ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၂)၏ တော်ဝင်မိဖုရားလေးပါးမှာ အပယ်ရတနာ၊သမ္ဘူလ၊မဏိ
စန္ဒာခေါ်ခင်ဦးနှင့်ခင်တန်မိဖုရားတို့ဖြစ်ကြသည်။
ပထမမြန်မာနိုင်ငံတော် ပုဂံပြည်ကြီးကို အနော်ရထာမင်းကြီတည် ထောင်စုစည်းရာတွင် ကျန်စစ်သားသည် ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဖီးတို့နှင့်အတူ သူရဲကောင်းလေးဦးအဖြစ် အဘက်ဘက်မှစွမ်းစွမ်းတမံပါဝင်ခဲ့သော စစ်သူကြီးတစ်ဦးဖြစ်သည်။
ပုဂံနန်းတွင်း၌ မင်းမှု့ထမ်းမဖြစ်ခင်က ကျန်စစ်သား၏ ငယ်စဉ်အတိတ်ဘဝကို အတိအကျမသိရသော်လည်း (မြန်မာရာဇဝင်များ၌မဖော်ပြပေ) ဘဝကို အခက်အခဲပေါင်းများစွာကြားမှ ရုန်းကန်ကျော်ဖြတ်ခဲ့ရကြောင်းကိုမူ သမိုင်းမှတ်တမ်းများအရ သိရပါသည်။
ကျန်စစ်သားကို ၁၀၃၀ပြည့်နှစ်၌ဖွားမြင်ခဲ့ပြီးအနော်ရထာမင်း၏ စစ်သူကြီးအဖြစ်အမှု့ထမ်းရွက်ခဲ့ရကာ အသက်၅၄နှစ်အရွယ် ၁၀၈၄ခုနှစ်၌ ထီးနန်းရရှိခဲ့၏။စစ်ကိုင်းတိုင်း မြောင်မြို့နယ်ပရိမ္မဇာတိဖြစ်သည်ဟု အဆိုရှိသည်။
ကျန်စစ်သားဟူသောဝေါဟာရမှာ”ကလန်စစ်သား”မှဆင်းသက် သည်ဟုယူဆကြ၏။ မွန်ဘာသာဖြင့်”ကလန်သံဗျင်”ဆိုသည်မှာ အခွန်အကောက်နှင့်မှု့ခင်းများကိုစစ်ဆေးရသည့် နယ်မြအုပ်ချုပ် သူအရာရှိကိုခေါ်ဝေါ်သောဝေါဟာရအဖြစ် ပုဂံကျောက်စာ တို့တွင်ရေးထိုးထားရှိသည်။
ပုဂံနန်းတွင်းမင်းမှု့ထမ်းမဖြစ်ခင်ဘဝကပင် ပရိမ္မအရပ်သူ အပယ် ရတနာနှင့် ငယ်ဘဝကတည်းက ချစ်ကျွမ်းဝင်ကာ လက်ထပ်ပေါင်းသင်းခဲ့ကြပြီးနောက်မှသာပုဂံနေပြည်တော်သို့ မင်းမှုထမ်းရန် နန်းတွင်းသို့ရောက်ရှိလာခဲ့သည်။
ဘုရင်အဖြစ် မရောက်သေးခင်ကာလတစ်လျှောက် ကျန်စစ်သား ၏ ဘဝခရီးကြမ်းတွင် အပယ်ရတနာသည် မငြီးမငြူ သစ္စာမပျက် သဘောထားကြီးလျှက်ပါရမီဖြည့်ရှာသော ငယ်ပေါင်းမယားကောင်းဖြစ်သည်မှာထင်ရှားပါသည်။
တစ်ကြိမ်တွင် စောလူးမင်း၏ အမျက်ရန်ကြောင့်ကျန်စစ်သားသည် (လက်ရှိနဂါးရုံဘုရားနေရာ) မြင်းကပါအရပ်၌တိမ်းရှောင် ခိုအောင်းနေရစဉ် မြေပြင်ပေါ်၌ အိပ်ပျော်သွားခဲ့သည်။
