အို .. ကျွန်ုပ်ဦးခိုက်ရှိခိုးလိုက်ပါသည်။ မြင့်မြတ်လှသော ဟံသာဝတီပြည့်ရှင် သုရှင်ရာဇာဓိရာဇ်မင်းတရား။ ကျွန်ုပ်သည် ပဒေသရာဇ်ခေတ် ၏ သားကောင်းလည်းဖြစ်၊ သူရဲကောင်းလည်းဖြစ်သော သမိန်ဗရမ်းဖြစ်ပေသည်။
အင်းဝနှင့်ဟံသာဝတီကြား တံတိုင်းခြား၍ အမုန်းမီးများလျှံချိန်ဝယ် ကျွန်ုပ်သည် သုရှင်ရာဇာဓိရာဇ်မင်းတရားမှတစ်ပါး အခြားသောမင်းများ၏ လက်အောက်ကိုမခံ အသက်ကိုသာ အသေခံသွားမည် ဖြစ်ပါသည်။
အင်းဝက ဟံသာဝတီကို လာကျူးကျော်လိုက် ဟံသာဝတီက အင်းဝကို သွားတိုက်လိုက်ဖြင့် ဤအနှစ် (၄၀)စစ်မီးကြီးသည် ဘယ်သောအခါမျှ ပြီးစီးနိုင်မည်ဆို သည်ကို မည်သူမျှမသိ။ ဤစစ်မီးလျှံကြား ကံဆိုးလှသည့်ကျွနု်ပ် ရန်သူ့လက်တွင်း သုံ့ပန့်အဖြစ်သို့ သက်ဆင်းရလေပြီ။
ဇာတိမြေခြား၍ အင်းဝမှာ သုံ့ပန့်ဖြစ်နေရသော်လည်း အကျွန့်လူမျိုး အကျွန့်အရှင် သခင်မင်းကြီးကိုသာ တစ်နေ့မပြတ် သတိရလျက် ဖြေမဆည်နိုင်ခဲ့သည်မှာ မှန်သောသစ္စာစကားပါအရှင်။ ဟော .. ယခုကျွန်ုပ်ကို ဖမ်းဆီးထားသည့် အင်းဝကို စစ်ပြုဖို့ တစ်ပြည်ခြားသည့် စိန့်တိုင်းသားတို့ ဝိုင်းရံလို့နေပါပြီ။
စိန့်တို့သခင် စိန့်တိုင်းရှင်က တရုတ်သူရဲကောင်း ဂါမဏိကို အားကိုးကာ ”သူရဲ ကောင်းချင်း စစ်ထိုးမည်လော၊ တိုင်းပြည်ကို အသာတကြည် အပ်မည်လော”ဆိုသည့် ရာဇသံပေးရင်း ကျူးကျော်ဖို့ပြင် အကွက်ဆင်နေပါပြီ။
အင်းဝဘက်ကလည်း သူရဲကောင်းအရှာထွက်ရာ တစ်ပြည်လုံး ကြေညာမောင်းခတ် အရပ်ရပ်လှည့် လည်ရှာသော်လည်း သံမဏိကိုယ် စား မွေးဖွားလာခဲ့သည့် ဂါမဏိကို ယှဉ်ပြိုင်သူရှားကာ အပူမီးပွါးနေကြပါပြီ။
ကြာလျှင် စိတ်ရိုင်းသည့်စိန့်တိုင်းက အင်းဝကိုသိမ်းပိုက်ပြီး စိန့်တိုင်းသားတို့ ရုံးစိုက်တော့မှာ အသေချာပါ။ ဝမ်းနည်းပြီး ပူဆွေးငိုကြွေးနေကြသည့် အင်းဝသားတို့၏ရှိုက်သံများ ကျွန်ုပ်ရင်ဝမှာ မြားလာစိုက်တာ အမှန်ပါအရှင်။
