီးလိုက်ပါလာနေကြောင်းသတင်းပို့ခဲ့သည်။လေကြောင်းထိန်းသိမ်းရေး စခန်းက အနီးတွင်မည်သည့်ယာဉ်မှ မတွေ့ရကြောင်းပြန်ကြားချိန်တွင် ဖရက်ဒရစ်က သူ့နောက်မှလိုက်နေသည့် လေယာဉ်သည် အလွန်ကြီးမားကာ ကွင်းဆင်းချိန်တွင်သုံးသည့် မီးရောင်ထက် လေးဆခန့်လင်းလက်နေကြောင်း သတင်းပို့ခဲ့သည်။

ယင်းလေယာဉ် သည် မီတာ ၃၀၀ အပေါ်မှ အလွန်လျင်မြန်သော နှုန်းဖြင့် ဖြတ်သန်းသွားသည်ဟုဆိုပြီး ယင်း UFO သည်သူ့အပေါ်မှ လှည့်ပတ် နေကာ တောက်ပသည့် သတ္ထုမျက်နှာပြင်နှင့် အစိမ်းရောင်အလင်းရောင်ရှိကြောင်း ပြောခဲ့သည်။

လေကြောင်းထိန်းသိမ်းရေး စခန်းက မည်သည့် လေယာဉ်အမျိုးအစားဖြစ်ကြောင်းမေးမြန်းချိန်တွင် ဖရက်ဒရစ်က ယင်း အရာသည် လေယာဉ်ပျံတစ်စီးမဟုတ်ကြောင်းပြောဆိုနေစဉ် အမျိုးအမည်မသိသော ဆူညံသံများက ကြားဖြတ်၀င်လာခဲ့ပြီးသတ္ထု စများပဲ့ကျသည့် အသံများထွက်လာကာ အဆက်အသွယ်ပြတ်သွားခဲ့သည်။ထိုအချိန်မှစ၍ ဖရက်ဒရစ်ကိုလည်းကောင်း၊ လေယာဉ် ကိုလည်းကောင်း မတွေ့ရှိခဲ့ရပါချေ။

၂။Douglas C-124 Globemaster

အမေရိကန်လေတပ်မှ Douglas C-124 Globemaster လေယာဉ်သည် ၁၉၅၁ ခုနှစ် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင်အင်္ဂလန်နိုင်ငံသို့ ပျံသန်းလာခဲ့စဉ် ပင်လယ်တွင်းသို့ရုတ်တရက်ထိုးဆင်းခဲ့ရသည်။လေယာဉ်ကုန်လှောင်ခန်းပေါက်ကွဲခဲ့ပြီး မီးများ လောင်ခဲ့သဖြင့် လေယာဉ်မှူးများသည်လေယာဉ်ကို အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အိုင်ယာလန်နိုင်ငံ၏ မိုင် ၁၀၀ ကျော်တွင်သက် ဆင်းခဲ့သည်။လေယာဉ်ဆင်းသက်မည့် နေရာအတိအကျကို လေယာဉ်မှူးများက ရေဒီယိုဖြင့်သတင်းပို့ခဲ့ကာ လေယာဉ်ကိုလည်း အောင်မြင်စွာဆင်းနိုင်ခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာခဲ့သည့် ခရီးသည် ၅၃ ဦးနှင့် လေယာဉ်အမှုထမ်းများသည် အသက်ကယ်၀တ်စုံများ၀တ်ဆင် နိုင်ခဲ့ကာ အရေးပေါ်အသက်ကယ်ဖောင်ပေါ်သို့ရောက်ရှိခဲ့ကြသည်။ယင်းတို့ကိုကူညီကယ်ဆယ်ရန် B29 လေယာဉ် တစ်စီးသည် အနီးဆုံးလေယာဉ်ကွင်းမှ ထွက်ခွာပျံသန်းလာခဲ့သည်။လေယာဉ်မှူးများ သတင်းပို့ထားသည့် နေရာသို့ ရောက်ရှိချိန်၌ B29 လေ ယာဉ်မှ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို ဖောင်ပေါ်တွင် ကောင်းမွန်စွာတွေ့ရှိခဲ့ကြသဖြင့် လေယာဉ်ဆီဖြည့်ရန် အခြေ စိုက်စခန်းသို့ပြန်သွားခဲ့ကြသည်။