ထိုအခါ မြွေ(နဂါး)တစ်ကောင်က မျက်နှာကို နေပြောက်မထိုးစေရန် ပါးပျဉ်းကိုထောင်ကာ အုပ်မိုးပေးနေသည်ကို ထမင်းအုပ်လာပို့သော အပယ်ရတနာက တွေ့မြင်ခဲ့ရသည်။နောင် ကျန်စစ်သားမင်းဖြစ်သောအခါ ထိုအရပ်၌ အပယ်ရတနာနှင့် တွေ့ဆုံလေ့ရှိသောနေရာတွင် အပယ်ရတနာဘုရားနှင့် မြွေပါးပျဉ်းအုပ်မိုးပေးရာနေရာကို နဂါးရုံဘုရားဟူ၍ ဘုရားနှစ်ဆူတည်ဆောက်ထားခဲ့သည်။
အပယ်ရတနာဘုရားသည် ပုဂံခေတ်ဦးပိုင်းလက်ရာဖြစ်၍ အတွင်းနံရံ၌ ဗုဒ္ဓဝင်ဇာတ်တော်များကို နံရံဆေးရေးပန်းချီဖြင့်ရေးဆွဲထားပြီး မွန်ဘာသာဖြင့်စာတန်းများရေးထိုးထားသည်။ နဂါးရုံဘုရားမှာမူ အဝင်ဝတွင် ကျွန်းတုံးကြီးများကို ထုတ်အဖြစ်ကန်ကာ အဖြောင့်ပေါင်းကူးစနစ်(Straight Arch)ဖြင့်တည်ဆောက်ခဲ့သည်။
တစ်မူထူးခြားသော မွန်ဗိသုကာလက်ရာဆန်းများဖြင့် ယှဉ်လျှက်
တည်ဆောက်ထားခဲ့သည့် ထိုဘုရားနှစ်ဆူကို မြင်းကပါအရပ်၌ ဖူးတွေ့နိုင်ပါသည်။ အပယ်ရတနာမိဖုရားကြီးသည် နောင်အခါ ဘုန်းတန်ခိုးအာနုဘော်ဖြင့်ပြည့်စုံသော အလောင်းစည်သူမင်းကြီး၏ မယ်တော်ဖြစ်လာမည့် ရွှေအိမ်သည်အမည်ရှိသမီးတော်တစ်ပါးကို ဖွားမြင်ခဲ့ပါသည်။
ကျန်စစ်သားသည် အနော်ရထာဘုရင်၏ စစ်သူကြီးအဖြစ် အမှု့ထမ်းရွက်ခဲ့ကာ အေဒီ၁၀၅၇ခုနှစ်တွင်ဥဿာပဲခူးကို လာရောက်တိုက်ခိုက်သော ဂျွမ်းစစ်သည်(ကမ္ဘောဒီယားမှ ခမာလူမျိူ းများ)ကို သွားရောက်နှိမ်နင်းပေးခဲ့ရသည်။
စစ်ပွဲအောင်လက်ဆောင်များနှင့်အတူ ပဲခူးဘုရင်၏သမီးတော် မဏိစန္ဒာခင်ဦးကိုပါဆက်သလိုက်၏။လမ်းခရီး၏ မင်းသမီးကို စစ်သူကြီး၄ဦးအလှည့်ကျစောင့်ရှောက်ကြရာ ကျန်စစ်သားစောင့်လှည့်တွင် မဏိစန္ဒာနှင့်ငြိစွန်းခဲ့သည်။
အနော်ရထာမင်း သိသောအခါအမျက်တော်ရှ၍ အရိန္ဒမာလှံဖြင့်ပစ်ရာ ချည်ထားသောကြိုးကိုထိမှန်၍လှံကိုကောက်ယူပြီး အသက်လုထွက်ပြေးခဲ့ရသည်။
မိတ္ထီလာနယ် ကျောင်းဖြူအရပ်သို့ အသက်ဘေးအတွက် ထွက်ပြေးခိုလှုံရင်း ရှင်မထီးတစ်ပါး၏ တူမဖြစ်သူသမ္ဘူ လနှင့် ရေစက်ဆုံခဲ့ရပြန်သည်။အနော်ရထာမင်း နတ်ရွာစံသောအခါ သားတော်စောလူးမင်းနန်းတက်၍ ကျန်စစ်သားက်ို ပြန်လည်အမှု့ထမ်းရန်ခေါ်၏နန်းတော်သို့မပြန်မီသမ္ဘူ လကို ပတ္တမြားလက်စွပ်တစ်ကွင်းပေးအပ်ခဲ့ပြီး သားယောင်္ကျားဖွားမြင်ပါက နန်းတော်သို့လိုက်ခဲ့ရန်ကတိစကားထားရှိခဲ့သည်။
