ကမ္ဘာမှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာ

အဲဒီရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ အတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့အရာပါ။

အမျိုးသမီးအများစုအနေနဲ့ ဆံပင်ရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးလေ့ ရှိကြပါတယ်။ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။

အဲဒီရွာမှာနေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည် ထားခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည် ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည်ထားလေ့ ရှိကြပါတယ်။

အဲဒီကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။

ဒါကြောင့်လည်း ကမ္ဘာ့ဆံပင်အရှည်ဆုံးကျေးရွာအဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ အဲဒီကျေးရွာကိုရောက်ဖို့ တရုတ်နိုင်ငံ တောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်။

Jinsha မြစ်ကမ်းဘေးမှာရှိတဲ့ Huangluo Yao ကျေးရွာရဲ့ ထူးခြားတဲ့ ဓလေ့ကြောင့် ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။

အဲဒီကျေးရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေဟာ Qin မင်းဆက် လက်ထက်ကတည်းက နေထိုင်လာခဲ့ကြတဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေလို့ သိရပါတယ်။ လူဦးရေ ၆၀၀ နီးပါး ရှိပြီး မိသားစုဝင် ၈၀ နီးပါး ရှိပါတယ်။

အဲဒီကျေးရွာက အမျိုးသမီးတွေဟာ သန်စွမ်းနက်မှောင်ပြီး ရှည်လျားတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြပြီး အမျိုးသမီးတယောက်ရဲ့ ဆံပင်အလေးချိန်က ၂ ပေါင်ကျော် ရှိပါတယ်။

Yao အမျိုးသမီးတွေဟာ ဆံပင်အရှည်ထားရတာကို ဂုဏ်ယူလေ့ရှိပြီး ဒီဓလေ့ ပျောက်ကွယ်မသွားအောင် မျိုးဆက်တခုကနေ နောက်မျိုးဆက်တခုကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြပါတယ်။

မြစ်ကမ်းဘေးမှာ တည်ရှိတဲ့အတွက်ကြောင့်လည်း မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ရှိကြပြီး ရက်သတ္တပတ် ၁ ပတ် ရဲ့ ၃ ရက်မြောက်နေ့၊ ဒါမှမဟုတ် ၄ ရက်မြောက်နေ့မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ်ထားတဲ့ ဆေးတမျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရပါတယ်။

နောက်ထပ်ထူးခြားချက် တခုကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်းရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင်ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။ Yao အမျိုးသမီးတွေအတွက်တော့ ဆံပင်အရှည်က အရေးကြီးတဲ့ အမှတ်အသား တခုပါပဲ။

Yao အမျိုးသမီးတွေဟာ မွေးပြီးလို့ ရက် ၁၀၀ ပြည့်တဲ့အချိန်နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့အချိန် ၂ ကြိမ်ပဲ ဆံပင်ညှပ်လေ့ ရှိကြပါတယ်။

ဓလေ့တခု တည်မြဲအောင် ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အတွက်လည်း Huangluo Yao ကျေးရွာဟာ ကမ္ဘာ့ ဆံပင်အရှည်ဆုံး ကျေးရွာအဖြစ် ကမ္ဘာမှာလူသိများတဲ့ ကျေးရွာတရွာ ဖြစ်လို့နေပါတယ်။

မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။