မြန်မာ့သမိုင်း၏ ရှေးဟောင်းမြို့ပြများအကြောင်းပြောတိုင်း အမရပူရက မပါမဖြစ် မြို့တော်ဟောင်း ဖြစ်သည်။ အမရပူရအကြောင်းပြောတိုင်းလည်း အရှည် ၃၉၆၇ ပေ ရှိပြီး ကောဇာ သက္ကရာဇ် ၁၂၁၃ ခုနှစ်က တည်ဆောက်ပြီးစီးကာ ယခုတိုင်တည်ရှိနေသော သစ်သားတံတားကြီး အကြောင်းကိုလည်း အရေးတယူပြောကြရသည်။
ထိုတံတားကြီးက အမရပူရနေပြည်တော်ကို ဆီးကာထားသည့် တောင်သမန်အင်းကို ဖြတ်သန်းတည်ဆောက်ထားသောကြောင့် တောင်သမန်တံတားဟု အစဉ်အဆက်မှတ်သားကမ္ပည်းတင်ခဲ့၏။
သို့သော် တံတားတည်ဆောက်သူ၏အမည်ကို အစွဲပြုကာ မောင်ပိန်တံတားမှသည်ဦးပိန်တံတားဟုပဲ အရပ်သုံးအခေါ်အဝေါ်အဖြစ် သုံးစွဲခဲ့ကြရာမှ ယခုအခါ မူလကမ္ပည်းတင် အမည်မှန်ဖြစ်သော တောင်သမန်တံတား အခေါ်အဝေါ် ပျောက်ကွယ်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။
ပုဂံမင်း နှင့် အမရပူရ
အမရပူရထီးနန်း ကို ပုဂံမင်းဆက်ခံချိန်တွင် မြန်မာပြည်အောက်ပိုင်း သရက်မြေထဲအထိ အင်္ဂလိပ်က သိမ်းပိုက်ထားပြီး ထီးနန်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သော်လည်း ပုဂံမင်းကတိုင်းရေးပြည်ရာ ကို စိတ်မဝင်စားချေ။
အရေးကြီးသည့် တိုင်းရေးပြည်ရာ ကိစ္စများကိုမင်းညီမင်းသား မှူးမတ်များအား၊ ‘မျက်နှာ လွှဲခဲပစ်’ လွှဲအပ်ထားပြီး ကိုယ်တော်တိုင်က အပျော်အပါး၌သာ ယစ်မူးမွေ့လျော် ပျော်ပိုက်နေပေသည်။ အထူး သဖြင့် ပုဂံမင်းဝါသနာထုံသည်က တိရစ္ဆာန်အချင်းချင်း တိုက်ခြင်းနှင့် လက်ဝှေ့ထိုးသတ်မှုများဟုဆိုသည်။ ကြက်တိုက်ကစားသည်၊ ကျွဲ၊ ဆိတ်၊ သိုး … စသောတိရစ္ဆာန်များ တိုက်ဝှေ့စေခြင်းလည်းမွေ့ပျော်သည်။
စဉ်းစားဆင်ခြင်ဉာဏ်မဲ့ပြီး အပျော်အပါးအလောင်း အစား၌သာ ပျော်မွေ့သောရှင်ဘုရင်တွင် သူ့အပါး၌ မြှောက်ပင့်၊ ကပ်စားဖော်လံဖားပြီး နေရာယူ အခွင့်အရေးယူ အနေချောင်သူများရှိနေသည်မှာလည်း လောကဓမ္မတာဖြစ်သည်။ ပုဂံမင်း၌ သူအလွန် ယုံကြည်အားကိုး အရေးပေးသောသွားလေရာအမြဲပါ သူလက်သုံးတော်များအနက် မြို့ဝန်ဘိုင်ဆတ်ဆိုသူက အထင်အရှားဖြစ်သည်။
