စကော်ပီယံ ဂိုဏ်းခေါင်းဆောင် (သို့မဟုတ်) မေတ္တာတရား၊ ခွင့်လွှတ်ခြင်းနှင့် ကင်းမြီးကောက်၏ခြေရာများ

“တစ်ချိန်က ကျွန်တော့်ကြောင့် ထိခိုက်နစ်နာခဲ့သူများ အားလုံးကို ကျွန်တော် စိတ်ထိခိုက်စွာနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်တော့်အပေါ် ကျူးလွန်ခဲ့သူတွေကိုလည်း ကျွန်တော်က ခွင့်လွှတ်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ် ခင်ဗျာ”

ထိုစကားကို ပြောနေသည့် နှိမ့်ချသော အသံပိုင်ရှင်ကား တစ်ချိန်က နာမည်ကျော် စကော်ပီယံဂိုဏ်း (SCORPION) ၏ အဓိကခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် ကိုရန်နိုင်။

သန်မာသောမေးရိုး၊ တောင့်တင်းသော ခန္ဓာကိုယ်နှင့် စူးစူးရဲရဲ မျက်လုံးများ။သူပိုင်ဆိုင်သော ထိုအရာတို့တွင် တစ်ချိန်က ရန်ကုန်ညများတွင် ဖိန့်ဖိန့်တုန်အောင် ကျော်ကြားခဲ့သော စကော်ပီယံတို့၏ ခေါင်းဆောင်ဆိုသည့် အရိပ်အငွေ့တစ်ခုမှ ရှိမနေတော့။

ယခုအချိန်တွင် သူသည် ခွင့်လွှတ်ခြင်း၊ မေတ္တာတရားနှင့် ခရစ်တော်၏ တရားတော်များကို မျှဝေပေးနေသော သိက္ခာတော်ရ ဆရာတော် ဦးရန်နိုင်အောင် ဖြစ်နေပေပြီ။

ကိုရန်နိုင်ကို ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် မွေးဖွားသည်။ဖခင်ဖြစ်သူက စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူက ရန်ကုန်တက္ကသိုလ်မှ ကထိကတစ်ဦး ဖြစ်သည်။

“ကျွန်တော်တို့က မဆလခေတ်ကြီးရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့တာပေါ့။ ကျောင်းနေကတည်းက ကျွန်တော်က အရမ်းဆိုးတယ်။ ကျောင်းတွေ ခဏခဏ ပြောင်းရတယ်။ အဲဒီတော့ ပညာရေးကို လုံးဝစိတ်မဝင်စားဘူး။ ခုနစ်တန်းမှာ ကျွန်တော် ကျောင်းထွက်ခဲ့တယ်” ဟု ကိုရန်နိုင်က ဆိုသည်။

၁၉၈၃ တွင် ကိုရန်နိုင်တို့ မိသားစု အင်းစိန်သို့ ပြောင်းသည်။ ကျောင်းထွက်ခဲ့ပြီးသည့်နောက် ကိုရန်နိုင်သည် ဘောလီဘော၊ မြင်းစီး၊ ရေကူး စသည့် အားကစားများကို လိုက်စားသည်။ အားကစားကို လိုက်စားရင်း တစ်ဖက်ကလည်း စီးပွားရေးသမားများကို အားကျသည်။

ထိုခေတ်က စီးပွားရေး ဆိုသည်မှာ မှောင်ခိုစီးပွားရေးသည်သာ လုပ်ကိုင်ရ အလွယ်ဆုံး။

ကိုရန်နိုင်သည် သူငယ်ချင်းတစ်ယောက်နှင့် ပေါင်းကာ သံမဏိစက်ရုံမှ ခိုးထုတ်သော ဇင့်များကို ပြန်ဝယ်ပြီး ကုန်သည်များဆီ မှောင်ခိုပြန်ရောင်းသည်။ မီးခံအုတ်စက်မှ အုတ်များကို မှောင်ခိုထုတ်ပြီး ပြန်ရောင်းသည်။

