အလောင်းမင်းတရားကြီးနှင့်သူ၏လက်နက်ဆန်းများ

အေဒီ၁၇၅၂ခုနှစ်တွင်အဘက်ဘက်မှယိုယွင်းနေသောအင်းဝနေပြည်တော်ကိုဟံသာဝတီတပ်များကချီတက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ရှင်ဘုရင်၊မိဖုရားနှင့်တကွအထူးထူးသောနန်းစဉ်ရတနာများ၊ဆင်မြင်းလူသူအများကိုဟံသာဝတီသို့ဆောင်ယူခဲ့ကြသည်။

ထိုသို့အင်းဝကိုမွန်တို့လွှမ်းမိုးမိသောအခါအလောင်းမင်းတရားကြီးဦးအောင်ဇေယျသည်ဟံသာဝတီသစ္စာကိုမခံယူဘဲမိမိကိုယ်တော်တိုင်သာတစ်ထီးတစ်နန်းထူထောင်ရန်အတွက်၊ဧရာဝတီနှင့်ချင်းတွင်းမြစ်နှစ်သွယ်စပ်ကြားဒေသကိုခြေကုပ်ယူကာမွန်တို့သိမ်းပိုက်ထားသောဗမာပိုင်နယ်မြေများကိုပြန်လည်သိမ်းယူရန်ကြိုးပမ်းခဲ့သည်။

ကြိုးပမ်းရာတွင်အခက်အခဲများစွာကိုကြုံတွေ့ခဲ့ရသည်။ထိုအခက်အခဲများကိုကျော်လွှားရန်အလောင်းမင်းတရားကြီးသည်အောက်ဖော်ပြပါရိုးရှင်းထိရောက်သောတီထွင်မှုများကိုအသုံးချခဲ့လေသည်။

(၁)သစ်စေးသရိုးကိုင်ခမောက်ထူကြီးများသန်လျင်မြို့ကိုသိမ်းပိုက်ရာတွင်စတင်အသုံးချခဲ့သည်။သန်လျင်မြို့ရိုးပေါ်လှေကားထောင်၍တက်သောမုဆိုးဖိုသားတို့အပေါ်သို့ဟံသာဝတီသားတို့သည်ကျိုက်ကျိုက်ဆူအောင်ပူလောင်လှသောပွဲလျက်ရည်၊ခဲရည်တို့ကိုလောင်းချရာအသေအပျောက်လွန်စွာများခဲ့သည်။

ထိုအခါအလောင်းမင်းတရားကြီးကခမောက်များကိုနဂိုထက်အရွယ်အစားပိုမိုကြီးမားပြီးအပူဒဏ်ပိုမိုခံနိုင်အောင်သစ်စေးထူထူသုတ်စေကာရဲမက်တော်တို့ကိုဆောင်းစေခဲ့သည်။ထိုအခါတွင်မုဆိုးဖိုသားတို့အလွယ်တကူမြို့ရိုးပေါ်သို့ရောက်ရှိကာတိုက်ခိုက်နိုင်ခဲ့သည်။

(၂)ကောက်ရိုးခြင်းလုံးကြီးများပြည်မြို့ကိုသိမ်းပိုက်ရာတွင်စတင်အသုံးချခဲ့သည်။ပြည်ရွှေဆံတော်ဘုရားအနီးတွင်မွန်တို့ခံတပ်အခိုင်အမာစွဲ၍ခုခံခဲ့သည်။ခံတပ်သည်အုတ်မြို့ဖြစ်သည့်အပြင်အဝေးပစ်လက်နက်များဖြစ်သည့်အမြောက်၊စိန်ပြောင်းမှသည်မီးပေါက်သေနတ်၊လေးမြားတို့အထိစုံလင်စွာစီမံထား၍ရဲမက်တော်များအထိအရှများခဲ့သည်။

(ပထမတိုက်ပွဲတွင်မိဖုရားခေါင်ကြီး(မယ်ယွန်းစံ)၏မောင်တော်အရင်းအပါအဝင်ဗိုလ်ငါးဦးမှာပွဲချင်းပြီးကျဆုံးခဲ့သည်ဆို၏)။ထိုအခါအလောင်းမင်းတရားကြီးကအ၀ခြောက်ပေ၊အလျားပေနှစ်ဆယ်ကျော်သုံးဆယ်ရှိသောခြင်းလုံးကြီးများရက်ပြီးလျှင်ကောက်ရိုးအပြည့်ထည့်စေ၏။

