ကုန်းဘောင်ခေတ်တွင် အမျိုးသမီး နန်းတွင်းစာဆိုတော်အမြောက် အမြား ပေါ်ထွန်းခဲ့ရာ ယင်းတို့အနက် မိဖုရားကြီး ရှင်မင်းသည် အဦးအဖျား ဖြစ်လေသည်။
ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ပေါ်ထွက်ခဲ့သူ ဖြစ်၍ မိဖုရားမမြကလေး၊ လှိုင်ထိပ်ခေါင်တင် မင်းသမီး တို့ထက် ပို၍ အလျင်ကျသည်။
ရှင်မင်းသည် အမျိုးသမီး နန်းတွင်းစာဆို ဖြစ်သည်သာမက စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးလည်း ဖြစ်လေသည်။
မိဖုရားကြီးရှင်မင်းသည် အင်းဝဆင်ဖြူရင် မင်းတရားကြီး လက်ထက်တွင် နန်းတွင်းစာဆိုဖြစ်သော မြင်းစုဝန်ကြီးသမီး စန္ဒာဒေဝီဘွဲ့ခံ ရှင်ဖွားနှင့် ကျီအတွင်းဝန် နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့၏ သမီး ဖြစ်ပါသည်။
စဉ့်ကူမင်းသား နန်းတက် သော သက္ကရာဇ် (၁၁၃၈ )ခုနှစ်၌ ရှင်မင်းအား (မဟာရတနာ စန္ဒာဒေဝီ)ဘွဲ့ဖြင့် မိဖုရားခေါင်ကြီး မြှောက်တော်မူလေသည်။
ရှင်မင်းသည် အဖြည့်ခံ ရတု၊ လေးဆစ်ကဗျာနှင့် တေး ထပ်များကို အများအပြား ရေးသားခဲ့သည်။ ရတုတွင် မိဖုရားကြီး ရှင်မင်းသည် နဝဒေးကြီး၏အာဘော်ကိုလည်း မလိုက်ဘဲ တစ်သီးတစ်ခြား ပင်ကိုယ်နည်းဖြင့် ဖွဲ့နွဲ့သည်။
သို့သော် ဆိုလို ရင်းကို တိုက်ရိုက်မဆိုဘဲ အသွယ်အဝိုက် များနေ၍ ဖွဲ့နွဲ့ပုံသည် ပြေပြစ်သင့်သလောက် မပြေပြစ်ခဲ့ပေ။ မိုးဖွဲ့ ရတုများတွင်မူ ရှင်မင်း၏အဖွဲ့သည် အတော်ပင် ကောင်းလှပေသည်။
မိန်းမသား လည်းဖြစ်၊ နန်းတွင်းသူလည်း ဖြစ်၊ကိုယ်တိုင်သည်ပင်လျှင်မိဖုရားကြီးဖြစ်ရကား ရှင်မင်း၏ အဖွဲ့အနွဲ့ များသည် လွန်စွာပင်ယဉ်ကျေးသိမ်မွေ့လှပေသည်။
အထူးသဖြင့် အလွမ်းကို ပိုင်နိုင်စွာဖွဲ့ဆိုနိုင်သည်။ အသုံးအနှုန်းများသည်လည်း အထူးသိမ်မွေ့ နူးညံ့နန်းဆန်လှသည်ဟုဆိုကြသည်။
မိုးအဖွဲ့အနွဲ့တွင် ရှင်သံခို နှင့် နတ်ရှင်နောင်တို့၏ ဖွဲ့နွဲ့ပုံကို အတုယူဟန် ရှိသော်လည်း ယင်းစာဆို တော်များ၏ အသုံးအနှုန်းကဲ့သို့ စကားလုံးနည်း နည်းနှင့် အဓိပ္ပါယ် ကျယ်ဝန်းနက်နဲခြင်း၊ ကျစ်လျစ်သိပ်သည်း ခြင်း မရှိချေ။
မိဖုရားကြီး ရှင်မင်းသည် တေးထပ်နှင့် လေးဆစ်ကဗျာ များကိုလည်း ရေးသားခဲ့သေးသည်။
ရှင်မင်းသည် အခြား ကဗျာများထက် တေးထပ်အရေးအစပ်တွင် ပို၍ ထက်သန်ပုံ ရကာ အဖွဲ့အနွဲ့ ပို၍ ကောင်းသည်ကို တွေ့ရသည်။
“ဆံခွေကို ဖြန့်ကျင်းလို့၊
ပြတင်းက မယ်မျှော်၊
ရွှေလမင်း စန္ဒော်ငယ်၊ ထွက်ပေါ်လာမူနိုး၊
စောင့်စားလို့ တာရှည်သည်၊ နေခြည်မှာ ပန်းကဲ့သို့ညှိုး။ ချနေကျ မှန်စာကို၊
အခါခါ မယ်ထိုး၊
စနဲပုံ ရွှေကြက်ရိုး ရယ်က၊
အကျိုးငယ် မထင်။
ရွှေတိုင်ထူ နတ်ကိန်းက၊
တိမ်းယိမ်းလို့ မမှန်လေကျင်။ ဘယ် ကျွန်းသူ့ သခင်ရယ်၊
ထိပ်တင်ကို ချော့ပါလိမ့်၊
မေ့လျော့နေ သည့်နှယ်၊
ရှိပြန်ရတယ်။
ပူလွန်းလို့ ပြန့်ကျယ်တယ်၊
ဘုန်းကြွယ်ကြွယ်၊
ဘုရာ့ကြောင့်လေး……”
အထက်ပါ တေးထပ်သည် မိဖုရားကြီး၏ အကောင်းဆုံး အမျှော်စိုက်တေးတပ်ပင်ဖြစ်သည်။
စဉ့်ကူးမင်းသည် အခြားမိဖုရား များ၊ ကိုယ်လုပ်တော်များနှင့်သာ ပျော်မွေ့နေကာ မိမိထံတော်သို့ ကြွမြန်းတော်မမူလာသဖြင့် မိမိမှာ အပူမီး ငြိတွယ်ပုံကို တေးထပ်စာကိုယ်က ထင်ရှားစွာ ပြဆိုထားလေသည်။
မိဖုရားကြီး ရှင်မင်း၏ လေးဆစ်သဖြန်များသည် အဖွဲ့အနွဲ့ အဆင့်အတန်း မမြင့်လှသော်လည်း နန်းမူဆန်လှသည်။
မိဖုရား ကြီး ရှင်မင်းသည် ၁၁၄၃ ခုနှစ် ဘိုးတော်ဘုရား (ဗဒုံမင်း) ထီးနန်းကို လုပ်ကြံ၍ အောင်မြင်ရာတွင် စဉ့်ကူမင်းနှင့်အတူ ကွပ်မျက်ခြင်း ခံခဲ့ရလေသည်။
(မင်းရွှေနှစ်)အမည်ရှိ သမီးတော် တစ်ပါး ထွန်းကား၍ ခမည်းတော် မယ်တော်တို့နှင့်အတူ ဆုံးခဲ့ရရှာလေသည်။
မိဖုရားကြီးရှင်မင်း၏ ကုသိုလ်တော်မှာ စစ်ကိုင်းမြို့ရှိ ရတနာစံလွတ် ကျောင်းတော်ကြီးဖြစ်၍ မင်းဘူး ဆရာတော်အားဆောက်
လုပ် လှူဒါန်းခဲ့ခြင်းဖြစ်လေသည်။
Crd,