B29 လေယာဉ်သည် ကယ်ဆယ်ရေး၀န်ထမ်းများနှင့်အတူ ပြန်လည်ရောက်ရှိလာချိန်တွင် မီး လောင်ထားသည် အထပ်သားပြားတစ်ပြားနှင့် ခရီးဆောင်အိတ်တစ်လုံးမှလွဲ၍ C-124 Globemaster နှင့် ခရီးသည်များအား လုံးကို အစအနပင် မတွေ့ရှိကြရတော့ပါချေ။ကယ်ဆယ်ရေးလေယာဉ် ဆီဖြည့်စဉ် နာရီပိုင်းအတွင်း မည်သို့ပျောက်ကွယ်ခဲ့ကြောင်း မည်သူမျှ မသိရှိကြပါချေ။

၃။Amelia Earhart

အေမီလီယာအားဟန့်သည် အမေရိကန်စွန့်ဦး လေယာဉ်မောင်းသူတစ်ဦးဖြစ်ကာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ် ဖြင့် တစ်ဦးတည်း ပထမဆုံး ဖြတ်သန်းမောင်းနှင်ခဲ့သူ အမျိုးသမီးဖြစ်သည်။ အေမီလီယာသည် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် အဖော် တစ်ဦးနှင့် အတူ Lockheed ဖြင့် ပျံသန်းလာစဉ် ဟောင်လန်းကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပျောက်ဆုံးသွားခဲ့သည်။

အေမီလီယာအားဟန့်၏ နောက်ဆုံးဆက်သွယ်မှုကို အနီး၀န်းကျင်တွင်ရှိနေသော Itasca သင်္ဘောက လက်ခံရရှိခဲ့ရာ သူ သည် ဟောင်လန်ကျွန်း(Howland Island)သို့ရောက်ရှိနေသည်ယု ယုံကြည်ခဲ့ရသည်။သို့သော် ယင်းအချက်သည် မှန်ကန်မှု မရှိခဲ့ ဘဲ ထိုအချိန်တွင် အေမီလီယာအားဟန့်သည် ကျွန်းမှ အနည်းဆုံး ရှစ်မိုင်ကွာဝေးသည့်နေရာတွင် ရောက်ရှိနေခဲ့သည်။

ထို့ကြောင့် Itasca သင်္ဘောသည် မီးခိုးမိုးတိမ်ကြီးများဖြစ်ပေါ်စေသည့် အချက်ပြမီးများကို လွှတ်တင်ခဲ့သော်လည်း မည်သည့်ဆက်သွယ်မှုမှ မရ ရှိခဲ့ချေ။အေမီလီယာအားဟန့်ပျောက်ဆုံးသွားမှုကို ပင်လယ်ထဲသို့ပျက်ကျသွားခြင်းအပါအ၀င်ယူဆချက်မျိုးစုံပြောကြသည့်တိုင် လေယာဉ်အစိတ်အပိုင်းတစ်စုံတစ်ရာကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။

၄။Flying Tiger Flight 739

ပျံသန်းနေစဉ်ပျောက်ဆုံးသွားသည့် လေယာဉ်များတွင် ၁၉၆၂ ခုနှစ် မတ်လ ၁၆ ရက်တွင်ရေဒါမြင်ကွင်းမှပျောက်ကွယ်သွား ခဲ့သည့် Flying Tiger Flight 739 လည်းပါ၀င်သည်။ထိုနေ့က Lockheed Super Constellation လေယာဉ်သည် အမေရိကန် လူမျိုး ၉၃ ဦး၊တောင်ဗီယက်နမ်စစ်သည် သုံးဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလျက်ကာလီဖိုနီးယားမှဆိုင်ဂုံသို့ပျံသန်းလာခဲ့ သည်။

ရေဒါမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လေယာဉ်နှင့် လေယာဉ်ပေါ်တွင်ပါရှိလာသည့် လူ ၁၀၇ ဦးသည် သေဆုံးခဲ့ကြသည်ဟု ယူဆရပြီး ယင်းတို့၏ အစအန သဲလွန်စများကို လုံး၀ မတွေ့ရှိခဲ့ရချေ။

သို့သော် ပင်လယ်အတွင်းရှိနေခဲ့သည့် လောင်စာဆီတင်သင်္ဘောက Flying Tiger Flight 739 ကို နောက်ဆုံးမြင်ခဲ့ရသည် ဟုဆိုသည်။ယင်းသင်္ဘောက အလွန်အမင်းတောက်ပသည့် အလင်းရောင်တန်းကြီးနောက်တွင် အနီအရောင်အစက်နှစ်စက်ပေါ်လာ ခဲ့ပြီး အနီစက်နှစ်ခုသည် မတူညီသောနှုန်းများဖြင့် ပင်လယ်တွင်းသို့ထိုးစိုက်သွားခဲ့ပုံကို မြင်ခဲ့ကြသည်။

လောင်စာဆီတင်သင်္ဘော၏မြင်တွေ့မှုအရ Flying Tiger Flight 739 သည် ပျံသန်းနေစဉ်ပေါက်ကွဲခဲ့ကြောင်းယုံကြည်ခဲ့ကြသည်။လေယာဉ်သည် နှစ်ပိုင်းပြတ် ကာ မီးလုံးကြီး နှစ်လုံးအဖြစ် ကျဆင်းခဲ့သည်ဟု ဆိုကြသည်။သို့သော် ၅၁၈၀၀၀ စတုရန်းကီလိုအကျယ်အ၀န်းအတွင်း လေယာဉ်ကို ရှာဖွေခဲ့ရာ မည်သည့်အထောက်အထားမှ မရရှိခဲ့ဘဲ လေယာဉ်ပျောက်ဆုံးရခြင်း၏ မှန်ကန်သော အဖြေတစ်ရပ် မပေါ်ထွက်ခဲ့ပါချေ။

၅။Flight 19

ကမ္ဘာကျော်ဘာမြူဒါတြိဂံဒေသတွင် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် သဲလွန်စ တစ်စုံတစ်ရာမကျန်ရှိဘဲ ပျောက်ဆုံးခဲ့ သည့် တော်ပီဒို ဗုံးကြဲလေယာဉ်ငါးစီးနှင့် လေယာဉ်မှူးများကို ရှာဖွေရန်သွားခဲ့သည့်Flight 19 သည် ထပ်မံပျောက်ကွယ်သွားခဲ့သည်။ ပျောက်ဆုံးခဲ့သည့်ဗုံးကြဲလေယာဉ်ငါးစီးတွင် လေယာဉ်အမှုထမ်း ၁၄ ဦးပါရှိခဲ့ပြီး ကယ်ဆယ်ရေးလေယာဉ် Flight 19 တွင် လူ ၁၃ ဦး လိုက်ပါခဲ့သည်။

ဗုံးကြဲလေယာဉ်များသည် ဘာမြူဒါတြိဂံဒေသသို့ရောက်ရှိလာချိန်တွင် လမ်းညွှန်ဒိုင်ခွက်များသည် လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တံ့ခဲ့ကာ လေယာဉ်များသည် လောင်စာဆီပြတ်သွားပြီဖြစ်ကြောင်း နောက်ဆုံးသတင်းပေးပို့မှုကိုရရှိခဲ့သည်။ လေယာဉ်ငါးစီး လုံးသည် အကျပ်အတည်းနှင့်ရင်ဆိုင်ခဲ့ကြရပြီး ပင်လယ်တွင်းသို့ဆင်းရန်မှတစ်ပါးရွေးချယ်ရမည့် လမ်းမရှိသဖြင့် ပထမလေယာဉ် တွင် ဆီ ၁၀ ဂါလံသာကျန်တော့ချိန်တွင် လေယာဉ်အားလုံး ပင်လယ်တွင်းသို့ ဆင်းခဲ့ကြသည်။

