မုတ်ဆိုးခြုံဗိုလ် ဦးတွန် (သို့) ယိမ်းနွဲ့ပါးဒါးပိုင်ရှင်ဗိုလ်တွန်(သို့) စစ်သူကြီးမင်းခေါင်နော်ရထာ

တတ်ိယမြန်မာနိုင်ငံတော်ကြီးကို စတင်ထူထောင်သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နှင့် ပြည်ထောင်ဘက် သွေးသောက်ရဲဘော်ရဲဘက် မုတ်ဆိုးခြုံရွာသားဖြစ်သည်။

စစ်ရေးစစ်ရာနဲ့ပါတ်သက်လို့ အရာအားလုံး ကိစ္စကြီးငယ်ရှိလာပါက မင်းတရားကြီး ဦးအောင်ဇေယျကိုယ်တိုင်က”ကိုတွန်ရေ ဒီကိစ္စကတော့ ဒီလိုလုပ်မယ်ဆို သင့်တော်ရဲ့လား ကိုယ်တော်ကတော့ ကိုတွန့်ထင်မြင်ချက်လေး သိခြင်ပါ့ဗျာ”ဟု ဆိုကာတိုင်ပင်ရသူကိုတွန်ဆိုတာ တစ်ခြားသူမဟုတ် မူလပထမ မုဆိုးဖိုရွာကိုထန်းလုံးတပ်လုပ် ။ ကိုယ်ခံပညာထက်မြက်သော မြင်းရည်တက်ဖွဲ့ခံ သူရဲ( ၆၈) ယောက်ဖွဲ့ခဲ့စဉ်ကထဲကပါဝင်လာသူပါ ။

သူရဲ၆၈ယောက်ထဲက အထက်မြက်ဆုံး စစ်ရေးစစ်ရာနားအလည်ဆုံး ဦးအောင်ဇေယျနဲ့လဲအသက်ခြင်းလဲမကွာလှ ဦးအောင်ဇေယျအားအကိုးဆုံးစစ်သူကြီးဗိုလ်တွန်ကအလောင်း မင်း တရားဦးအောင်ဇေယျနဲ့အတူ စစ်ပွဲပေါင်းမြောက်များစွာကို အောင်နိုင်ခဲ့တယ်။

အလောင်းမင်းတရားကြီးကိုယ်တိုင်ဗိုလ်တွန်ကိုအောက်ပါဘွဲ့တော်များပေးသနားဂုဏ်ပြုခဲ့ပါတယ်။ဒါ့အပြင် ဘုရင်မင်းတွေသာကိုင်ရိုးဖြစ်သော နာမည်ကျော် “ယိမ်းနွဲ့ပါး” ဒါးတော်ကိုပါအလောင်းမင်းတရားကသားတော်တွေကျော်ကာ ချီးမြှင့်ပေးသနားထားပါတယ်။ ပေးအပ်ထားတဲ့ဘွဲ့တွေက

၁။ သီရိရွှေတောင်
၂။ မင်းလှရွှေတောင်
၃။ မင်းလှမင်းခေါင်
၄။ မင်းခေါင်နော်ရထာ
၅။ မုဆိုးချုံဗိုလ်

သို့သော်ဗိုလ်တွန်ကိုလူတွေသိပ်မသိကြပါ ။သူရဲ့ကျော်ကြားသောနာမည်မှာ စစ်သူကြီး မင်းခေါင်နော်ရထာ ဖြစ်ပါသည်။အထူးသဖြင့် အယုဒ္ဓယမြို့ကို ချီတက်ဝန်းရံထားစဉ်ကာလ အတွင်း အလောင်းမင်းတရားကြီး ရုတ်တရက် မမာမကျန်း ဖြစ်လာသဖြင့် တပ်ပြန်ဆုတ်သည့်အခါ မင်းခေါင်နော်ရထာဘွဲ့ခံ ဗိုလ်တွန်သည် နောက်ချန်တပ် အဖြစ် နေရစ်ခဲ့ရသည်။