အင်းဝက အကျွန့်ရန်သူမို့ မျက်နှာလွှဲခဲ့မည်ဆိုလျှင် ရေမြေခြားသည့် တိုင်းတစ်ပါးသားတို့က အင်းဝကိုလည်းသိမ်း၊ အင်းဝမှတစ်ဖန် အောက် ပြည်ကိုစုန်ပြီး ဟံသာဝတီထိ စစ်ချီခဲ့မည်ဆိုလျှင် အကျွန်မတွေးဝံ့ပါအရှင်။
ကျွန်ုပ်လူမျိုး၊ ကျွနု်ပ်တို့ပိုင်နက်၊ ကျွန်ုပ်တို့၏အချူပ်အခြာ၊ ကျွန်ုပ်တို့၏အာဏာကိုတော့ တိုင်းတစ်ပါးလက် ဝကွက်မအပ်ပါရစေနှင့်အရှင်။ မှန်ကန်သောစကားဆိုပါရစေ။
အရှင်နှင့်ကျွန်ုပ်လူမျိုးမှတစ်ပါး အခြားမရှိ၊ အရှင့်ထံပါး ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်ခဲ့သူပါ။ တိုင်းရေးပြည်ရေး နိုင်ငံရေးဟာ တိမ်တောင်သဖွယ် မင်းရေးကျယ်သမို့ အရှင့်အငြိုအငြင် မခံယူဝံ့ပါ။
သို့ပါသော်ငြား အကျွန့်လူမျိုးအတွက်သာမက တိုင်းရင်းသားအားလုံးနှင့် တစ်ပြည်လုံးအတွက် မြင့်မြတ်သော စွန့်လွှတ်ခြင်းမို့ အကျွန့်အသက်စွန့်ပါရစေ ခွင့်ပြုပါအရှင်။ တရုတ်သူရဲကောင်းဂါမဏိကို သူသေကိုယ်သေ တိုက်ပါရစေ။
သူ့ကိုယ်မှာ ချပ်ဝတ်တန်ဆာ သံချပ်ကာတွေ ဘယ်လောက်ပင်ကာထားပါစေ ကျွန်ုပ်၏စိတ်က လှံသွားကဲ့သို့ သူ့ရင်ကိုထွင်းဖောက်ပြီး ကျွန်ုပ်လက်အောက်ကို ရောက်စေရပါမည်။
မြင်းစီးရင်း ကကြိုးဆင်တော့ သူ၏အားနည်းချက်ကိုဖွေရှာ အဖြေကထွက်လာပြီ။ ကဲ .. အ သင့်ပြင်၊ စစ်ခင်း၊ စီးချင်းနင်း၍ တစ်ဟုန်ထိုးပြေးအလာ အကျွန့်ကိုခုတ်ဖို့ဟန်ပြင် လက်ရွယ်စဉ်မှာ သူ့သံချပ်လွတ်သည့် နေရာထက်ဆီသို့ လှံကိုထိုးသွင်း နှလုံးသားကိုပြင်းပြင်းစိုက် ခေါင်းငိုက်အကျမှာ ကျွနု်ပ်နိုင်ခဲ့ပါပြီအရှင်။ တရားသဖြင့် ကျွန်ုပ်နိုင်ခဲ့ပါပြီ။
ဂါမဏိကိုလည်း ကျွန်ုပ်နိုင်ခဲ့သည်၊ စိန့် တိုင်းကိုလည်း ကျွန်ုပ်နိုင်ခဲ့သည်၊ အင်းဝကိုလည်း ကျွန်ုပ်နိုင်ခဲ့လေပြီ။ ကျွန်ုပ်သည် အရှင့်အရေးနှင့် တိုင်းပြည်အရေးကို ဦးဆွေးဆံမြေ့ အမှုတော်ထမ်းခဲ့သည့် သစ္စာတော်ခံသမိန်ဗရမ်းပါ အရှင်မင်းတရားကြီး။
crd,