ကြံတော..သုသာန် ဆိုတာ မြန်မာပြည်မှာ အကြီးဆုံး သုသာန် ကြီးပဲ..
ကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့တယ်လို့ မှတ်ထားခဲ့ဖူးတယ် ၁၉၉၆ ခုနှစ်ကျတော့မှမြို့တော် အင်္ဂါနဲ့ မညီညွတ်တဲ့အတွက် သုသာန်ကို ပြောင်းရွှေ့ခဲ့တယ်
အဲဒီ သချိုင်းပြောင်းတဲ့အချိန်မှာ..ကျွန်မတို့က ၉တန်း ၁၀တန်းရောက်ပြီဆိုတော့ ကောင်းကောင်း မှတ်မိတတ်တဲ့ အရွယ်ဖြစ်နေပြီ
ခေါင်းထဲပေါ်လာတာလေးတွေ ရေးချင်သေးတယ် သချိုင်း ပြောင်းမယ်ဆိုတော့ သတင်းစာထဲမှာ ကြော်ငြာတွေ ခဏခဏတွေ့ရတော့တာပဲ…
အဲဒီ သချိုင်းထဲက အုတ်ဂူတွေကို သက်ဆိုင်သူဆွေမျိုး သားချင်းတွေ ဘယ်ရက်ကနေ..ဘယ်ရက်အတွင်း..
လာရောက် တူးဖော်နိုင်ပါတယ်..ရွှေ့ပြောင်းနိုင်ပါတယ်..ဆိုတဲ့ အကြောင်းပဲ..
တချို့တွေလည်း..ကိုယ့်မိဘ ဘိုးဘွားတွေရဲ့ အရိုးတွေ ရွှေ့ပြောင်းလိုက်တဲ့ သုသာန်အသစ်မှာ ပြန် မြှုပ်နှံဖို့ သွားတူးကြတာပေါ့
တချို့တွေကျတော့ အရမ်းကြာနေပြီဖြစ်တဲ့ နှစ်ချို့ အုတ်ဂူကြီးတွေလေ..သက်ဆိုင်သူတွေ မြန်မာပြည်မှာတောင် မရှိတော့တဲ့ ဂူကြီးတွေပေါ့..
ပိုင်ရှင်မရှိတဲ့ ဂူတွေ အရိုးတွေကျတော့လည်း သက်ဆိုင်ရာကပဲ ရှင်းလင်း ပစ်လိုက်ရတာပေါ့လေ..
အဲဒီ ကြံတော သချိုင်းထဲကို ကျွန်မက အသက်၆နှစ်မပြည့်ခင်လောက်မှာ စရောက်ဖူးတယ်
အဖိုးကွယ်လွန်တော့ အသုဘရှုအခမ်းအနားထဲ ကိုယ်လည်း ရောယောင်ပါသွားတာပေါ့..
အဲဒီနောက်ပိုင်းတော့..အမျိုးထဲက သေဆုံးတဲ့ လူတွေကို အကြောင်းပြုပြီး..ရောက် ဖြစ်ခဲ့တယ်ပေါ့..
စမ်းချောင်းဘက်သွားလို့ အဖေ..အဲဒီဘက်က ကားဖြတ်မောင်းရင်..ကျိုးပျက်နေတဲ့ အုတ်တံတိုင်းကြီးနဲ့
ကြံတော သုသာန်ဝင်းကြီးကို အတွေးပေါင်းစုံနဲ့ ငေးကြည့်မိတာပဲ..သူ့ဝင်းအဝက သံဂိတ်ဝကြီးဆို သံချေးတွေတက်လို့..
မြန်မာ့အသံဝင်းကြီးကျော်လာပြီဆို..အခု Mandalay FM ရုံးတို့..မူးယစ်နှိမ်နင်းရေး ပြတိုက်တို့ ရှိတဲ့နားကစပြီး..
အခု ညောင်ပင်ကိစ္စပွစိပွစိဖြစ်နေကြတဲ့ Times City ဆိုတာအထိဟာ ကြံတော သုသာန်ဝင်းကြီးပဲ…တကယ့်ကို အကြီးကြီး…အထဲမှာလည်း အပင်ကြီးတွေနဲ့ အုပ်ဆိုင်းနေတာပဲ…ကုက္ကိုပင်လို သက်တမ်းရင့်အပင်ကြီးတွေကို အများကြီးပဲ..
