ကျွန်တော်ရုပ်ရှင် စကြည့်စဉ်ကပင် မြန်မာမင်းသမီးများအနက် တင်တင်မူသည် အခြားမင်းသမီးများနှင့် မတူတမူခြားနေ ကြောင်း သတိထားမိ၏။ ဘယ်နေရာ ဘယ်ဟာရယ်လို့ အတိအကျမသိ။ ဗြိတိသျှဘားမားမှ ရပ်ရှင်စာစောင်များဖတ်သည်၊ ကြော်ငြာတွေထဲမှ တင်တင်မူပုံတွေ၌လည်း တခုခုထူးနေသလိုပင်။ နောက်ထပ်ကြည့်တော့ ဇာတ်လမ်းတို့ မင်းသားတို့ထက် တင်တင်မူ၏ ထိုအထူးကိုသာ ပိုပြီးအလေးထားရှာ၏။
တွေ့ပါပြီ၊ ဝတ်စားပုံရယ်၊ လမ်းလျှောက်ဟန်ရယ်၊ စီးကရက်ကို နှုတ်ခမ်းပေါ်တင်ရုံလေးတင်ကာ သောက်ပြတာရယ်။ အဲဒီသုံးချက်ကို တင်တင်မူ၏ ကိုယ်ပိုင်ဟန်ဟု တင်းစားရေးသားလာကြသည်ကို နောက်ပိုင်း၌ ကျွန်တော်ဖတ်လာရသည်။
တင်တင်မူသည် ထဘီပျော့ပျော့ကို သူ၏မုဒုံမယ်ကိုယ်လုံးအလှအပပေါ်လွင်ဖို့ အသားနှင့်ကပ်အောင် တင်းတင်းဝတ်သည်။ ထိုသို့သော အသားပျော့အဝတ်အစားသည် Black and White ရုပ်ရှင်၌ အရေးပါပြီး ပိတ်ကားပေါ် အရောင်စိုလာတတ်သည်ကို ကျွန်တော်ရန်ကုန်တက္ကသိုလ် ဓာတ်ပုံသင်တန်းတော့ သိလာရ၏။ လှသည်မှန်သော်လည်း ထဘီပျော့ပျော့ဝတ်ပြီး လမ်းလျှောက်ဖို့ခက်ကြောင်း ဝတ်ဖူးသူတို့ ပိုသိကြမည်။
တင်တင်မူကမူ ဆင်မယဉ်သာလို လျှောပြေစွာ ခြေလှမ်းလိုက်တိုင်း ခြေတံအလှကိုကြည့်ခွင့်ရ၊ ခါးကို မသိမသာလှည့်လိုက်ချိန် တင်ပါးအလှကို လှစ်ကနဲမြင်ရသည်။ Photography ကျွမ်းသောမောင်တင်ယုလို ဒါရိုက်တာမျိုးကျတော့ တင်တင်မူ၏ လမ်းလျှောက်ဟန်ကို ကင်မရာ Swing လုပ်အမီလိုက်ရိုက်ပြနိုင်၍ ပိုမိုပြည့်ဝစွာ နှစ်ယော်ထဲနေချင်တယ် တွင်ကြည့်ကြရသည်။
တင်တင်မူ၏ ကိုယ်ပိုင်လမ်းလျှောက်ဟန်ပါ။
တင်တင်မူနှုတ်ခမ်းပေါ်က စီးကရက်လေးပြုတ်ကျလာလေမလားဟု တထိတ်ထိတ်နှင့်ငေးကြည့်– မီးခိုးမှုတ်လိုက်တော့မှစိတ်အေးရသည့် သောက်ပြပုံသည် မင်းဟန်ဆိုးဟန် မဟာဆန်သည်ဟု ဆိုကြကုန်၏။
ကိုမြတ်လေး အဘယ့်ကြောင့် သူ၏ပွဲဦးထွက်အဖြစ် တင်တင်မူကို ရွေးသနည်း၊ အခါအခွင့်ကြုံပါလျက် မမေးလိုက်ရသမို့ မရေးပြနိုင်ပါ။ သို့သော်လည်း ပင်လုံထိပ်ထားဦးအဖြစ် တင်တင်မူလွယ်ကူပီပြင်စွာ သရုပ်ဆောင်သွားပုံက အဖြေတိုင်းတစဟု ကျွန်တော်ထင်ပါသည်။