ယင်းအချိန်သည် နေ၀င်ချိန်ဖြစ်ပြီး ရာသီဥတုအခြေအနေက ဆိုးရွားနေသည်။ည ၇ နာရီ ၂၇ မိနစ်တွင် ယင်းလေယာဉ်များကို ကယ်ဆယ်ရန် Flight 19 သည် ကွင်းမှ ပျံသန်းသွားခဲ့ပြီးသည်နှင့်မည်သည့် သတင်းအစအနမှ မရရှိတော့ချေ။

ထိုအချိန်တွင် အနီးရှိ လောင်စာဆီတင်သင်္ဘောက ပေါက်ကွဲသံတစ်ခုကိုကြားရပြီး ပေ ၁၀၀ မြင့်သည့် မီးတောက်များကို အနည်းဆုံး ၁၀ မိနစ်ခန့်တွေ့မြင်ခဲ့ရသည်ဟု ဆိုသော်လည်း လေယာဉ်အပျက်အစီးတစ်စုံတစ်ရာကို မတွေ့ရှိခဲ့ကြချေ။

၆။ Star Ariel

လူ ၂၀ လိုက်ပါလာသည့် ဗြိတိသျှ တောင်အမေရိကလေကြောင်းလိုင်း (BSAA) ပိုင် Star Ariel လေယာဉ်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်ပျောက်ဆုံးခဲ့သည်။ကျွမ်းကျင်လေယာဉ်မှူးများမောင်းနှင်လာသည့် Star Ariel သည် ရာသီဥတုနှင့် မြင်ကွင်းကောင်းမွန်နေချိန်တွင် အဘယ်ကြောင့် ပျောက်ဆုံးခဲ့ကြောင်းကို မသိရှိခဲ့ကြချေ။လေယာဉ်မှူးသည် ဘာမြူဒါနှင့်ကင်းစ်တန်အကြား ဂျမေကာလေကြောင်းပိုင်နက်ပေါ်တွင် အမြင့်ဆုံးလေကြောင်းလမ်းကို ရွေးချယ်မောင်းနှင်လာခဲ့သည်။သို့သော် Star Ariel မှ ဆက်သွယ်မှုကို နံနက် ၉ နာရီ ၄၂ မိနစ်တွင် နောက်ဆုံးရရှိခဲ့သည်။

ပျောက် ဆုံးလေယာဉ်ကို အမေရိကန် ရေတပ်ကဦးဆောင်လျက် ကျယ်ပြန့်စွာရှာဖွေခဲ့သော်လည်းအပျက်အစီး၊လောင်စာဆီ၊အလောင်းအစ ရှိသည့် သဲလွန်စများကို တစ်စုံတစ်ခုမှ မတွေ့ရှိခဲ့ချေ။လေယာဉ်ပျောက်ဆုံးမှု စုံစမ်းရေးအဖွဲ့ခေါင်းဆောင်က သက်သေအထောက် အထားများမတွေ့ရှိခဲ့သဖြင့် လေယာဉ်ပျောက်ဆုံးရခြင်းအကြောင်းကို မသိရှိရကြောင်း ပြောကြားခဲ့သည်။

၇။Star Tiger

၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက် နံနက်စောစောပိုင်းတွင် BSAA ပိုင်လေယာဉ်တစ်စင်းဖြစ်သည့် Star Tiger သည် စန်တာမာရီနာနှင့်ဘာမြူဒါအကြားတွင်ပျောက်ဆုံးခဲ့ပြန်သည်။လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၃၁ ဦးသည် လေယာဉ် နှင့် အတူပျောက်ဆုံးသွားခဲ့ပြီး လေယာဉ်ပျက်ကျခြင်းအကြောင်းကို ယနေ့တိုင်မဖြေရှင်းနိုင်သေးပါချေ။