အဲ…ဟံသာဝတီအဝိုင်းကိုမပတ်ဘဲနဲ့ ညာဘက်ချိုးချလိုက်တာနဲ့.အင်မတန် ကြီးမားသော တရုတ်အုတ်ဂူ ဝိုင်းဝိုင်းကြီးတွေကို တွေ့ရပါလိမ့်မယ်..
တကယ့်ကို ကနုတ်တွေ ပန်းတွေနဲ့ အခိုင်အခံဆောက်ထားတဲ့ တရုတ် အုတ်ဂူအကြီးကြီးတွေ..
အဲဒီဂူကြီးတွေကြားထဲမှာ..စုတ်ပြတ်နေတဲ့ တဲတွေလည်းအများကြီးပဲ..ထမိန်တွေလှမ်းထားတာ..ကလေးတွေ ဂူတွေကြားထဲ ကိုယ်တုံးလုံးကျွတ် ပြေးဆော့နေတာတွေ မြင်ရတတ်တယ်..
သူတို့က လူသေပြင်တဲ့သူတွေတဲ့…လူသေဆီက အဝတ်အစား ချွတ်ယူကြတယ်…ပန်းကအစ ပြန်ယူပြီး ဆိုင်မှာ ပြန်သွင်းကြတယ်တဲ့…
အဲဒီလူတွေကို တစ်ခေတ်တစ်ခါကတော့..မင်္ဂလာမရှိတဲ့အလုပ်လုပ်သူတွေဆိုပြီး လူရာမသွင်းခဲ့ကြပါဘူး..
စာထဲမှာဖတ်ဖူးတာကတော့..ကြံတောသုသာန်ဟာ..မကောင်းမှုတွေကြီးစိုးတဲ့အရပ်..တဲ့..စျေးအပေါဆုံး ပြည့်တန်ဆာကိုရှာ..အဲဒီတဲတွေထဲမှာရှိတယ်…
ဆေးခြောက်ရှုမလား လောင်းကစားလုပ်မလား လင်ကောင်မပေါ်တဲ့ ကလေးကို ပစ်မလား..
လူမိုက်တွေ မိုက်ကြေးခွဲကြမလားအချင်းချင်း အပျောက်ရှင်းကြမလား..အကုန်လုပ်လို့ရတယ်…
သရဲမွေးတဲ့ အောက်လမ်းဆရာတွေလည်း ရှိတယ်…သူတောင်းစားတွေ…အနူလို့ခေါ်တဲ့ ခြေတိုလက်တို အနာကြီးရောဂါသည်တွေလည်း အဲဒီတဲတွေထဲမှာရှိကြတယ်တဲ့..
ညမှောင်လာတာနဲ့အမျှ..ဘယ်သူမှမသွားရဲတော့တဲ့ နေရာမှာ..ရေနံဆီမီးအိမ်ကလေးတွေ မှိတ်တုတ်လင်းနေတဲ့ တဲကလေးတွေကတော့ သူ့နည်းသူ့ဟန်နဲ့ အလုပ်ဖြစ်နေကြလိမ့်မယ်…
ဒီနေရာကို လူတွေကြောက်လေ..သူတို့အတွက် အလုပ်ဖြစ်လေ…ဒါကြောင့် ခြောက်လှန့်မှုမျိုးစုံကိုလည်း သတင်းတွေ လွှင့်ထားကြသေးတယ်..
ဒီသုသာန်ရှေ့မှာ..အထက်တန်းကျောင်းတစ်ကျောင်းရှိတယ် သူ့ရှေ့က အသုဘတွေနေ့တိုင်း ဖြတ်နေတော့ တစ်ခြားကျောင်းက ကျောင်းသားတွေက စနောက်ပြီး…အလောင်းစည်သူကျောင်းလို့ ခေါ်တယ်..
သူ့ဘေးမှာတော့..ခေါင်းရောင်းတဲ့ဆိုင်တွေရှိတယ် အဲဒီမှာ..ပန်းရောင် စက္ကူစတွေနဲ့ အခေါင်းအလှဆင်နေကြတဲ့ …
လွှစာတိုက်ပြီး အခေါင်းလုပ်နေကြတဲ့…မိသားစုလုပ်ငန်းတွေ အမြဲတွေ့ရတယ်…သူတို့တွေလည်း အဲဒီခေတ်တုန်းက ခွဲခြား ဆက်ဆံခံရတဲ့ လူတွေထဲမှာပါခဲ့ကြတာပဲ…
ဒီလောက် နှစ်ပေါင်းများစွာ..ရှိနေခဲ့တဲ့..ဒီလောက်ကြီးတဲ့ နေရာကြီးတစ်ခုလုံးကို မြေလှန်ပြီးပြောင်းရွှေ့ပစ်မယ်ဆိုတာ တကယ်တော့စိတ်ဝင်စားစရာပဲ..