နှစ်ယောက်ထဲနေချင်တယ် ကကော၊ ဒါရိုက်တာကရွေးခြင်းလား–ဝင်းဦးကကြိုက်လို့လား မသိနိုင်။ အမေရိကန်ရုပ်ရှင်ကို မှီးထားပြီး–ဇာတ်လမ်းအတန်ငယ် ဘိုဆန်သည်။ သားကြီး သမီးရှိ မုဆိုးမက မိမိထက် အသက်ငယ် အဆင့်နိမ့်သူကို လက်ထပ်ရမည့်ကိစ္စ–မြန်မာပရိသတ်အတွက် မလွယ်လှ။ ပျောက်လုလု အငုတ်စိတ် ပြန်နှိုးဖို့စာတွေအများကြီးနှင့် စာရေးဆရာဝင်းဦး သူ့ဝတ္ထုထဲ ပေါ်လွင်အောင်ရေးခဲ့ပြီးပြီ။
ရုပ်ရှင်ထဲ ဝင်းဦးဖြစ်စေချင်သည့်အတ်ိုင်း ပြဖို့ကမူခက်ပါဘိ။ Justify လုပ်ဖို့ –ဆိုလိုသည်က သူ့ကိုချစ်သင့်တာပေါ့ဟု ပရိသတ်လက်ခံနိုင်အောင်။ ထိုအခြေအနေတွင် တင်တင်မူအပြင် အခြားမင်းသမီးမရှိ– ဟုမဆိုသာ၊ တင်တင်မူထက် ပိုသင့်တော်မည်သူ မရှိနိုင်သမို့ရွေးကြဟန်တူသည်။
တင်တင်မူ၌ ပြိုင်လိုစိတ် Challenge စိတ်ရှိ၏။
ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်တို့ကဲ့သို့ အနုပညာသည် အများစုတွင် လုပ်ကိုင်ရာ၌ ထိုစိတ်မျိုး ရှိနေကျမို့မထူးဆန်း။ နှစ်ယောက်ထဲနေချင်တယ်ရိုက်စဉ်တွင်လည်း တင်တင်မူက ဝင်းဦးနှင့်ပြိုင်ရာ– အနိုင်မခံလိုသူ မျက်နှာစိမ်း မင်းသား၏ မြုတ်နေသေးသည့် စွမ်းရည်များထွက်လာပြီ။ ပြိုင်ရာ၌ မင်းသမီးက လမ်းပိတ်မထား၊ ဖွင့်ပေးကာ ဘေးချင်းယှဉ်စေသည်။
ထို့ကြောင့်လည်း နောက်ပိုင်း လျှမ်းလျှမ်းတောက် မင်းသား၊ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ကုမ္ပဏီထောင် စသဖြင့်ဖြစ်လာချိန် ဝင်းဦးသည် တင်တင်မူနှင့် တွဲရဲ တွဲနိုင် တွဲချင်လာခြင်းဖြစ်ပေလိမ့်မည်။
မိမိ၏ခင်ပွန်း ကျော်ဝင်းသာမက မည်သည့်မင်းသားနှင့်မဆို တွဲနိုင်သော တင်တင်မူသည် ပြိုင်ဖက်မင်းသားကိုလိုက်၍ ပြိုင်စမြဲပင်။ ဘိုဆန်သည်ဆိုသော တင်တင်မူ မင်းသားမောင်မောင်တာနှင့် ဇာတ်ကား(နာမည်မမှတ်မိ)၌ ပါးနပ်စွာအပြိုင်ကြဲကြပုံ သတိထားမိသည်ဖြစ်စေ မထားမိသည်ဖြစ်စေ၊ အလွန်ကြည့်ကောင်းသည့် အဆင့်မြင့် မြန်မာရုပ်ရှင်ဖြစ်ခဲ့သည်။
ကျော်ဆွေနှင့်တွဲသော ရုပ်ရှင်ကိုလည်း မမှတ်မိ၍မရေးနိုင်ပါ။