အရည်အချင်းမရှိသော စောလူးမင်းသည် နို့စို့ဘက်ငရမန်ကန်းကို မြှောက်စားခဲ့သောမလည်းသစ္စာမရှိသော ငရမန်ကန်း၏ စဉ်းလဲမှု့ကြောင့် စောလူးမင်းအဖမ်းခံရသည်။ ကျန်စစ်သားကြိုးစားကယ်တင်ပါသော်လည်း စောလူးမင်း၏အတွေးတိမ်မှု့ကြောင့်မအောင်မြင်ပဲ ငရမန်ကန်း၏ လုပ်ကြံသတ်ဖြတ်မှု့ကိုသာခံရသည်။
ငရမန်ကန်းသည် ပုဂံနေပြည်တော်ကိုမသိမ်းပိုက်နိုင်သေးခင် ကျန်စစ်သားသည် ထီးလှိုင်အရပ်၌ လက်နက်လူသူစုဆောင်းရင်းနေထိုင်စဉ် ထီးလှိုင် လေးရွာသူကြီးသမီးအမိမဲ့သူ ခင်တန်နှင့် တွေ့ဆုံပေါင်းသင်းခဲ့၏။ ထိုအနီးဝန်းကျင်အရပ်မှ လူသူလက်နက်တို့စုစည်းကာ ပုဂံကိုသိမ်းပိုက်ရန်ချီတက်လာသော ငရမန်ကန်း၏ မွန်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။
ကျန်စစ်သားသည် ထီးလှိုင်ရွာ၌ နေထိုင်စဉ်ပင် ခင်တန်ကို ဘိသိတ်ပေးမင်္ဂလာပြုခဲ့ပြီး ပုဂံထီးနန်းကိုသိမ်းပိုက်စိုးစံသောအခါ မိဖုရားအရာမြှောက်စားခဲ့သည်။ငယ်ပေါင်းဖြစ်သူ အပယ်ရတနာမိဖုရား၊ထီးလှိုင်ရွာသူကြီးသမီး ခင်တန်မိဖုရားနှင့် ငြိစွန်းရင်း
ရှိခဲ့ဖူးသည့် အနော်ရထာနှင့် စောလူမင်းတို့လက်ထက်နန်းမိဖုရားကြီးအပ်နှင်းခံရသူ မွန်မင်းသမီးမဏိစန္ဒာခေါ်ခင်ဦးတို့ကို မိဖုရားကြီးများအဖြစ် ပုဂံထီးနန်းကိုစိုးစံခဲ့သည်။
ထိုအခါ ကြောင်းဖြူအရပ်မှ ရှင်မထီး၏တူမသမ္ဘူလမှာ ကျန်စစ်သားနှင့်ရသော အရွယ်ရောက်ပြီဖြစ်သည့်သားဖြစ်သူနှင့်အတူ ကတိအတိုင်း ပုဂံနန်းတော်သို့လိုက်လာခဲ့သည်။ထိုအခါမင်းကြီးမှာ အပယ်ရတနာမိဖုရား၏သမီးတော် ရွှေအိမ်သည်မှ ဖွားမြင်သည့် ရင်ခွင်ပိုက်အရွယ်မြေးတော် မဏိစည်သူ(အလောင်းစည်သူ)ကိုထီးနန်းလွှဲအပ်ရန် ဘိသိတ်သွန်းခဲ့ပြီးဖြစ်သဖြင့်”မြေး
ကားအရင်း သားကားအဖျားဖြစ်ပေပြီ”ဟုမိန့်တော်မူ၏။
နောက်ကျမှနန်းတော်သို့ရောက်လာသော ရောက်လာရသောသားမိနှစ်ယောက်အဖို့ မင်းကြီးကိုအပြစ်မဝင်ခဲ့ကြပေ။သမ္ဘူ လသည် ဘုရားတရားရိပ်၌နေထိုင်ကြီးပြင်းခဲ့သူပီပီ နှိမ့်ချသည်းခံသိမ်မွေ့သူဖြစ်သလို သားဖြစ်သူမှာလည်း အထူးပင်လိမ္မာယဉ်ကျေးကာတင်းတိမ်ရောင့်ရဲတတ်သူဖြစ်သည်။