မင်းတရားကြီး ဆုတ်ခွာသွားကြောင်း ယိုးဒယားသားတို့ သိလျှင် တစ်မြို့လုံးထွက်၍ ဗိုလ်တွန်၏ နောက်ချန်တပ်ကို လာရောက် ဝိုင်းရံကြသည်။အခြားတပ်မှူးများက ယိုးဒယားတို့ အခွင့်အရေးမရမီ အမြန်ဖောက်ထွက်ရန် ဗိုလ်တွန်အား တိုက်တွန်းသော်လည်း မင်းတရားကြီး စိတ်ဖြောင့်ဖြောင့် ဆုတ်ခွာနိုင်ရန် အသက်ကို ပဓာနမထားဘဲ ယိုးဒယားတို့၏ အဝိုင်းကို ခံလေ၏။

များမကြာမီ ယိုးဒယားတို့ဘက်မှ အင်အားတိုးသထက် တိုး၍ ဝိုင်းရံလာသည့်အခါ ဗိုလ်တွန်သည် မိမိတပ်များကို လေးတပ်ခွဲ၍ အရပ်လေးမျက်နှာမှ ရံလာသမျှ ယိုးဒယားတပ်များအား အတင်း တရကြမ်း ထိုးခုတ် ပစ်ခတ် တိုက်ခိုက်လေ၏။

ဤတွင် ဝိုင်းရံလာသော ယိုးဒယားများ မခံမရပ်နိုင်ဘဲ အကျအဆုံးများစွာဖြင့် မြို့တွင်းသို့ ပြန်ဆုတ်ပြေးကြသည်။ ထိုသို့ ပြန်ဆုတ်နေသည်ကိုပင် မင်းခေါင်နော်ရထာက မြို့ရင်းတိုင်အောင် မြင်းနှင့်လိုက်၍ ထိုးရာ ရွှေထီးဆောင်း ယိုးဒယားဗိုလ်တစ်ဦး၏ ခေါင်းကိုပင် ဖြတ်ယူ ရရှိခဲ့လေ၏။

“ဟဲ့ ဗိုလ်မင်းတို့ ဒီစိန်ပြောင်းအမြောက်သံတွေက ငါ့ရောင်းရင်း ကိုတွန်တပ်ကအသံမဟုတ်လား ကဲ ဗိုလ်မင်းတို့ အသင့်ပြင်ကြ ကိုတွန်ကိုသွားကူလိုက်ရအောင်”မင်းခေါင်နော်ရထာက ယိုးဒယားတို့ကို တိုက်သည့် သေနတ်စိန်ပြောင်းသံများကို သွေးသောက်ဖက် မင်းလှနော်ရထာသိလျှင် မိမိတပ်များနှင့် အဆောတလျင် ကူညီရန် ရောက်လာလေ၏။

အောင်ပွဲရပြီးသူ မင်းခေါင်နော်ရထာသည် “အမယ်မင်းကိုရင်ရယ်စိတ်ပူရန်ကော ငတွန်ပါ ဘာမှတ်သတုံး ငတွန်အကြောင်းအခုမှ ယိုးဒယားတွေကိုပြရတာပါ့ ပြန်ပါလေရောင်းရင်းရဲ့ မင်းတရားကြီးကိုသာအမှီလိုက်ပါ ကိုရင်စေါင့်ရှောက်ပါလေ မကြာခင် တို့လဲတပ်ခေါက်ခဲ့ပါမယ် သွားတော့ကိုရင်”ယိုးဒယားတို့သည်လည်း ထိုတိုက်ပွဲပြီးနောက် မြို့တွင်းမှ ထွက်မလာကြတော့ပေ။