အတွေ့အကြုံ ရင့်ကျက် သည့် လေယာဉ်မှူးနှစ်ဦးက Star Tiger ကို ပုံမှန်မဟုတ်သည့် အနိမ့်မှ မောင်းနှင်ခဲ့စဉ် လေပြင်းတိုက်၍မိုးရွာနေခဲ့သည်။လေယာဉ်ပျောက်ဆုံးချိန်တွင် လေပြင်းများအကြား အမြင့် ပေ ၂၀၀၀ မှ ပျံသန်းခဲ့သဖြင့် အလွန်အန္တရာယ်များသည့် အနေ အထားဖြစ်သော်လည်း လေယာဉ်မှူးများသည် အထူးကျွမ်းကျင်ကြသူများဖြစ်ကြပြီး ၀န်းကျင်အနေအထားကို သတိမူမိခဲ့ကြ သည်။

ယင်းအမြင့်သည် ရုတ်တရက်လေပြင်းတစ်ချက်ဆောင့်လိုက်ပါက လေယာဉ်ကို ပင်လယ်တွင်းသို့ ထိုးကျသွား စေနိုင်သည်။ သို့သော် လေယာဉ်မှ အကူအညီတောင်းဆိုမှု တစ်စုံတစ်ရာကိုမရရှိခဲ့ဘဲ လေယာဉ်အပျက်အစီး များကို လည်း ယနေ့တိုင်မတွေ့ ရှိခဲ့ရ ပါချေ။

၈။Indian Air Force လေယာဉ်

အိန္ဒိယလေတပ်ပိုင် အင်ဂျင်နှစ်လုံးတပ် Antonov An-32 ပို့ဆောင်ရေး လေယာဉ်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက် တွင် ဘင်္ဂလားပင်လယ်အော်တွင် ပျံသန်းနေစဉ်ပျောက်ဆုံးခဲ့သည်။လေယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက် ဦး ပါရှိခဲ့ကာ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။

ပျောက်ဆုံးလေယာဉ် ပြန်လည်ရရှိရေးအတွက် အိန္ဒိယနိုင်ငံသမိုင်းတစ်လျောက် အကြီးမားဆုံးရှာဖွေမှုများပြုလုပ်ခဲ့သည်။ရှာဖွေရေးလုပ်ငန်းတွင် သင်္ဘော ၁၆ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊လေယာဉ်ခြောက်စီး အသုံးပြုခဲ့သည်။သို့သော် စက်တင်ဘာလ ၁၅ ရက်တွင် ရှာဖွေရေးလုပ်ငန်းများကို ရပ်တံ့ခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု ယူဆခဲ့ကြသည်။

၉။Boeing N844AA

အင်ဂိုလာနိုင်ငံ Quatro de Fevereiro လေဆိပ်တွင် ၂၀၀၃ ခုနှစ် မေလ ၂၅ ရက်တွင် N844AA ဟု မှတ်ပုံတင်ထားသည့် ဘိုးရင်း ၇၂၇ လေယာဉ်သည် အခိုးခံခဲ့ရသည်။ထိုနေ့ညနေ နေ၀င်ချိန်တွင် အမေရိကန် လေယာဉ်မှူး ဘင်ပက်ဒယ်လ်လာနှင့် စက် ပြင် ဂျွန်မူတန်တူတို့သည် လေယာဉ်ပေါ်သို့တက်လာခဲ့ကြသည်။ယင်းတို့နှစ်ဦးလုံးသည်သာမာန်အားဖြင့်လေယာဉ်မှူး သုံးယောက် မောင်းနှင်ရသည့်ဘိုးရင်း ၇၂၇ လေယာဉ်ကို မောင်းနှင်နိုင်ကြသူများမဟုတ်ကြဘဲ ဘင်ပက်ဒယ်လ်လာက မောင်းနှင်ခဲ့သည်ဟုယူဆ ရသည်။