ထို့နောက်ရဲမက်တို့အားခြင်းလုံးကြီးများကိုအကာအကွယ်ယူစေကာမြို့ရိုးအနီးသို့လှိမ့်၍သွားစေ၏။မီးပေါက်ကျည်ဆံ၊အမြောက်ဆံနှင့်မြားတံတို့သည်ခြင်းလုံးကြီးများနှင့်အတွေ့တွင်မူမည်သို့မျှသုံးမရတော့ချေ။

(၃)ငရုတ်သီးမှိုင်းပြည်မြို့တောင်မျက်နှာကိုတိုက်စဉ်ကဖြစ်သည်။မွန်တို့သည်မြို့ရိုးပေါ်မှပင်မြဲမြဲရပ်တည်ကာခုခံနေကြသည်။ပစ်စရာမြားတံ၊ကျည်ဆံများကုန်သည့်အခါတွင်လည်းပြန်မဆင်းဘဲဓါးများလှံများကိုကိုင်စွဲကာမုဆိုးဖိုသားတို့တက်လျှင်ခုတ်ချရန်အသင့်စောင့်နေကြသည်။

ထိုအခါဦးအောင်ဇေယျကဝါးလုံးကိုးတောင်ဆယ်တောင်ခန့်ကိုထိပ်တွင်ရှုးမီးတင်ကာယမ်းနှင့်ငရုတ်ခြောက်ကိုညက်အောင်ထောင်း၍ထိုရှုးမီးထဲသို့ထည့်စေ၏။ထို့နောက်မြို့ရိုးပေါ်မှမွန်တို့ထံထိုရှုးမီးများကိုအောက်မှထိုး၍မှိုင်းတိုက်သည်တွင်မရပ်မတည်နိုင်ဘဲပြေးဆင်းကြရလေသည်။(ကုန်းဘောင်ခေတ်ဓာတ်ငွေ့လက်နက်ဟုဆိုရပေမည်။)

(၄)လှည်းရထားကြီးများရွှေညောင်ပင်ခံတပ်ကိုတိုက်စဉ်ကအသုံးပြုခဲ့သည်ဆို၏။ထုလက်ကိုးသစ်ခန့်ထူသောပျဉ်ပြားကြီးများကိုဆက်စပ်၍ခံတပ်လှည်းရထားကြီးများတည်လုပ်စေခြင်းပင်ဖြစ်သည်။ရထားမှာပြောင်းသေနတ်များပစ်ရန်အပေါက်ကိုဝဲယာရှေ့တို့တွင်ဖောက်ကာရထားတွင်းတွင်ဗိုလ်မှုး၊သူရဲသူခက်များလိုက်ပါရ၏။

တစ်စီးလျှင်အမြောက်သုံးလက်၊သံကရနက်တစ်ဆယ်၊ရှုးမီးတစ်ဆယ်၊ရဲတင်း၊ပုဆိန်တစ်ဆယ့်နှစ်၊နားပန်စောင့်သေနတ်နှစ်ဆယ်နှင့်ရထားတွန်းရသူငါးဆယ်စီရှိသည်ဟုမှတ်တမ်းများကဆိုသည်။ခြေလျင်တပ်များသည်ထိုရထားကြီးများနောက်ကကွယ်၍လိုက်ရသည်ဆို၏။

မတိုက်ခိုက်မီစစ်ရေးပြသဘောမျိုးဖြင့်မင်းတရားကြီးရှေ့တွင်ရထားတပ်ကြီးချီတက်ပြရာတပ်အလယ်မှရထားအပေါ်တွင်ခေါင်းပေါင်းပေါင်းကာဟန်ပါပါလိုက်ပါလာသောလူတစ်ယောက်ကိုမြင်သဖြင့်မေးတော်မူရာ”ကျွန်းဆုံမြို့သူကြီးရန်အောင်ကျော်သူပါဘုရား”ဟုလျှောက်ထားလေလျှင်“မာတလိနန္ဒ”ဟူသောဘွဲ့ကိုပေးသနားတော်မူလေ၏။

ထိုရထားကြီးများကိုတည်ဆောက်ရသည်မှာခဲယဉ်းဟန်တူသည်။နောက်ပိုင်းတိုက်ပွဲများတွင်အသုံးချသည်ကိုမတွေ့ရတော့ပေ။(ဤသည်တို့မှာအလောင်းမင်းတရားကြီး၏ထိုခေတ်အခါကလွယ်လွယ်ကူကူနှင့်ထိရောက်သောတီထွင်မှုများသာဖြစ်သည်။

ထိုသို့ဉာဏ်ပြေးတော်မူသောကြောင့်သာဝါးရင်းတုတ်နှင့်ထန်းလုံးခံတပ်မှသည်ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပေမည်ဟုထင်မိပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်