ပိုင်ရှင်မရှိတဲ့ ဂူတွေ ဖယ်ပစ်လိုက်တာ…သစ်ပင်တွေ ခုတ်ပစ်လိုက်တာ…အရိုးတွေ ဖယ်ပစ်လိုက်တာမျိုးက လွယ်ပါတယ်
ဒါပေမဲ့ မမြင်ရတဲ့ပရလောကသားတွေကိုဘယ်လိုရွှေ့ပြောင်းမှာလဲ သူတို့လည်း အဲဒီနေရာမှာနေနေကြတာ…နေရာလောက်တောင်မလောက်ဘူးတဲ့…နေရာအတွက် ရန်သတ်နေကြတာ…
ပါဝါကြီးသူက ပါဝါနည်းသူကို အနိုင်ကျင့်နေတာတွေ အများကြီးပဲတဲ့…သစ်ပင်ရဲ့အကိုင်းသေးသေးလေးတွေမှာတောင်အပြည့်ပဲတဲ့…ကိုယ်မမြင်ရလို့သာနော်..
မင်း အမိန့်အာဏာကြတော့သူတို့ လွန်ဆန်လို့မရဘူး…အစိုးရဆိုတာ မင်း..ထဲမှာပါတယ်လေ
အဲတော့ သချိုင်းပြောင်းတဲ့အခါ အကျွတ်မလွတ်တဲ့သူတွေရေ….မင်းတို့လည်း ဒီမှာ…နေခွင့်မရှိတော့ဘူး နေရာပေးမယ်..ပြောင်းကြတော့ဆိုပြီး..
ပြောင်းခိုင်းတော့တာပေါ့…ဟုတ်မဟုတ်တော့မသိ…သူတို့ကို နေရာပြောင်းတော့…ညဘက်ဆို အဲဒီနား ဖယောင်းတိုင်တို့ ဘာတို့ထွန်း…
အသားစိမ်း ငါးစိမ်းတွေ ပြင်ဆင်ပြီး..ခေါ်…ကဲ..ကားပေါ်တက်ကြဟေ့ဆိုရင် ကားကြီး အိကနဲ အိကနဲ ဖြစ်သွားပါသတဲ့…
အဲလိုနဲ့ ရက်တစ်ခုအထိ သတ်မှတ်ပြီး တစ်နေရာကို ပို့ဆောင် ပြောင်းရွှေ့ခဲ့ရတယ်လို့ ကြားဖူးပါတယ်…အဲဒီနေရာကိုတော့ ကျွန်မ မပြောပြတော့ပါဘူးနော်…
ပြောင်းပေမဲ့လည်း…အကုန်ပါချင်မှလည်းပါမှာပေါ့လေ…မကြားတဲ့သူ..မသိလိုက်တဲ့သူ..ခရီးလွန်နေသူတွေလည်း ရှိနိုင်တာပေါ့လေ…
ပရလောကကိုမြင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦး ပြောတာဆိုရင် သူတို့က ကိုယ်တွေလိုပဲ သွားလာနေကြတာတဲ့…အများနဲ့သက်ဆိုင်တဲ့နေရာတိုင်းမှာ သူတို့ရှိပါတယ်တဲ့…
ဒီညောင်ပင် ကိစ္စ ဒီနေ့ လူပြောများနေကြတော့…သြော်..ပြောင်းတဲ့ထဲမပါသွားကြတဲ့သူတွေများလားလို့ တွေးမိတာကိုး..ပြီးတော့ ဒီအပင်ဟာ..ကိုယ်သိထားတဲ့အပင်များလားပေါ့..
ကိုယ်ကလည်း..ဒါမျိုးဆို ငယ်ငယ်တည်းက မျက်လုံးကိုပြူးပြီး စောင်ကြားထဲက ရင်တထိတ်ထိတ်နားထောင်တတ်တဲ့ လူမျိုး..သိပ်စိတ်ဝင်စားတာလေ..
နောက်နေ့ အချိန်ရရင်တော့..ကျွန်မသိခဲ့ဖူးတဲ့ ညောင်တစ်ပင်အကြောင်းနဲ့..ဂူတွေဖျက်ပြီး အရိုးပြန်ယူကြတဲ့အကြောင်းတွေရေးပါဦးမယ် ။ ။
ဗဟုသုတအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။
Credit:မွန်ဟော်စီ