ဆယ်ကျော်သက်အရွယ် ရန်နိုင်သည် မဆလခေတ်၏ မှောင်ခိုလောကတွင် ဖျံတစ်ကောင် ဖြစ်ခဲ့၏။မှောင်ခိုလောကတွင် သာမက ဂျင်လောကတွင်လည်း ကိုရန်နိုင်ပါသည်။ ခေတ်က အင်းစိန်လွတ်လပ်ရေးကွင်းတွင် ခြောက်ကောင်ဂျင်ဝိုင်းများ ရှိသည်။

ကိုရန်နိုင်သည် ထိုဂျင်ဝိုင်းများကို လေ့လာ၏။ ထိုးသားရှုံးပြီး ဒိုင်များသာ အသာစီးရသည်ကို တွေ့ရသောအခါ ဒိုင်များနှင့်ညှိကာ စပ်တူဒိုင်ကိုင်ခဲ့သည်။ရုပ်ရှင်လက်မှတ်၊ စတိတ်ရှိုး လက်မှတ်များကိုလည်း မှောင်ခိုလုပ်သည်။

“အဲဒီခေတ်က ပိုက်ဆံရှာလို့ခက်တဲ့ ခေတ်ကြီး။ ကျွန်တော့်အတွက်တော့ ပိုက်ဆံက ရှာရလွယ်နေတယ်။ အဖေကလည်း နိုင်ငံခြားမှာ စီးပွားရေး လုပ်နေတာ၊ အမေကလည်း နှလုံးရောဂါသည် ဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုလေးယောက်ကို သိပ်မအုပ်ချုပ်နိုင်ဘူး။

ဒီတော့ ကျွန်တော့်ဘာသာ အပြင်မှာ စီးပွားရှာဖွေ ပျော်ပါးနေတာပေါ့။ ပထမ ဆေးခြောက် ရှူတယ်။ ဆေးခြောက်ကနေ တစ်ဆင့် ဘိန်းရှူတယ်။ အားကစား လုပ်နေရာကနေ ဘိန်းစားဘဝကို ပိုခုံမင်လာတယ်” ဟု ကိုရန်နိုင်က ဆိုသည်။

ကိုရန်နိုင် အသက် ၁၇ နှစ် အရွယ်တွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပွားခဲ့သည်။ ၁၉၉၀ တွင် ဖခင်ဖြစ်သူသည် နိုင်ငံတော်စီးပွားရေး အကြံပေးအဖြစ် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

“ပထမ ကျွန်တော့်အဖေက ဂျပန်က အဝေးရောက် NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဗျ။ နောက်ပိုင်းကျ မြန်မာပြည် ပြန်ရောက်ပြီး ရွေးကောက်ပွဲအတွက် ကူညီပေးရင်း ဗိုလ်ချုပ်ကြီးစောမောင်တို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ ချိတ်ဆက်မိသွားတယ်။ ဂျပန်သံရုံး မြေနေရာ အရောင်းအဝယ် အပါအဝင် သူတို့အစိုးရကို တခြားအကူအညီတွေ အများကြီး ပေးခဲ့တယ်ပေါ့ဗျာ” ဟု ကိုရန်နိုင်က ဆိုသည်။

ထိုအချိန်တွင် ကိုရန်နိုင်မှာ အင်းစိန်ရှိ ဒုစရိုက်လောကတွင် ပျော်ဆဲမွေ့ဆဲ။ နဝတ အစိုးရ တက်လာပြီးနောက် ကိုရန်နိုင်မှာ ဖခင်နှင့်အတူ ဂျပန်သို့ လိုက်သွားရန် အကြောင်းပေါ်လာသည်။

“ပြဿနာက ဒီလိုဗျ။ နဝတအစိုးရက ကျွန်တော့် အဖေကိုလည်း စောင့်ကြည့်နေတာ။ အဲဒီမှာ သားလေးယောက်ရှိတဲ့ အထဲက ကျန်တဲ့လူတွေက သပိတ်မှောက်တဲ့ အထဲဆို အဲဒီထဲမှာ မှတ်တမ်းရှိတယ်။ အိမ်မှာဆို အိမ်မှာမှတ်တမ်း ရှိတယ်။