မောင်တင်မောင်၊ ကြည်ကြည်ဌေး၊ အေးကြူတို့ပါဝင်သော ရတနာပုံတွင် တင်တင်မူသည် မိမိရီအဖြစ် သာမန်အဖြည့်ခံပါ၊ သို့သော်လည်း ဝါရင့်သဘာရင့် ဒါရိုက်တာမင်းသားနှင့် ရင်ကော့ကာအပြိုင်သရုပ်ဆောင်၍ အရေးပါသော ဇာတ်ပို့ဖြစ်လ၏။ မေရှင်လိုပင် အေဝမ်းအဆိုတော်ကြီး မောင်တင်မော်နှင့် သင်္ဂီစုံတွဲသီးချင်းဆိုပြကာ နောက်ပိုင်းဓာတ်ပြားအဖြစ်ပင် ထွက်ခဲ့သည်။
ဝင်းဦးနှင့် ဒါရိုက်တာ သက်လယ်၏ နှင်းပျောက်တဲ့နွေ၌ ပြန်ဆုံကြ၏။
ဇာတ်လမ်းအရ ဝင်းဦးကိုကြိုက်နေသူ ဓာတ်ပြားကမ္ပဏီပိုင်ရှင် သူဌေးမကြီး၊ ပြိုင်ရမည့်သူက ဖျာပုံမယ် တင်တင်အေး၊ ရိုးသားဖြူစင်သော တက်သစ်ဂီတပညာသည်လေး။ ဝင်းဦးကို လုရမည့်ဇာတ်လမ်း– သဘောကောင်း ခပ်ပေါ့ပေါ့နှင့် လွှတ်ပေးလိုက်လျှင် မုန့်ပေးကြိုက်သော ငွေရှင်မိန်းမဆိုးကြီးဖြစ်သွားမည်။ ဘက်စုံကထိုအခါပိတ်ဆို့ကာ ဇာတ်ကောင်ထက် ပင်ကိုတင်တင်မူအဖြစ် နေပြလိုက်ဖို့ မြန်မာရုပ်ရှင်၌ သိပ်မခက်လှပါ။ The Singer not the Song သဘောမျိုးလေ။
အဓိကဇာတ်ဝင်တေး နှင်းပျောက်တဲ့သီချင်းက မာမာအေး အသံ၊ တင်တင်အေးခမျာ သီချင်းမဆိုနိုင်ရှာ။ တင်တင်မူကား ဥတုသုံလီ၊ အထူးသဖြင့် ရွှေလည်တိုင် ဓာတ်ပြားတို့နှင့် နာမည်ကြီးနေပြီမဟုတ်လား။
တင်တင်မူကို ကြိုက်သူတို့က မိမိကိုယ်ကို ကာကွယ်ခြင်းဟု မြင်ကြပေမည်။
အဖေမင်းသား အမေမင်းသမီးတို့က မွေးသည့် ဒေစီကျော်ဝင်း ခပ်မြန်မြန်တက်လာပြီ။
သားအမိနှစ်ယောက်တွဲ ဓာတ်ပုံများစွာတို့နှင့် စာစောင်များစွာတို့ကနေရာပေး ဖော်ပြကြသည်။ ခေါင်းဆောင်မင်းသမီးအဖြစ် ကိုမြတ်လေးပင်လျှင် တင်ရိုက်ကြ၏။ ထိုခေတ်ရှိ မင်းသားတိုင်းလိုလိုနှင့် တွဲနိုင်တွဲရနှင့် ရေပန်းစားလာ၏။ သွေးကစကားပြော–ပင်ကိုယ်အရည်အသွေးကလည်းရှိ၊ ဒါရိုက်တာကောင်းနှင့်ဆုံ–စသဖြင့် မကြာမီအကယ်ဒမီရ မင်းသမီးဖြစ်လာချိန် မြန်မာ့အသံ အင်တာဗျူး၌ ဒေစီကျော်ဝင်းပြောသွားသည့် စကားသည် အဖိုးတန်ဖော်ထုတ်ချက် မှတ်တမ်းဖြစ်လာ၏။
မျက်လုံးနဲ့သရုပ်ဆောင်တတ်အောင် ကြိုးစားဖို့တိုက်တွန်းရင်း–အမေကသင်ပေးတယ်၊ ခက်တော့ခက်တယ် ဒါပေမယ့် ထိရောက်လို့ ဒေစီဆက်ကြိုးစားနေတယ်–တဲ့။