လေယာဉ်ခိုးယူသူ နှစ်ဦးသည် ပြေးလမ်းရှင်းလင်းမှု မပြုလုပ်၊လေကြောင်းထိန်းမျှော်စင်သို့လည်း ဆက်သွယ်မှုမပြုဘဲ လေယာဉ်မီးများပိတ်ကာ တစ်ရှိန်ထိုးမောင်းတက်သွားခဲ့ကာ အနောက်တောင်ပိုင်းရှိ သမုဒ္ဒရာဆီသို့ ပျံသန်းသွားခဲ့သည်။ ထို အချိန်မှစ၍ လေယာဉ်နှင့်လေယာဉ်ပေါ်တွင် လိုက်ပါသွားသူနှစ်ဦး ကို လုံး၀ မတွေ့ရှိရတော့ချေ။လေယာဉ်ပျောက်ဆုံးမှုကို FBI နှင့် CID တို့က ကမ္ဘာအနှံ့ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါချေ။

၁၀။ MH 370 မလေးရှားလေယာဉ်

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံပေဂျင်းမြို့သို့ ပျံသန်းလာသည့် မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ် သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင်ပျောက်ဆုံးသွားခဲ့သည်။ခရီးသည် ၂၂၇ ဦးနှင့်လေယာဉ်အမှုထမ်း၁၂ ဦး လိုက် ပါခဲ့သည့် ဘိုးရင်း ၇၇၇ လေယာဉ်ပျောက်ဆုံးမှုကို လေကြောင်းပျံသန်းမှုသမိုင်းတွင် ငွေကြေး အများဆုံးသုံးစွဲကာ ရှာဖွေခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ မှ သန်း ၁၆၀ အကြားကုန်ကျခဲ့သည်။သို့သော် အလွန်ကြီးမားသည့်လေယာဉ်နှင့်ခရီးသည်များကို အစအနပင် မတွေ့ရှိခဲ့ရချေ။

သို့သော် ကျွန်းများသို့မျောပါလာခဲ့သည့် အတောင်ပံအစိတ်အပိုင်းအချို့နှင့် ပျက်စီးနေသည့် ခရီးဆောင်အိတ်တစ်လုံးကိုမလေးရှားလေယာဉ်နှင့်ပတ်သက်မှုရှိမည်ဟုယုံကြည်ကြသည်။လေယာဉ်ကိုမူ ယခုတိုင်မတွေ့ရှိသေးသဖြင့် လေယာဉ်အကြောင်းကို မသိရှိနိုင်ကြချေ။

လေယာဉ်ကို မောင်းနှင်လာသည့် ဝါရင့်လေယာဉ်မှူးက လေယာဉ်ရှိ ရေဒီယိုလှိုင်းတုံ့ပြန်ထုတ်လွှင့်စက်(transponder) အလုပ်မလုပ်တော့ကြောင်း စကားသံဖြင့် ဆက်သွယ်ခဲ့ရာ မြေပြင်စခန်းက နံနက် ၁ နာရီ ၂၁ မိနစ်တွင် နောက်ဆုံးရရှိခဲ့သည်။

ယင်းစက်ပုံမှန် အလုပ်လုပ်မှသာ လေကြောင်း ထိန်းသိမ်းရေးမျှော်စင်မှ ရေဒါဖြင့် ယင်းလေယာဉ်ကို ထောက်လှမ်းမိနိုင်သော်လည်း စစ်ဘက်သုံးရေဒါများသည် လေယာဉ်ကွင်းမှ ပျံတက်သွားသည့် လေယာဉ်တိုင်းကို ဆက်သွယ်ရေးဂြိုဟ်တုစနစ်အသုံးပြုကာ ရေဒါဖြင့် ဖမ်းယူနိုင်သည်။မြေပြင်စခန်းမှ လေယာဉ်မှူးအခန်းသို့ ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ချေ။

ယနေ့ခေတ်တွင် လေကြောင်းပျံသန်းမှုသည် အထိရောက်ဆုံး ပို့ဆောင်ရေးစနစ်ဖြစ်သဖြင့် တစ်ကမ္ဘာလုံး တွင်ကျယ်စွာ အသုံးပြုနေကြသည့်တိုင် ဆန်းကြယ်သော လေယာဉ်ပျောက်ဆုံးမှုများကိုမူ အဖြေမရှာနိုင်ကြပါ။

Credit – မူရင်းရေးသားသူအားလေးစားစွာဖြင့်