ကျွန်တော့်ကျ အရေးအခင်းကာလ ဘယ်ရောက်နေမှန်း မသိဘူး။ အမှန်က ကျွန်တော်က အဲဒီအချိန် အင်းစိန်က အမှောင်လောကထဲမှာ ကျင်လည်နေတာလေ။ အိမ်လည်း မပြန်ဘူး။ ဒီတော့ သူတို့က ကျွန်တော့်ကို အဲဒီကတည်းက မသင်္ကာဘူး၊ မယုံဘူး။ မယုံတော့ ဘာဖြစ်လဲ ကျွန်တော့်အဖေ ဂျပန်ပြန်မယ် ဆိုတော့ ကျွန်တော့်ကို ခေါ်သွားဖို့ ဦးခင်ညွန့်တို့က အတင်းတိုက်တွန်းကြတယ်” ဟု ကိုရန်နိုင်က ဆိုသည်။

သို့နှင့် ကိုရန်နိုင် ဂျပန်သို့ ရောက်ခဲ့သည်။ ဂျပန်တွင် ယာကူဇာစသော ဂိုဏ်းများကို မျက်မြင်တွေ့ရ၏။ ဂျပန်တွင်ပင် ဂျပန်အမျိုးသမီးနှင့် အိမ်ထောင်ကျသည်။မြန်မာနိုင်ငံနှင့် ဂျပန် သွားလိုက်လာလိုက် လုပ်သည်။

“နဝတခေတ် တစ်လျှောက်လုံး ကျွန်တော် နေချင်သလိုနေ၊ လုပ်ချင်တာ လုပ်တယ်။ ကျွန်တော့် အဖေကလည်း သြဇာရှိပြီလေ။ အဲဒီတုန်းက နာမည်က သိပ်မပျက်သေးပါဘူး။ နာမည်စပျက်တာက နအဖဆိုပြီး အပြောင်းအလဲဖြစ်တဲ့ ခေတ်မှာပဲ။ ၁၉၉၆ မြန်မာ့ခရီးသွားနှစ် ဆိုတာမှ ကျွန်တော်က ဝှိုက်စကော်ပီယံဆိုပြီး ခရီးသွားကုမ္ပဏီ ထောင်လိုက်တယ်။ အဲဒီမှာ စတာပဲ” ဟု ကိုရန်နိုင်က ပြောပြသည်။

ဝှိုက်စကော်ပီယံသည် ကိုရန်နိုင်နှင့် နီးစပ်ရာ အပေါင်းအသင်းများ ပူးပေါင်းလာမှုကြောင့် အင်အားတောင့်လာသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ သားသမီးများ၊ တပ်မတော် အရာရှိကြီးများ၏ သားသမီးများက အဓိက ပါဝင်လာကြသည်။ လုပ်ငန်းခွဲတွေနှင့်အတူ တာဝန်ခံတွေ ထားနိုင်လာသည်။

အင်အားကောင်းလာသည်နှင့်အမျှ အဖွဲ့ဝင်များ၏ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် အင်အားသုံးကာ ချဲ့ထွင်မှုများ ရှိလာသည်။

“ကျွန်တော်တို့ အများကြီး ဆိုးခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကျ ကျွန်တော်တို့ မလုပ်ဘဲ ကျွန်တော်တို့ ခေါင်းစဉ်အတပ်ခံရတာတွေ ရှိတယ်။ တရားခံမပေါ်တဲ့ အမှုဆို စကော်ပီယံလို့ လွယ်လွယ်ခေါင်းစဉ်တပ် ခံရတာလည်း ရှိတယ်။

ဟစ်ဟော့အဆိုတော်လေး တစ်ယောက်ကို သုံးပိုင်းပိုင်းလိုက်တာတို့ ဘာတို့ စတဲ့ ကောလာဟလတွေလည်း ဖြစ်လာတယ်။ နောက်ပိုင်း ကျွန်တော်တို့က ပကတိ ဖြစ်နေတာထက် ပိုပြီး နာမည်ကြီးလာပါတယ်” ဟု ကိုရန်နိုင်က ဆိုသည်။

နာမည်ကြီးလာမှုနှင့်အတူ စကော်ပီယံအဖွဲ့ဝင် အချို့မှာ မူးယစ်ဆေးကြောင့် သေဆုံးမှုများ ရှိလာသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းများကလည်း ထင်သလောက် အဆင်ပြေမလာခဲ့။