ထိုစကားကြားလိုက်ပြီးနောက် တင်တင်မူ၏ မျက်လုံးကို သူပါဝင်သော ရပ်ရှင်ကားတွေထဲ ပြန်မြင်လာပြီ။ မျက်လုံးနှင့် အဘယ်သို့ သရုပ်ဆောင်သနည်း။ သူသရုပ်ဆောင်ရမည့် ဇာတ်ညွှန်းပါ ဇာတ်ကောင်၏ စရိုက်ကိုနှလုံးသွင်း၊ မျက်လုံးထဲ Feeling ထည့်ကာ ဒါရိုက်တာခိုင်းသည့်အတိုင်း အမူအရာလုပ်ရုံပါပဲ။ ကင်မရာရိုက်သည့်ထဲ မင်းသမီးမျက်နှာပါနေမှတော့ တင်တင်မူမျက်လုံး ပရိသတ်အဖို့ ဘယ်လွတ်တော့မလဲ။
နှစ်ယောက်ထဲနေချင်တယ်ဆီ ပြန်သွားကြပါစို့။
ဝင်းဦးက နောက်ကနေသိုင်းဖက် လည်တိုင်ကိုငုံ့နမ်းနေစဉ် မျက်လုံးမဖွင့် မှေးစင်းပေထားသည့် တင်တင်မူ၏ မျက်နှာပေးကို ရှေ့ကနေရိုက်ပြပုံသည် ဇာတ်လမ်းအတွက် အလွန်အရေးပါသည်၊ ရုပ်ရှင်ပညာအရ ထိရောက်သည်။ ထိုနှိုးဆွအနမ်းကို ဆင်ဆာကဖြစ်လို့မရ။ ပရိသတ်ထံသို့မူရောက်၏။
ထိုပြကွက်က ဝင်းဦးအား ပျိုမေတို့၏ အသဲစွဲအဖြစ်သို့ တွန်းတင်ပေးခြင်းဟု သတ်မှတ်ကြသည်။
ရွှေလည်တိုင်သည် စာသား( Lyrics) ကို အသားပေးကာ မိန်းမသားတဦး၏ ရင်တွင်းခံစားမှု သရုပ်ဖော် ဖွဲ့စပ်ထားသော သီချင်းဖြစ်သည်။ မြို့မငြိမ်းကဲ့သို့ပင် ဘာသစကားနှင့်စာပေ (Language and Literature) ပိုင်နိုင်သူ ရွှေပြည်အေးသည် သူစန္ဒရားတီးသလို စကားတလုံးချင်း– အတွဲလိုက်– အပြွတ်လိုက်–တခါတလေခပ်စိပ်စိပ် တခါတလေ ခပ်ကြဲကြဲနှင့် စာသားကို ကစားထားသည်။
တေးသွား (Melody) ကိုမူ အဖြည့်ခံခပ်ဖော့ဖော့ ခပ်မှိန်မှိန်ထား၍ ဆိုသံထဲက စကားလုံးများ ဝင်းကနဲ–လက်ကနဲဖြစ်နေသည်။ အဆိုပညာ၌ မွေးကာစသဖွယ်နုနေသေးသူ တင်တင်မူ ( သီချင်း ၃ ပုဒ်သာဆိုဖူး) အား ဂီတဘိုးအေကြီးက နားချရှင်းပြ ကျညက်အောင် ပြင်ဆင်ပြီးမှ အသံသွင်းပုံရသည်။ ဓာတ်ပြားထဲက တင်တင်မူ၏ ဆိုသံသည် ငြိမ့်ပြီးနားထဲဝင်လာပြီ။
ငိုသံရှိုက်သံကင်းကာ သို့သော်ရင်တွင်းကအလွမ်းပေါ်လွင်စွာ– အာမေဍိတ်သံမစွက်ညီးသံပါးပါးလေး ချောပြေစွာ တင်တင်မူ အဘယ့်ကြောင့်ဆိုနိုင်သနည်း။ ဒေစီကျော်ဝင်းပြောခဲ့သလို နှုတ် လျှာ အာတို့တွင်း Feelng သွင်း၍များ ဆိုလေသလားမသိ။
နှစ်ပေါင်းအတန်ကြာ ကင်းကွာပြီးနောက် မကြာသေးမီက ရွှေလည်တိုင် ပြန်ကြားရ၏။