ရက်အတန်ငယ်ကြာသည့်အခါ မင်းခေါင်နော်ရထာသည် မိမိတပ်များကို စုရုံး၍ ပြန်လည် ဆုတ်ခွာလာခဲ့သည်။သို့သော်ထိုသို့ ဆုတ်ခွာနေစဉ်အတောအတွင်း မင်းတရားကြီး၏ သားတော်လတ်မောင်ရွ(ခေါ်)မြေဒူးမင်းသားသည်မင်းခေါင်နော်ရထာကိုမူလကထဲကကြောက်ရွံ့ရင်းစွဲရှိသည်နှင့်အညီ ခမည်းတော်၏အခြေအနေမကောင်းမှန်းသိလျင် မင်းခေါင်နော်ရထာထံမှ မင်းတရားကြီးကိုယ်တော်တိုင် အပ်နှင်းထားသော ယိမ်းနွဲ့ပါး ဓားတော်ကို သိမ်းယူခြင်း၊ မင်းခေါင်နော်ရထာ၏ တပ်များအား ရိက္ခာမထောက်ပံ့ရန် တားမြစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဤတွင် မင်းခေါင်နော်ရထာသည် မြေဒူးမင်းအပေါ်၌ မယုံသင်္ကာစိတ်ပေါ်ပေါက်လာပြီး ထိုသို့ ပေါ်ပေါက်လာခြင်းသည်ပင် ၎င်းင်းအတွက် နောက်ဆုံးနေ့ရက်များ နီးကပ်လာစေခဲ့ခြင်း ဖြစ်သည်။

အလောင်းမင်းတရားကြီးသည် မုတ္တမနယ် ကင်းရွာတွင်၊ (11•5•1760) သက္ကရာဇ် ၁၁၂၂ ခု၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ တနင်္ဂနွေနေ့ မိုးသောက်ယံအချိန်တွင် နတ်ရွာစံပြီးနောက် မြေဒူးမင်းနှင့် ဗိုလ်မှူးအနည်းငယ်က မည်သူမျှမသိစေရဘဲ အလောင်းတော်ကို မပုပ်မသိုးအောင် စီရင်ကာ ပြန်မြဲသော အမိန့်တော်ကို နေ့စဉ်ပြန်စေ၍ ရန်ကုန်သို့ ဆက်လက်ချီတက်စေသည်။

ရန်ကုန်ရောက်မှ နတ်ပြည်စံကြောင်း ကြေညာကာ နေပြည်တော်၌ နောင်တော်ကြီးမင်း နန်းတက်ရန် ခြေမြန်တော်စေလွှတ် လျှောက်ထားသည်။နောင်တော်ကြီးမင်း နန်းတက်သည်ကို ယိုးဒယားမှ ဆုတ်ခွာလာသော မင်းခေါင်နော်ရထာသိလျှင် နောင်တော်ကြီးထံ လူလွှတ်၍-

-“ခမည်းတော်ဘုရား နတ်ရွာစံသည်နှင့် ညီတော် မြေဒူးမင်းသားသည် ဗိုလ်မှူး၊တပ်မှူးတို့နှင့် မုတ္တမ မြသိန်းတန် စေတီတွင် သွေးသစ္စာရေသောက်ကြသည်။ မိမိထံမှ ယိမ်းနွဲ့ပါး ဓားကို သိမ်းယူပြီး ရိက္ခာဖြတ်တောက်သည်။” ဟူသော အကြောင်းကို လျှောက်ထားသည်။

ညီတော် မြေဒူးမင်းကလည်း –

-” မင်းခေါင်နော်ရထာသည် ယိုးဒယားမှ အပြန်တွင် တမင်သက်သက် နှေးနှေးကန်ကန်ပြု၍ နောက်ချန်ရစ်ခဲ့ပြီးလျှင် လူသူလက်နက်သိမ်းသွင်းသည်။ စစ်တောင်းသို့အရောက်တွင် လူလွှတ်ခေါ်စေသော်လည်း မလိုက်လာဘဲ တောင်ငူကြောင်း ချီသွားသည်။ မင်းခေါင်နော်ရထာသည် ခမည်းတော် နတ်ရွာစံပြီးနောက် စိတ်နှလုံး မငြိမ်မဝပ်ဟန်ရှိသည်။” ဟု နောင်တော်ထံ လျှောက်ထားသည်။အမှန်တကယ်တော့ ပုန်ကန်လိုဟန်ရှိသည်ဟုပြောခြင်းပါ။