ထို့ကြောင့် ကိုရန်နိုင်သည် ရန်ကုန်ကို စွန့်ခွာကာ ထောက်ကြန့်ရှိ သူ့ပိုင်ခြံတွင် ရော်ဘာပင်များ စိုက်ရင်းသွားနေ၏။ ထိုအချိန်က ကိုရန်နိုင်သည် ခရစ်ယာန်ဘာသာသို့ မကူးပြောင်းသေး။ ထောက်ကြန့်တွင် နေထိုင်ကာ ဘုရားတည်ခြင်း၊ ရဟန်းဝတ်ခြင်းများ ပြုလုပ်နေသည်။

မူးယစ်ဆေးဝါးကလည်း ရဟန်းဝတ်သည့် အချိန်တွင်ပြတ်လိုက်၊ လူထွက်သည့် အချိန်တွင် ပြန်သုံးစွဲလိုက်နှင့် တဝဲလည်လည်။

ထောက်လှမ်းရေးကလည်း ကိုရန်နိုင်ကို စောင့်ကြည့်နေ၏။ ထိုအခြေအနေတွင် ကိုရန်နိုငအတွက် ထောင်ကျဖို့ ဖြစ်လာခဲ့သည်။

“အဲဒီနေ့က ကျွန်တော့်မွေးနေ့ဗျ။ ကျွန်တော့် သူငယ်ချင်း ဝန်ကြီးသား တစ်ယောက်က ကန်တော်ကြီး ဘိုင်ယော့ဟိုတယ်မှာ ကျွန်တော့်အတွက် မွေးနေ့ပါတီ စီစဉ်ထားတယ်ဆိုပြီး ပြောတယ်။ ကျွန်တော်လည်း ဒီလို မစားရမသောက်ရတာကြာပြီ ဆိုတော့ ရန်ကုန်ကို တက်လာလိုက်တယ်။ ပွဲထဲကို ဝင်ဝင်ထိုင်ချင်းပဲ ကျွန်တော်တို့ အားလုံးကို လက်နက်ကိုင်တွေ အများကြီးနဲ့ ဝိုင်းဖမ်းလိုက်တော့တာပါပဲ” ဟု ကိုရန်နိုင်က ဆိုသည်။

ကိုရန်နိုင်နှင့်အတူ စကော်ပီယံအဖွဲ့ဝင် လေးဆယ်ကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး နှစ်ဆယ်ဦးကျော်မှာ အာဏာရှိသူ မိဘများ၏ သြဇာဖြင့် ပြန်လည်လွတ်မြောက်သွားခဲ့သည်။ ထိုစဉ်က မဆလ ဥက္ကဋ္ဌ ဦးနေဝင်း၏ မြေးများနှင့် ကိုရန်နိုင်တို့၏ စကော်ပီယံမှာ တစ်ဖွဲ့တည်းဟူသော ကောလာဟလများ ပျံ့လွင့်နေသည်။

ထိုကိစ္စကိုလည်း ကိုရန်နိုင်က တိတိကျကျ ငြင်းဆိုပါသည်။

“သူတို့ညီအစ်ကိုတွေနဲ့ ကျွန်တော်က မျက်မှန်းတန်းမိရုံပဲ ရှိတယ်။ လုံးဝမရင်းနှီးဘူး။ သူ့တို့ အဘိုးကတော့ ကျွန်တော့်အဖေကို သိတယ်။ ကျွန်တော့်ကိုလည်း သိတယ်။ ကျွန်တော်တို့က သတ်သတ်ပဲ။ သူတို့နဲ့ မဆိုင်ဘူး” ဟု ကိုရန်နိုင်က ဆိုသည်။

စစ်ခုံရုံးက ကိုရန်နိုင်ကို အသင်းအဖွဲ့ ဥပဒေ ၅(ဃ) ၆ ဖြင့် ထောင်ဒဏ် ၁၂ နှစ်ချသည်။ ထောင်ထဲတွင် သုံးနှစ်ကြာသောအခါ ကိုရန်နိုင်၏ အဆုတ်တွင် မှိုများစွဲကပ်လာသည်။

