ရတ်တရက်ကြည့်လိုက်ရင် ဦးပိန်တံတားနဲ့သိပ်တူတယ်။ ဒါပေမယ့် ဦးပိန်တံတားလို နာမည်မကြီးသလို လူသိလည်းမများပါဘူး။
မှတ်တမ်းတွေအရ ဦးပိန်တံတားထက် (၇၅) နှစ်ခန့်ပိုစောပြီး ရှေးဟောင်းပိုကျတယ်လို့ဆိုရပါမယ်။ တံတားနာမည်လေးက “မအူတံတား” တဲ့။
မအူတံတားကို “ရေစကြိုမြို့” အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာမှာတည်ရှိပြီး “မအူအလယ်ရွာနဲ့မအူငယ်ရွာ” ကြား အင်းကိုဖြတ်ပြီး တည်ဆောက်ထားတာပါ။
မအူငယ်ရွာကိုတော့ ရှေးက “ရန်အောင်မြေတောင်ရွာ” လို့ခေါ်ခဲ့ပါတယ်။ “ဆင်ဖြူရှင်မင်း” လက်ထက် မြန်မာသက္ကရာဇ် (၁၁၂၅ – ၁၁၃၈) ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။
“ဆင်ဖြူရှင်မင်း” မြန်မာသက္ကရာဇ် (၁၀၉၈ – ၁၁၃၈) မှာ ချင်းတွင်းမြစ်တစ်လျှောက် ဘုရားပုထိုးတွေကို လှည့်လည်ဖူးမျှော်ခဲ့ပါတယ်။
အဲ့ဒီအခါ ရန်အောင်မြေမြောက်ရွာမှာ တည်ထားတဲ့ ရန်အောင်မြေဘုရားကိုဖူးမျှော်ဖို့ ယာယီတဲနန်းဆောက်ပြီး (၄၉)ရက်ကြာစံမြန်းခဲ့ပါတယ်။
ဒါကြောင့် အနီးအနားက ရွာသူ ၊ ရွာသားတွေက ဆင်ဖြူရှင်မင်းကိုဖူးမျှော်ဖို့ လာရောက်ကြပါတယ်။ ဘုရင်ကို လာရောက်ဖူးးမျှော်သူတွေထဲမှာ ရန်အောင်မြေတောင်ရွာက တောင်သူဦးမှော်ရဲ့သမီး အလွန်ချောမောလှပတဲ့ အသက်(၁၆)နှစ်အရွယ် “မဥ”လည်းပါလာပါတယ် ။
“ဆင်ဖြူရှင်မင်း” ဟာ “မဥ” ကို စိတ်ဝင်စားသွားမိရာမှ မိဖုရားအဖြစ် သိမ်းပိုက်လိုက်ပါတော့တယ်။ မိဖုရား “မဥ” ကို ချစ်မြတ်နိုးလှတာကြောင့် ရန်အောင်မြင်တောင်ရွာ ၊ ရန်အောင်မြေမြောက်ရွာ ၊ ရွှေဘုံသာတောင်ရွာ နဲ့ ရွှေဘုံသာမြောက်ရွာတွေကို အပိုင်စားပေးသနားခဲ့ပါတယ်။
အဲ့ဒီအချိန်ှက အစပြုပြီး “ရွှေဘုံသာတောင်ရွာ” ကို “မဥတောင်ရွာ”လို့ခေါ်ခဲ့ရာမက နှစ်တွေကြာလာတော့ “မအူတောင်ရွာ” လို့ခေါ်လာကြပါတယ်။
“ရွှေဘုံသာမြောက်ရွာ” ကိုလည်း “မဥအလယ်ရွာ” ၊နှစ်တွေကြာလာတော့ “မအူအလယ်ရွာ” လို့ ယနေ့တိုင်ခေါ်ဝေါ်နေကြပါတယ်။
“ရန်အောင်မြေမြောက်ရွာ” ကို “မဥမြောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ “မအူအောက်ဆိပ်ရွာ”၊“ရန်အောင်မြေတောင်ရွာ”ကိုလည်း “မဥငယ်ရွာ” ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်း ‘မအူငယ်ရွာ’ ဟုပြောင်းလဲခေါ်ခဲ့ကြပါတယ်။
ထိုရွာလေးကိုခြုံငုံပြီး “မဥလေးရွာ” လို့ခေါ်ခဲ့ရာက နှစ်ကာလကြာမြင့်လာတဲ့အခါမှာတော့ “မအူလေးရွာ”လို့ ပြောင်းလဲခေါ်ခဲ့ကြပါတယ်။
နောက်ထပ်ဆင်ဖြူရှင်ဘုရင်ကြီးက သူ့အချစ်တွေကို သက်သေထူဖို့အတွက်မဥလေးကို “လိုရာဆုကိုတောင်းစေ” လို့ ဆိုလာပြန်ပါတယ်။
မိဖုရားမဥက ရန်အောင်မြေရွာနဲ့ ရွှေဘုံသာရွာကြားမှာ အင်းကြီးတစ်ခုရှိတဲ့အတွက် ရွာသူ ၊ ရွာသားတွေ သွားရေးလာရေးနဲ့ ရောင်းဝယ်နိုင်ဖို့အတွက် တံတားတစ်ခုလိုအပ်တယ်လို့ လျှောက်တင်လိုက်ပါတော့တယ်။
မဥလေးလျှောက်တင်လိုက်တာနဲ့ ဘုရင်ကြီးဟာ တံတားကြီးကို တစ်နေ့တည်းနဲ့အပြီးဆောက်ရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။တံတားရဲ့အမြင့်ကတော့ (၇)ပေခန့်ရှိပြီး တိုင်ပေါင်း (၃၄၄)တိုင်နဲ့ အရှည်ပေ (၂၀၀၀)ရှိပါတယ်။
အခန်းပေါင်း (၁၇၄)ခန်းရှိပြီး အဲ့ဒီခေတ်ကာလက တံတားကြီးရဲ့တန်ဖိုးက (၅၄၇၅၅) ငွေဒင်္ဂါးကုန်ကျခဲ့ပါတယ်။ တံတားအမည်ကိုလည်း “မိဖုရားမဥတံတား” လို့ အမည်ပေးခဲ့ပြီး ကာလများစွာလွန်ခဲ့တဲ့အခါ “မအူတံတား” ရယ်လို့ ခုချိန်ထိတိုင်အောင် အမည်တွင်နေခဲ့ပါတော့တယ်။
မှတ်ချက်။ ။ အခေါ်တွေကတော့ {မဥတံတား} လား {မအူ တံတား} လားတော့အတိအကျမသိပါ
Credit – မူရင်း