နောင်တော်ကြီးသည် ညီတော်ထံမှ ထိုစကားကို ကြားသော်လည်း မယုံကြည်ပေ။ မင်းခေါင်နော်ရထာသည် မိမိဖခမည်းတော်နှင့်အတူ ပြည်ထောင်ဖက် သူရဲကောင်းကြီး ဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ထောင့်ခြင်းကို အချည်းနှီး အသက်မသေစေစကောင်း ဟုဆင်ခြင်ကာ တောင်ငူကြောင်း ချီလာသူ မင်းခေါင်နော်ရထာကို အရှင်ဖမ်း၍ ဆက်သရန် ဘထွေးတော် တောင်ငူစား သတိုးသိင်္ခသူကို မှာကြားလေ၏။

သတိုးသိင်္ခသူလည်း မင်းခေါင်နော်ရထာ တောင်ငူမြို့သို့ ရောက်လျှင် ကောင်းစွာ ဆီးကြိုကာ မိမိအိမ်တော်တွင် တရားနာရန် ဖိတ်ကြားလေ၏။ (တရားနာနေစဉ် အရှင်ဖမ်းရန် မိမိဗိုလ် ခြောက်ယောက်ကို မှာကြားထားပြီး ဗိုလ်ခြောက်ယောက်လုံးကလည်း အရဖမ်းဆီး ပြမည်ဟု အာမခံထားကြသည်။)

အဆိုပါ အာမခံ ဗိုလ် ခြောက်ယောက်မှာ-

၁။ ဗလမင်းထင်
၂။ စံလှကြီး
၃။ ဗလပျံချီ
၄။ ဥဒိန်ပုညာ
၅။ ဓမ္မတာ
၆။ ဗညား တို့ဖြစ်ကြသည်။

(အမှန်တကယ် ရဲရင့်သန်မာကြသူများ ဖြစ်ကြသည်။ ဥပမာ- ဗလမင်းထင် သည် ဆင်ဖြူရှင်လက်ထက် တရုပ်တို့ကျူးကျော်စစ်ပွဲလေးကြိမ်စလုံးအနိုင်တိုက် နာမည်ကျော်တရုပ်စစ်သူကြီးများမိမိကိုယ်မိမိသတ်သေစေခဲ့သောထင်ရှားသော စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့သည်။

အခြားသူများမှာလည်း ဆင်ဖြူရှင်၏ ယိုးဒယားမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သူများ ဖြစ်လာသည်။)

သို့သော် မင်းခေါင်နော်ရထာ အမှန်တကယ် တရားနာနေသည့်အခါတွင်မူ မည်သူမျှ မထွက်ဝံ့ကြပေ။ မင်းခေါင်နော်ရထာသည် တရားနာနေစဉ်မှာပင် ဓားကို မချဘဲချပ်ထားသည်။ တောင်ငူမင်းက တရားနာစဉ် ဓားချရန် ပြောသည်ကိုပင် လက်မခံပေ။

ဗိုလ်ခြောက်ယောက်မှာ လိုက်ကာအကွယ်တွင် သူအရင်ထွက်၊ ငါအရင်ထွက်ဖြင့် ငြင်းခုံနေကြသည်။ တောင်ငူမင်းကလည်း လိုက်ကာကိုကြည့်ရင်း မျက်စိမျက်နှာပျက်ရတော့သည်။

ထိုအခြင်းအရာကို မင်းခေါင်နော်ရထာ မြင်လျှင် “အရှင်ဘုရား တပည့်တော်မှာ ခရီးမတ်တပ်ဖြစ်ပါသည်။ တရားပြီးအောင် မနာသာပါ။ သွားရပါဦးမည်”ဟု ဆိုကာ ခါးတောင်းကျိုက်၍ အိမ်တော်ဆင်ယှဉ်သို့ သွားကာ မိမိစီးသောဆင် ကြိုးကြာကန် ကို ခေါ်လေ၏။ ဆင်ဦးစီးလည်း အမြန်လာရောက်ကပ်ပေးရာ ဆင်ပေါ်ခုန်တက်ပြီးလျှင် တောင်ငူမင်း အိမ်တော်မှ အပြင်းခွာလေ၏။