မင်းကြီးသည် “တြိလောကဝဋံသကာဒေဝီ”ဘွဲ့ခံဦးဆောက်ပန်းအမည်ဖြင့် သမ္ဘူ လကိုတော်ဝင်မိဖုရားအရာပေး၍ ကျွန်သုံးရွာအားအပိုင်စားပေးကာမြှောက်စားခဲ့၏။သားတော် ရာဇကုမာကိုလည်း ဇေယျခေတ္တရာဟူသောဘွဲ့ဖြင့် ဓညဝတီနှင့်တောင်စဉ် (၇)ခရိုင်ကိုစားစေခဲ့သည်။
ဘုရင်၏တစ်ဦးတည်းသောသားဖြစ်၍ ထီးနန်းအမွေမမျှော်လင့်ပဲ မိဘကျေးဇူးကိုသိတတ်သူဖြစ်၏။အသက်(၈၁)နှစ်အရွယ်ရှိ ခမည်းတော်ကျန်စစ်သားမင်းကြီး၏ ဘဝနေညိုချိန်တွင် သားတော်ရာဇကုမာရက ကွယ်လွန်ပြီဖြစ်သည့်မိခင်သမ္ဘူလ၏ လက်ဝတ်ရတနာတို့ဖြင့် ရွှေဆင်းတုတစ်ဆူသွန်းဋ္ဌာပနာလျှက် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကိုတည်ဆောက်ကာ ခမည်းတော်မင်းကြီးကိုယ်တိုင် ရေစက်ချစေပြီးကုသိုလ်ဖြစ်စေခဲ့သည်။
မိခင်စားရသောကျွန်သုံးရွာကိုလည်း ဂူပြောက်ကြီးဘုရားအားလှူ ဒါန်းခဲ့ကြောင်း အေဒီ၁၁၁၂တွင် မြစေတီကျောက်စာဖြင့်(ပျု မွန် မြန်မာ ပါဠိ)ဘာသာစကား၄မျိုးရေးထိုးကာမှတ်တမ်းတင်ခဲ့လေသည်။
ဂူပြောက်ကြီးဘုရားမှာ မြင်ကပါရွာမြစေတီဘုရားအနီးကပ်လျှက်တည်ရှိသည်။ရာဇကုမာ၏ ကုသိုလ်မှတ်တမ်းဖြစ်သည့် ဂူပြောက်ကြီးဘုရားကျောက်စာတိုင်ကိုမြစေတီဘုရားမဟာရာမ်တံတိုင်းကို ပြုပြင်ရာမှတူးဖော်တွေ့ရှိခဲ့ရသဖြင့် မြစေတီဘုရားရင်ပြင်တော်တွင် ကျောက်စာဂူဖြင့် ထိန်းသိမ်းထားရှိခဲ့ရာမှ မြစေတီကျောက်စာဟုခေါ်ဝေါ်ခဲ့ကြသည်။
ဂူပြောက်ကြီးဘုရားမှာ မွန်ဗိသုကာလက်ရာဖြစ်ပြီး ပန်တော့အင်္ဂတေလက်ရာအလွန်ကောင်းမွန်ကာ ဂူနံရံရှိ အတွင်းစင်္ကြ ံပတ်လမ်းတစ်လျှောက် ဗုဒ္ဓဝင်ဇာတ်တော်နံရံဆေးရေးပန်းချီများကို ယခုတိုင် အကောင်းအတိုင်းတွေ့မြင်နိုင်သေးသည်။ဇာတ်ကွက်တို့၏အောက်ခြေတွင် မွန်ဘာသာဖြင့် ရေးသားခဲ့သည်။
ထီးလှိုင်ရှင်ခေါ်ကျန်စစ်သားမင်းသည် အရပ်သားဘဝမှမင်းမှု့ထမ်းဖြစ်လာပြီး ထိုမှတဆင့်ပုဂံထီးနန်းကိုပိုင်စိုးအုပ်ချုပ်ခဲ့သူဖြစ်သည်။
သူ၏ ဘဝတစ်လျှောက်တွင်တွေ့ဆုံခဲ့ရသူ အမျိုးသမီးလေးဦးမှာလည်း နောင်တစ်ချိန်မိဖုရားအရာနေရာပေးခံရမည်ဟူသော မျှော်လင့်စရာအခြေအနေမရှိပဲ ဒုက္ခနှင့်အခက်အခဲအမျိုးမျိုးအကြားမှ မေတ္တာသက်လျှက်ချစ်ကျွမ်းဝင်ခဲ့ကြသူများ ဖြစ်သလိုချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားလေးစားသောအားဖြင့်
တော်ဝင်မိဖုရားကြီးလေးပါးအဖြစ် မြှောက်စားခဲ့သော
ဘုရင်လည်းဖြစ်ပေသည်။
ဘုရင်နှင့်အတူ စည်းလုံးညီညွတ်စွာ အနော်ရထာတည်ထောင်ခဲ့သည့်ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းလျှက်တိုးတက်စည်ပင်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ခဲ့သော ကျန်စစ်သားမင်းကြီးကိုသမိုင်းတစ်ထောင့်တစ်နေရာမှ ထောက်ပံ့ကုညီပေးနိုင်ခဲ့သော မိဖုရားကြီးများဟုဆိုနိုင်ပါလိမ့်မည်။
ဤမိဖုရားကြီး၄ပါးတွင် ငယ်ပေါင်းမိဖုရားကြီးဖြစ်သောအပယ်ရတနာ၌ သမီးတော်ရွှေအိမ်သည်ကိုဖွားမြင်၍ မိဖုရားဦးဆောက်ပန်းခေါ်သမ္ဘူ လ၌ သားတော်ရာဇကုမာကို ဖွားမြင်ခဲ့သည်။ဥဿာမင်းသမီး မဏိစန္ဒာခေါ် ခင်ဦး နှင့် ထီးလှိုင်ရွာသူကြီးသမီး ခင်တန်မိဖုရားတို့တွင် သားတော်သမီးတော်မထွန်းကားခဲ့ပေ။
အနော်ရထာမင်းကြီးစတင်တည်ဆောက်ခဲ့သော ရွှေစည်ခုံဘုရား
ကြီးမှာ ကျန်စစ်သားမင်းလက်ထက်မှ အပြီးသတ်တည်
ဆောက်ကာ ရေစက်ချနိုင်ခဲ့ရာ ရွှေစည်းခုံဘုရားကြီးပရဝုဏ်အတွင်း အနောက်ဘက်တံခါး၏ မြောက်ဘက်၌ မိဖုရားမဏိစန္ဒာခင်ဦးတည်သောဘုရား(ဘုရားအမှတ်-၁၉) နှင့် မိဖုရားခင်တန်တည်သော ဘုရား(အမှတ်-၁၈)တို့ကို လုံးပတ်တော်ဥာဏ်တော်ပုံစံတူ ဘုရားနှစ်ဆူကိုလည်း ယနေ့တိုင်ဖူးမျှော်တွေ့မြင်နိုင်ပါသည်။
ကျန်စစ်သားမင်းလက်ထက်တွင် ခရစ်နှစ်၁၀၈၈ခုနှစ်တွင် တူရွင်းတောက်ခြေရှိ အမရကန်ခေါ်မြကန်ကိုတူးဖော်ဆည်ဖို့ခဲ့ပြီး ၁၀၉၁ခုနှစ်တွင် ဘုရားရှင်လက်ထက်တော်က ဟိမဝန္တာတောင်တန်းရှိ နန္ဒမူလှိုဏ်ဂူသဏ္ဍာန်ရှ်ိ အာနန္ဒာဂူဘုရားကို တည်ထားကိုးကွယ်ခဲ့သည်။
၁၁၀၂ခုနှစ်မေလ၉ရက်နေ့တွင် နန်းတော်သစ်ကိုအပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး ၁၁၀၆ခုနှစ်တွင်တရုတ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့စေလွှတ်နိုင်ခဲ့သည်။ကျန်စစ်သားသည် အသက်၈၃နှစ်အရွယ် ခရစ်နှစ်-၁၁၁၃ခုနှစ်တွင် နတ်ရွာစံခဲ့လေသည်။
စာကိုး။ ဦးကုလား၏ “မဟာရာဇဝင်ကြီး”(ပတွဲ)
“မှန်နန်းမဟာရာဇဝင်တော်ကြီး”(ပတွဲ)
ဦးသန်းဆွေ(ရှေး/သု)”ပုဂံစေတီပုထိုးများ”
တင်သန်းယု”မဟေသီဒေဝီဧကရီများ”
တင်နိုင်တိုး”ပုဂံအဘိဓာန်”
Crd