မြို့ဝန်ဘိုင်ဆတ် တွင်လည်း အားကိုးအားထားရသူ မြို့ဝန်စာရေး မောင်ပိန် ဆိုသူကလည်း အကင်းပါးလှသူဖြစ်သည်။ ဘုရင့်အလိုကျ စိတ်တော်သိဗောင်းတော်ညိတ်ထဲတွင် မြို့ဝန်ဘိုင်ဆတ်နှင့် စာရေးမောင်ပိန်တို့က ထိပ်ဆုံးကဟုဆို၏။ မောင်ပိန်၏ အသိုင်းအဝိုင်းမှာပင် ပုဂံမင်းအတွက် အချိန်မရွေးကြက်တိုက်၊ ငှက်တိုက်နိုင်ဖို့ကျေးငှက်တိရစ္ဆာန်တွေ အဆင်သင့် မွေးမြူထားကြသည်ဟုဆိုသည်။
တံတားစီမံကိန်း
ပုဂံမင်းကအလောင်းအစား၊ အပျော်အပါးတွင်ထုံမွေ့ အချိန်ပေးသော်လည်းတစ်ဖက် ကုသိုလ်ကောင်းမှု၌လည်း လက်မနှေးစိတ် သဘောထား နူးညံ့ပျော့ပျောင်းသည်ဟုဆို၏။ ထို့ကြောင့်လည်းမင်းနားကပ်၍ ခစားကြသော လူယုံတို့၏ အလိုကိုမဆိုင်းမတွ ဖြည့်ဆည်းပေးပုံလည်းရသည်။
တောင်သမန် တစ်ဆယ့်နှစ်ရပ်မှ ပြည်သူအများကမိုးတွင်းကာလရောက်လျှင် တောင်သမန်အင်းက ရေပြည့်သောကြောင့် အမရပူရရွှေမြို့တော်နှင့် သွားရေးလာရေးခက်ခဲခဲ့ကြသည်။ ထို့ကြောင့် အင်းကိုဖြတ်၍ တံတားတစ်စင်းဆောက်လုပ်ရန် အစီအမံကိုမောင်ပိန်တို့က ပုဂံမင်းထံတင်ပြသည်။
လတ်တလောအနေဖြင့် တောင်သမန်တစ်ဆယ့်နှစ်ရပ်က ဆင်းရဲသားပြည်သူတွေသွားရေး၊ လာရေးလွယ်ကူစေရန် စီစဉ်သောမောင်ပိန်တို့၏ အစီအမံအပေါ် ပုဂံမင်းကလက်ခံသည်။ ဤတံတားအတွက် ဘုရင့်ဘဏ္ဍာတော် တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာမလိုသော ‘စီမံကိန်း’ ဟုဆိုပြန်တော့ ပို၍ အဆင်ပြေသည်။
ရယူဖျက်သိမ်းသုံးစွဲခွင့်
တံတားစီမံကိန်းအတွက် လိုအပ်သောသစ်သားများ ရရှိဖို့က ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွန့်ပစ်ထားခဲ့သော ယစစ်ကိုင်း ထီးနန်း၊ အင်းဝ ထီးနန်းများ၏ ကျောင်းတော်၊ အိမ်တော်၊ နန်းတော်ဟောင်းများကား ချုံပုတ်အုတ်ပုံကြား အလဲလဲအပြိုပြို ဖြစ်နေသောကြောင့်စွန့်ပစ်၊ ဆွေးမြည့်၊ မီးသင့်၊ ခြစားခြင်းအတူတူ၊ ရယူဖျက်သိမ်းသုံးစွဲခွင့် ‘လိုင်စင်’ ချထားပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
ပုဂံမင်းကလည်းနန်းတော် အိမ်တော်များမှအသားများသည် ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ အသုံးမပြုနိုင်၊ သာသနိကအဆောက်အအုံဆောက်လုပ်ရန်မှာလည်း မှူးမတ်တို့ အသုံးပြုနေထိုင်ဖူးဖြစ်သဖြင့် မသင့်လျော်။
အလဟဿ ဆွေးမြည့်ပျက်စီးမည့်အတူ၊ ထိုသစ်ဟောင်းများဖြင့် တံတားဆောက်လုပ်ခြင်းက သင့်လျော်သည်ဟုဆုံးဖြတ်ပြီး မြို့စာရေးမောင်ပိန်အားစစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်ဟောင်းများ ဖျက်သိမ်း၍ အသားဟောင်းများရယူကာ တံတားတည်ဆောက်ခွင့် ပေးသနားတော်မူခဲ့သည်။