(လမ်းတွင်စိုက်ထားသော စက်ဝိုင်းတိုင်ကို လှံနှင့် ထိုးရာ ထုတ်ချင်းပေါက်သွားလေ၏။ တောင်ငူမင်းနှင့် ဗိုလ်ခြောက်ဦးလည်း ဘာမှမလုပ်နိုင်ဘဲ အံ့အားသင့်၍ ကျန်ခဲ့လေ၏။)

ဤတွင် နောင်တော်ကြီးမင်းသည် ပြည်ထောင်ဘက်သူရဲကောင်းကြီးကို မသေစေလိုသဖြင့် မင်းလှနော်ရထာကိုလည်းကောင်း၊
စစ်ကိုင်း ဇေတဝန် ဆရာတော်ကိုလည်းကောင်း၊ ကျော်ထင်နော်ရထာကိုလည်းကောင်း၊ စေလွှတ်ကာ သုံးကြိမ်တိုင်တိုင် ဖျောင်းဖျစေသည်။

သို့သော် မင်းခေါင်နော်ရထာက နောင်တော်ကြီးမင်းသည် မိမိစကားထက် ညီတော်မြေဒူးမင်းသား စကားကို ပိုယုံလိမ့်မည်၊ မိမိကိုကယ်မည့် အလောင်းမင်းတရားကြီးလည်း မရှိတော့ပြီ ဟုတွေးကာ စေလာသမျှကို ငြင်းဆိုသည်။

များမကြာမီ မင်းခေါင်နော်ရထာသည် အင်းဝမြို့ကို သိမ်း၍ အခိုင်အလုံ နေ၏။ (အင်းဝမြို့သည် စစ်သည်ဆင်မြင်း တောင့်တင်းသော်လည်း ရဲမက်များမှာ မင်းခေါင်နော်ရထာကို ကြောက်ရွံ့ပြီး ဖြစ်သဖြင့် ကြာရှည်မခုခံရဲဘဲ အရှုံးပေးခဲ့ကြသည်။)

စိတ်မလျှော့သေးသော နောင်တော်ကြီးသည် မင်းလှနော်ရထာကို ထပ်မံစေလွှတ်သော်လည်း မင်းခေါင်နော်ရထာက “ရောင်းရင်းရယ် ဒို့များကိုအယုံအကြည်မဲ့သွားပြီဟဲ့ သေမည့်သေငါ့အရှင်ရဲ့အင်းဝမြို့ကို တလားပြုတော့မည်ရောင်းရင်းကို နောက်ဆုံးနှုတ်ဆက်လိုက်ပါရဲ့ သင်ပြန်ပါလေ”ဟုပြတ်ပြတ်သားသား ပြောလိုက်သဖြင့် မင်းလှနော်ရထာလဲစိတ်မကောင်းစွာနဲ့ ပြန်လှည့်ခဲ့ရလေသည်။

ဤတွင် နောင်တော်ကြီးသည် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းဖြင့် အင်းဝကို ဝိုင်းစေသည်။ ထပ်မံမှာကြားသည်မှာ မင်းခေါင်နော်ရထာကို မသေစေဘဲ အရှင်ဖမ်းရန် ဖြစ်သည်။

မင်းခေါင်နော်ရထာနှင့် နောင်တော်ကြီးတပ်များ တိုက်ပွဲသည် တစ်ဖက်စောင်းနင်း ဖြစ်သည်။ မြို့တွင်းသို့ ဝင်မိသော တပ်များမှာ မင်းခေါင်နော်ရထာကို မြင်လျှင် နဂိုကတည်းက ကြောက်ရွံ့ပြီးသား ဖြစ်၍ အသက်လုထွက်ပြေးကြသည်။