စန္ဒရားချစ်ဆွေ၏ လက်စွမ်းပြရာနောက်သို့ ကြိုးစားကာ ပြေးလိုက်ရရှာသူ အဆိုတော်လေး အိအိချွန် မမီတမီနှင့် စသာများ လွတ်သည့်အခါလွတ်နှင့်။ Karaoke မို့ နားထောင်သူများ လိုက်ဆိုနိုင်ရန် စာသားများ ဖော်ပြပေးထားသည်။ ငယ်ပေါင်းကို မကြင်နာသူက မမြင်လာပဲ အသဲစုတွေ ကွဲလုကြေဟု လွဲမှားစွာရေးထား ဆိုထား၏။
ရွှေပြည်အေးစပ်ထားသည့် အမှန်က အသဲစုတွင် ကွဲလုချင်ချင်–ဟူ၍ဖြစ်သည်။
စာသံပေသံ ဟိတ်နှင့်ဟန်နှင့် ရေးဟန်သည် တည်၏၊ ခန့်၏၊ ထယ်ဝါ၏၊ဣန္ဒြေရစေ၏ ဟု ဆရာဇော်ဂျီက ရသစာပေအဖွင့်၌ ရေးသားခဲ့သည်။ ရွှေလည်တိုင်မလေး ကိုယ်ရှိန်သပ် ဆံပင်ကအစ ပြန်လည်ပြင်ဆင်ကာ ချစ်သူဆက်မျှော်ပုံကို ရွှေပြည်အေးက စပ်ဆိုခြင်းဖြစ်သည်။
ခုတော့ ပေါ့ပျက်ပြီ–ပျက်ပြီ။
အင်း–သို့သော်လည်း ပုဂံခေတ်မြစေတီကျောက်စာကိုလှမ်းပြင်– အနန္တသူရိယတို့ ပဒေသရာဇာတို့ တစ်မသုံးတတ် သတ်ပုံ အမှားထောက်ပြ–ခေတ်ကာလတွင် ဒါလေးကို အပြစ်မတင်သင့်ဟု ဆင်ခြင်မိ၍ တော်ပါသေးရဲ့။ တင်တင်မူ၏ ရွှေလည်တိုင်ဓာတ်ပြားမှ ရှာမရနိုင်တာကိုး။ ပြီးတော့ ဒီပြန်ဆိုတေးကြောင့် ဒီစာကိုကျွန်တော်ရေးဖြစ်ခြင်း မဟုတ်ပါလား။
ကျွန်တော်သည် ရုပ်ရှင်ဝေဖန်သူမဟုတ်၊ ဂီတသုံးသပ်သူလည်းမဟုတ်၊ သာမန်လူတစ်ယောက်ပါ။ တင်တင်မူကို ကြိုက်သူ တစ်ယောက်သာ ဖြစ်ပါ၏။ ၁၆ နှစ်သားကကြိုက်လာခဲ့သော တင်တင်မူ သူ့အကြောင်း ပိုသိလေ ပိုကြိုက်လေနှင့် ခုလည်း ကြိုက်ဆဲပင်။
နှစ်တွေကြာခဲ့ပါပြီ။ တင်တင်မူလည်း မရှိတော့။
တင်တင်မူ၏ ရုပ်ရှင်တွေက ရှိနေသေး၊ သီချင်း ၃ ပုဒ်က ကျန်နေသေး။ ဒါဆို ရှင်နေသေးလို့များလား၊ ထို့ကြောင့် တင်တင်မူ မသေ သေသော်တင်တင်မူပြန်ဖြစ်၏ဟု တွေးမိကြောင်းပါ။
crd,မောင်အောင်မွန်
၂၀၁၈ ခု၊ မတ်လ (၁၈) ရက်နေ့
တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့သော မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ တင်တင်မူကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြလိမ့်မယ် ထင်ပါသည်။ ဒါပေမယ့် လူငယ်တွေကတော့ တော်တော်ဝေးသွားလို့ မသိနိုင်လောက်ဘူး။ မင်းသမီးကြီး တင်တင်မူဟာ စီးကရက်ကို လက်ကြားညှပ်လို့ စတိုင်ကျကျသောက်ပြီး အထက်တန်းလွှာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်သည်။
