အတုယူသင့်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီများရှင်ဂန္တဝင် မင်းသမီးကြီး ခင်သန်းနုရဲ့ အရည်အချင်းများ

ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ခုနှစ်၊ ပျဉ်းမနားမြို့၊ အောင်းကုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။

မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။

ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။

ချစ်သောသူတစ်ယောက် ဇာတ်ကားသည် ဝင်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူတစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝင်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်သည်။

အဲဒီကားများကအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာတဲ့ ခင်သန်းနုဟာ အဲဒီခေတ်က ရေပန်းစားနေဆဲ ဖြစ်တဲ့ ရွှေဘ၊ တင်ညွန့်တို့နဲ့ တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးပါသေးတယ်။

ဝင်းဦး၊ ခင်သန်းနုတို့ အတွဲဟာ ပရိသတ်များအတွက် အတွဲညီတဲ့ သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့ဟာ ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အတွဲဖြစ်ခဲ့ပါတယ်။ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။

ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောခနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။

ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန်ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။

ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ဝါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနဲ့လည်း ခင်သန်းနုဟာ ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။

အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိတဲ့ ကားများဟာ သူတို့နှစ်ဦးရဲ့ နာမည်ကြီး ကားများ ဖြစ်ခဲ့ပါတယ်။
ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂ဝ ရာစု ကိုကျော်ညွန့်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးပါတယ်။

အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုပါတယ်။

ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြပေမယ့် ၁၉၇ဝ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ဝင်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားနဲ့ ထူးချွန်ဆု ရရှိသွားခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ခုနစ်စဉ်အလွမ်း ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

မှုံရွှေရည် ရဲ့အဆက် ဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်တဲ့ အတွက် ဝင်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါတယ်။

Crd,