တစ်ဖန် မြို့ကို ဝိုင်းထားသည့်တပ်များကို မင်းခေါင်နော်ရထာက ထွက်တိုက်လျှင် ဘုရင့်တပ်များ ကြောက်လန့်ကာ ကစဉ့်ကလျား ထွက်ပြေးကြပြန်သည်။ မင်းခေါင်နော်ရထာ ပြန်ဝင်လျှင် ရံမြဲတိုင်း ရံကြပြန်သည်။ (နောင်တော်ကြီးမင်းသည် စစ်ကိုင်းတွင် ကိုယ်တော်တိုင် တပ်စွဲကာ ညွှန်ကြားသည်။)

သို့သော် မြို့ကို ဝန်းရံသည်မှာ ကြာမြင့်လာသည့်အခါ မြို့တွင်းသားများ ငတ်မွတ်လာကြသည်။ မင်းခေါင်နော်ရထာသည် မိမိ၏ သားမယားများ၊ ရဲဘော်များအတွက် အရှည်ကို မျှော်တွေးကာ ၁၁၂၂ခု၊ နတ်တော်လပြည့်ကျော် ၁၄ ရက်၊ စနေနေ့ညသန်းခေါင်တွင် မြို့တောင်မျက်နှာ ကျော်ဘုံတံခါးမှ မိမိတပ်များနှင့်အတူ ကျောက်ဆည်သို့ ထွက်လေ၏။

ထိုသို့ ထွက်သွားသည်ကို ရံတပ်မှ ဗိုလ်မှူးတပ်မှူးတို့သိလျှင် အပြင်းထွက်၍ နောက်မှ လိုက်လေ၏။ မင်းခေါင်နော်ရထာ ပန်းလောင်မြစ် တစ်ဖက်ကမ်းသို့ ရောက်သည့်အခါ မက္ခရာဗိုလ် သီရိရွှေတောင် စွန့်စွန့်စားစားလိုက်လာသည်ကို မြင်လျှင်-

-” ဟယ် သီရိရွှေတောင်၊ ဘဇာမူ၍ လိုက်လာသနည်း”

-” မင်းကို ဖမ်းမည်ဟု လိုက်လာသည်။”

-” သီရိရွှေတောင်၊ နင် ထမင်းကို မုန်းပြီလား”

ဟုဆိုကာ မြင်းကို ပြန်လှည့်၍ လှံနှင့် ပစ်လေ၏။ သီရိရွှေတောင် လက်ယာနံဘေးကို ပွတ်၍ မြင်းနောက်ညောင်းကို စိုက်လေ၏။ ဤတွင် သီရိရွှေတောင် ထွက်ပြေးရလေသည်။

မင်းခေါင်နော်ရထာသည် မိမိတပ်သားများကို စုရုံး၍ ချီတက်သွားရင်း လမ်းခုလတ် ကန်သစ်ကြီးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဝင်ကာ တရားနာ၏။

တရားဟောဘုန်းကြီးမှာ စိုးရိမ်နေသဖြင့် မင်းခေါင်နော်ရထာက မစိုးရိမ်ဘဲ စိတ်ဖြောင့်ဖြောင့် ဟောရန် ဆိုကာ တည်တည်ငြိမ်ငြိမ်ပင် တရားနာလေ၏။

ဘုရင့်တပ်များမှာ ဘုန်းတော်ကြီးကျောင်းကို ဝိုင်းထားကြသော်လည်း တရားနာပြီး၍ ဆင်းလာသော မင်းခေါင်နော်ရထာက လှံကို မြှောက်ပြ၍ ကြုံးဝါးသည်တွင် မျက်နှာမဆိုင်ဝံ့ဘဲ ထွက်ပြေးကြပြန်၏။

မင်းခေါင်နော်ရထာသည် ကိုယ်လွတ်ရုန်း၍ ပြေးလျှင် လွတ်နိုင်ပါသော်လည်း ကိုယ်လွတ်ကြံတတ်သူ မဟုတ်သဖြင့် မိမိနှင့်ပါလာသော မိသားစုများ၊ တပ်သားများကို ရှေ့ကထား၍ မိမိမှာမူ နောက်ဆုံးမှနေ၍ လိုက်လာသမျှ ဘုရင့်တပ်ကို ဟန့်တားရင်း ခရီးဆက်လေ၏။