တင်တင်မူသည် အနုပညာတွင် ဝါသနာထုံသကဲ့သို့ အားကစားဘက်တွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ မုဒုံဇာတိဖြစ်သူ တင်တင်မူသည် ၁၉၄၇ ခုနှစ်က ကာယဗလမောင်မယ်ရွေးပွဲ၌ မုဒုံမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အနုပညာ လောကသို့စတင်ခြေချခဲ့သည်။ ထိုစဉ်က တင်တင်မူ၏အမည်မှာ မုဒုံအမာတင်ဖြစ်ပြီး ၎င်း၏ ပထမဆုံးသော ဇာတ်ကားမှာ မင်းသားဇေယျနှင့်အတူ ပါဝင် သရုပ်ဆောင်ထားသည့် လင်နှင့်အပျို ဇာတ်ကားဖြစ်သည်။
ယင်းဇာတ်ကားမှ ဒါရိုက်တာ ဦးချန်ထွန်းက အမာတင်(ခ) မသက်တင်ကို တင်တင်မူဟု အမည် ပြောင်းပေးခဲ့ရာမှ ရုပ်ရှင်မင်းသမီး တင်တင်မူဖြစ်လာခဲ့သည်။ တင်တင်မူအမည်ဖြင့် ရွှေပေါ်မြတင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ချစ်ခြင်းငယ်ပြိုင် ဇာတ်ကားတွင် မင်းသားကျော်ဝင်းနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ရာမှ ၎င်းတို့နှစ်ဦး မေတ္တာမျှကာ လက်ထပ်ခဲ့ကြသည်။
၁၉၄၉ ခုနှစ်တွင် ရုပ်ရှင်မင်းသမီးတင်တင်မူသည် နေ့ဘက်တွင် ရုပ်ရှင် ရိုက်ကူးပြီး ညဘက်တွင် ပြဇာတ်ကခဲ့သည်။ တင်တင်မူ၏ ပထမဆုံးကပြခဲ့သည့် ပြဇာတ်မှာ ပင်မြင့်မာလာပြဇာတ်ဖြစ်ပြီး ၁၉၄၉-၁၉၅၅ ခုနှစ်များအတွင်း တင်တင်မူ၏ ထင်ရှားသောပြဇာတ်များမှာ ပင်မြင့်မာလာ၊ မုန်းချစ်သနား၊ ညိုပြာညက်ကယ်၊ ချစ်တော့ချစ်တယ်၊ ချစ်ပန်းသဇင်၊ ချစ်သမျှကို၊ လူကုံထံ၊ ငယ်ကျွမ်းဆွေ၊ ခိုင်းတော့သက်ဝေ၊ ချစ်ပန်းနှစ်ခိုင် စသည်တို့ဖြစ်သည်။
တင်တင်မူသည် ပြဇာတ် ၃၀ ကျော် ကပြသရုပ်ဆောင်ခဲ့ရာတွင် ဒဂုန် ဆရာတင်၏ ငယ်ကျွမ်းဆွေပြဇာတ်တွင် အသက်အဖြစ် ပါဝင်ကပြခဲ့ရာ အလွန် နာမည်ကြီးခဲ့ပြီး ယင်းပြဇာတ်ကို ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော် ရာတွင်လည်း တင်တင်မူပင် ပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့သည်။