မူးယစ်ဆေးဝါးကို ရုတ်တရက် ဖြတ်လိုက်သောဒဏ်ကို အလူးအလဲ ခံစားရ၏။ နောက်ဆုံး ဆရာဝန်များက မျှော်လင့်ချက်မဲ့သော အခြေအနေအဖြစ် ဆုံးဖြတ်ကြသည်။

“အဲဒီအချိန်မှာ ထောင်ထဲမှာ ကျွန်တော် စောင့်ရှောက်ပေးခဲ့တဲ့ ကချင်ကောင်လေးက ခရစ်ယာန်ဗျ။ သူက ဆုံးသွားတယ်။ သူဆုံးသွားတဲ့အချိန် သူ့ကို ထောင်ဝင်စာ လာတွေ့နေကျ သူ့အစ်မက သူ့မောင်လေးကို စောင့်ရှောက်ပေးခဲ့တဲ့ ကျွန်တော်ကိုလည်း လာတွေ့ပြီး အကူအညီတွေ ပေးခဲ့တယ်။

အဲဒီတုန်းက ကျွန်တော်တို့ကို စကော်ပီယံတွေ၊ လူမိုက်တွေဆိုပြီး အကုန်လုံးက ရွံနေတဲ့အချိန်။ သူက ကျွန်တော့်ကို ခရစ်ယာန်ကျမ်းစာထဲက ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားအကြောင်း ပြောပြတယ်။ အဲဒီလိုနဲ့ ကျွန်တော် သူ့ဆီက ဘာသာတရားနဲ့အတူ နူးညံ့တဲ့ စိတ်နှလုံးသား ထားတတ်အောင် သင်ယူခဲ့တာပေါ့ဗျာ” ဟု ကိုရန်နိုင်က ဆိုသည်။

ထောင်တွင်းတွင် စကော်ပီယံ ဆိုသည့် နာမည်ဆိုးကြီးနှင့်အတူ ပြဿနာများစွာ ဖြတ်ကျော်ခဲ့ရသည်။

အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် စကော်ပီယံ အဖွဲ့သားတို့ အကြား နားလည်မှုလွဲသည့် ဖြစ်ရပ်များစွာကို ကိုရန်နိုင် ဖျောင်းဖျဖြေရှင်းပေးခဲ့ရသည်။

“ကျွန်တော် ထောင်ထဲမှာ ဘာသာတရားနဲ့ပဲ နေတယ်။ အမြဲတမ်းဆုတောင်းတယ်။ အပြင်ရောက်ရင် ကျွန်တော်ဟာ လူ့လောကအတွက် တန်ဖိုးရှိတဲ့သူဖြစ်အောင် နေမယ်လို့ ဆုံးဖြတ်တယ်။ ဒီလိုနဲ့ ဆယ်နှစ်အကြာမှ ကျွန်တော် ထောင်က လွတ်လာပါတယ်” ဟု ကိုရန်နိုင်က ဆိုသည်။

ထောင်ကလွတ်သည့်အချိန်တွင် ကိုရန်နိုင်၏ စီးပွားရေးများ ဘာဆိုဘာမျှမကျန်တော့။ သူ့အား ဖမ်းဆီးစဉ်က မီးခံသေတ္တာကိုပင် သိမ်းသွားခဲ့ပြီ ဖြစ်သည်။

ထောင်ထဲတွင် ရှိစဉ်က ကိုရန်နိုင်ကို လာရောက်တွေ့ဆုံ ကူညီပေးသည့် ခရစ်ယာန် အသိုင်းအဝိုင်းကပင် ပြင်ပတွင် ရပ်တည်ရေး ကူညီပေးခဲ့သည်။

“ထောင်က ထွက်တော့ ကျွန်တော့်မှာ အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတယ်။ ရန်ကုန် လူမိုက်လောကက ကျွန်တော့်ကို သတ်မယ့်လူတွေ တန်းစီနေတယ်။ လူမိုက်လောကမှာက သိတဲ့အတိုင်း နာမည်ရှိတဲ့လူကို သတ်ရင် ပိုပြီးဂုဏ်တက်တာလေ။ စကော်ပီယံ ရန်နိုင်ကို သတ်နိုင်တယ် ဆိုပြီးတော့ပေါ့။ ကျွန်တော် အများကြီး ရှောင်ရှားခဲ့ရတယ်။