ကျောက်ဆည်တောင်၊ လေးခရိုင်၊ ဒိုင်းလေးရွာ အရှေ့ဘက် ဝက်လဲတောင် အနီးရောက်လျှင် တောင်ကြားလမ်း၌ လမ်းပျောက်လေ၏။

ဤတွင် ဘုရင့်တပ်များကို နောက်ကြောင်းပြန် ပြန်လည်တိုက်ခိုက် ဖောက်ထွက်ရရာ မင်းခေါင်နော်ရထာ၏ တပ်သားများ အရှအနများလေ၏။ (မင်းခေါင်နော်ရထာ ကိုယ်တိုင်လည်း ဆီးခြိုက်တွင် သေနတ်ဒဏ်ရာရလေ၏။)

ထို့နောက် ချောင်းတစ်ခုအနီးသို့ ရောက်သည့်အခါ မင်းခေါင်နော်ရထာသည် ချောင်းကမ်းပါးတွင် တစ်ဦးတည်း ထိုင်ကာ သေနတ်ဒဏ်ရာကို လှန်ကြည့်ရင်း နာကျင်စွာ ညည်းညူလေ၏။

ထိုသို့ ညည်းညူနေသည်ကို မြေဒူးသား ငချစ်ကောင်းဆိုသူ မြင်လျှင် မင်းခေါင်နော်ရထာ၏ နောက်သို့ တိတ်တဆိတ် ချဉ်းကပ်ကာ ချောင်းထဲသို့ ရုတ်တရက် တွန်းချလေ၏။

ဒဏ်ရာ ရသော်လည်း သတိမလွတ်သော မင်းခေါင်နော်ရထာသည် မိမိအား တွန်းချသူကို လက်ယာလက်ဖြင့် ပြန်ဖမ်းရာ ငချစ်ကောင်းကိုမိ၍ နှစ်ဦးလုံးထွေးနေလေ၏။

ငချစ်ကောင်း ကြောက်လန့်၍ ကယ်ပါ၊ ယူပါ အော်သည်တွင် သေနတ်သမားများ ရောက်လာကာ ဝင်ရောက် ပစ်ခတ်သည်တွင် မင်းခေါင်နော်ရထာ အရေးနိမ့်လေ၏။

သေအံ့မူးမူး ဖြစ်နေသည့် မင်းခေါင်နော်ရထာ၏ ခေါင်းကို ဘုရင့်တပ်သားတစ်ဦးက ဖြတ်ယူလိုက်သည်တွင် အလောင်းမင်းတရားကြီး၏ ပြည်ထောင်ဘက် ကုန်းဘောင်သူရဲကောင်းကြီး ဇီဝိန်ချုပ်ငြိမ်း ဘဝဇာတ်သိမ်း ရှာလေ၏။

သို့သော်လည်း မင်းခေါင်နော်ရထာ၏ ဆွေမျိုးများကိုမူ နောင်တော်ကြီးမင်းမှ ချီးမြှင့်မြှောက်စားခဲ့လေသည်။မင်းခေါင်နော်ရထာခေါ် မုဆိုးချုံဗိုလ် ဗိုလ်တွန် သူပုန်ဘဝဖြင့် အသက်ဆုံးရခြင်းသည် ထွန်းသစ်စ ကုန်းဘောင်မင်းဆက်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရလေသည်။

စစ်ပွဲများတွင် အစွမ်းပြသော စစ်သူကြီး မင်းခေါင်နော်ရထာကို အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက် အားကိုးရာမဲ့ကာ စိတ်ရှုပ်ထွေးပြီး သူပုန်ဖြစ်သွားရသောကြေကွဲဖွယ်ကောင်းသောသမိုင်းဖြစ်ရပ်တခုလည်းဖြစ်ခဲ့ရပါသည်။

ကိုးကား ; ကုန်းဘောင်ရှာပုံတော်(ညိုမြ)

Crd