ထို့ကြောင့် မောင်ပိန်က စစ်ကိုင်း၊ အင်းဝက နန်းတော်အိမ်တော်ဟောင်းများ ဖျက်သိမ်းပြီး ရရှိသည့်ကျွန်းလုံး၊ ကျွန်းတိုင်၊ ကျွန်းသားများနှင့် တောင်သမန်အင်း ဖြတ်တံတားဆောက်သည်။ ထို့ကြောင့် တံတားစတင်ဆောက်လုပ်သည့် ‘အင်း က အော် အာဆောက် လုပ်ခါ’ဟူသော ၁၂၁၁ ခုနှစ်ကပင် အသုံးပြုသောသစ်သားများက ရှေးဟောင်းဖြစ်နေပေပြီ။
အင်းကအော်ညီး၊ ဆောက်လုပ်ပြီး
မြို့စာရေးမောင်ပိန်က ဘုရင်ပေးသနားသော သစ်ဟောင်းများနှင့် ကျေးလက်လူထု လုပ်အားရယူကာ တည်ဆောက်ခဲ့သော တံတားကြီးက နှစ်နှစ်အကြာမှာပြီးစီးသည်။ ထို့ကြောင့် တံတားပြီးစီးသည့်နှစ်ကို ‘အင်းက အော်ညီး၊ ဆောက်လုပ်ပြီး’ ဟု သက္ကရာဇ် ၁၂၁၃ ခုနှစ်(ခရစ်နှစ် ၁၈၅၁)ကိုမှတ်သားခဲ့ကြသည်။
မှတ်မှတ်ရရ တံတားပြီးသည့် ၁၂၁၃ ခုနှစ်တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့မှာပင် မြို့ဝန်နှင့် ဝန်စာရေးခေါင်းဆောင်သောအပေါင်းပါတို့ကို ရွှေနန်းတော်အတွင်း ဥပဒေမဲ့လုပ်ရပ်တစ်ခုမှ အစပြု၍ မဟုတ်မမှန် ပြည်သူပြည်သားတို့ကိုညှဉ်းပန်းနှိပ်စက် ကြေးငွေစား သတ်ဖြတ်ပြုကျင့်ကြောင်းများကို အလုံးစုံသိတော်မူ၍ လွှတ်တော်က မေးမြန်းစေကာ နတ်တော်လပြည့်ကျော် ၇ ရက်နေ့တွင် အမိန့်တော်အရ ကွပ်မျက်တော်မူခဲ့ကြောင်း ဖြစ်ရပ်ကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖတ်မှတ်ရပါ၏။
တောင်သမန် တံတားဟူသော အဖိုးတန်အမည်
တံတားအရှည် ၃၉၆၇ ပေရှိပြီး အခန်း ပေါင်း ၄၈၂ ခန်းရှိကာ ရေလယ်ဇရပ်တိုင်များ အပါအဝင်တိုင်ပေါင်း ၁၀၈၆ တိုင်၊ ရေကြီးချိန်ဖောင်များ၊ လှေများ ဖြတ်သန်းဖို့ ဖောင်ကြောင်းကိ်ုးကြောင်းပါသည့် သစ်သား တံတားကြီးက လွန်ခဲ့သော နှစ်ပေါင်း ၁၆၈ နှစ်ကတည်းက သွားရေးလာရေးအတွက် အဆင်ပြေချောမွေ့သကဲ့သို့ယခုအခါ ကမ္ဘာကျော်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ခဲ့ချေပြီ။သို့သော် တောင်သမန်တံတားဟူသော အဖိုးတန်အမည် ကွယ်ပျောက်နေသည်ကတော့ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။
တောင်သမန်တံတား ဟူသည်က မူလအမည်မှန်ဖြစ်ပါ၏ ။
credit ဆူးငှက်