မင်းသမီးကြီး တင်တင်မူဟာ ၁၉၆၅ ခုနှစ်မှာ “သဲလွန်စ” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိခဲ့သည်။ ဒါပေမဲ့ မာနကြီးလှတဲ့ တင်တင်မူဟာ ဇာတ်ပို့ဆုကို သူကိုယ်တိုင် သွားယူခဲ့ခြင်း မရှိပါဘူး။ ပြည်သူချစ်သော နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဝင်းဦးကိုလည်း တင်တင်မူက တင်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။
“နှစ်ယောက်ထဲနေချင်တယ်” ဇာတ်ကားမှာ တင်တင်မူနဲ့ တွဲဖက် သရုပ်ဆောင်အပြီးမှာ ဝင်းဦး တစ်ယောက် နာမည်ပိုကြီး လာခဲ့ပါတယ်။ တင်တင်မူရယ်လို့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့တလျှောက် မင်းသမီးကြီးဟာ ဇာတ်ကားပေါင်း မြောက်မြားစွာကို ရိုက်ကူးခဲ့တယ်။
ဇာတ်ကားပေါင်း များစွာမှာ ဇာတ်ကောင် စရိုက်ပေါင်း များစွာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူပါ။ ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့ရင်း မင်းသမီးကြီးဟာ အနုပညာနယ်ပယ်ထဲက သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသား ကျော်ဝင်း နဲ့ လက်ထပ်ခဲ့ပါတယ်။
တင်တင်မူရဲ့ ခင်ပွန်းဖြစ်တဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်ဝင်း ဟာလည်း ၁၉၅၂ ခုနှစ်မှာ “မာလာရီ” ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား ကိုကျော်ဝင်း အကယ်ဒမီရခဲ့စဉ် ၁၉၅၂ ခုနှစ်တုန်းကဆို အကယ်ဒမီရယ်လို့ မခေါ်ကြသေးပါဘူး။
အမျိုးသားပညာသည်ဆုလို့ ခေါ်ဝေါ်သတ်မှတ်ခဲ့စဉ်ကပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီး ဒေစီကျော်ဝင်းဟာလည်း သူတို့ရဲ့ အနုပညာအမွေကို ဆက်ခံခဲ့သူပါ။ သမီးဖြစ်သူ မင်းသမီးဒေစီကျော်ဝင်းဟာလည်း ပရိသတ်ချစ်ခြင်းကို ခံရတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒေစီကျော်ဝင်းဟာ ၁၉၇၁ ခုနှစ်မှာ “အားနွဲ့သူပါရှင်” ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်။
အခုလို ခင်ပွန်း၊ ဇနီးနဲ့ သမီး မိသားစုသုံးယောက်စလုံး အကယ်ဒမီရခဲ့တဲ့ ဖြစ်စဉ်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ရှာမှရှားတဲ့ ဖြစ်စဉ်ပဲတစ်ခုပါပဲ။
crd,ဝီကီပီးဒီးယား