နောက်ပြီး လူမိုက်အချင်းချင်း သတ်မယ့်ဖြတ်မယ့် ကိစ္စတွေမှာ ကျွန်တော့်ကို လာလာတိုင်တည်ကြတယ်။ ဒါတွေ ကျွန်တော်က စိတ်ကုန်ပြီ။ လောကကို တန်ဖိုးရှိရှိ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားပြီးသား။ အဲဒီတော့ ကျွန်တော် ဘာသာရေးကိုပဲ ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ကိုရန်နိုင်က ဆိုသည်။

ကိုရန်နိုင်သည် ဘာသာရေးနှင့် ပရဟိတ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ပြီး နှစ်အနည်းငယ် အတွင်းတွင်ပင် ခရစ်ယာန်ဓမ္မဆရာ သိက္ခာတော်ရ ဆရာတော် ဦးရန်နိုင်အောင် ဖြစ်လာခဲ့သည်။

ယခုအခါ သိက္ခာတော်ရ ဆရာ ဦးရန်နိုင်အောင်သည် ထောက်ကြန့်မြို့အနီး၊ ငါးဆူတောင်အနီး JC Myanmar အသင်းတော်လေးတွင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ပြီး သင်းအုပ်ဆရာအဖြစ် နေထိုင်နေသည်။

တစ်ဖက်ကလည်း မူးယစ်ဆေးဖြတ် လူငယ်လေးများ၊ နေအိမ်မှ စွန့်ပစ်ထားသည့် သူများအား လက်ခံရာ ပရဟိတ ဂေဟာငယ်လေးကို ဦးဆောင်လျက် ရှိသည်။

“ကျွန်တော်တို့ အချင်းချင်းမှာလေ ခွင့်လွှတ်ခြင်းတွေ၊ နားလည်မှုတွေ၊ မေတ္တာတရားတွေနဲ့အတူ အပြည့်အဝ ထားနိုင်ခဲ့ရင် ခဏလေးနဲ့ ပြီးသွားမှာပါ။ ဆိုးရ၊ မိုက်ရ၊ သတ်ရ၊ ဖြတ်ရတာ လွယ်ပါတယ်။ လိမ္မာဖို့သာ ခက်တာပါ။ ကျွန်တော်တို့ နိုင်ငံကြီးမှာလည်း သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့ဘာသာ၊ ကိုယ့်ဘာသာ၊ သူ့ပါတီ၊ ကိုယ့်ပါတီရယ်လို့ မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်ခြင်းနဲ့ ခရီးဆက်ရင် ငြိမ်းချမ်းရေးဆိုတာ မဝေးပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ကိုရန်နိုင်က ဆိုသည်။

တစ်ချိန်က ရန်ကုန်မြို့တွင် နာမည်ကြားရုံဖြင့် လူအများ ရွံ့ကြောက်ခဲ့ရသော အဖွဲ့တစ်ခုကို ထူထောင်ခဲ့သည့် ခေါင်းဆောင်လူမိုက်ကြီး။

ယခုတော့ သူသည် အေးချမ်းချမ်းဖြင့် နှိမ့်ချတတ်သော၊ ခွင့်လွှတ်ခြင်းတရား ပြည့်ဝသော ငြိမ်းချမ်းရေးသမားကြီး ဖြစ်နေပေပြီ။

ထိုစကော်ပီယံလူထွက် ငြိမ်းချမ်းရေးသမား သိုးမည်းဟောင်းကြီး၏ စကားကတော့ နူးညံ့သိမ်မွေ့လှပါသည်။

“ကျွန်တော့်ဘဝရဲ့ ဆိုးသွမ်းမှုတွေကို စွန့်ပစ်နိုင်ခဲ့ပြီ။ ဘဝကို ရောင့်ရဲတင့်တိမ်ပြီး သူတစ်ပါးအကျိုးအတွက် ကိုယ့်အကျိုးကို စွန့်ပြီး နေနေပါပြီ။ ဘုရားသခင်ရဲ့ သွန်သင်မှုနဲ့အတူ ကျွန်တော် ခွင့်လွှတ်သည်းခံတတ်သွားခဲ့ပါပြီ”

ခက်ဇော်(KZ)
Source: 2017 . February လထုတ် The Voice Journal မှ