လူတစ်ဦး၊ မိသားစုတစ်စုတွင်မကတစ်ရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်းရှိနေသည်။
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။
အမည်က (ဒုံးဆွေသန်းကျေးရွာ)
ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ဒုံးဒဟွန်း စသည့်ကျေးရွာအမည်များရှိကြသည်ကို လူအများကသိကြသည်။ သို့သော်( ဒုံးဆွေသန်းကျေးရွာ) ဟု ရွာလေဆိပ်တွင်ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများသိပ်မကြားဖူးကြ။
သည်ရွာကို ဦးဆွေသန်းဆိုသူကလွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင်ရှိလာနေပြီဖြစ်သည်။
ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ တခြားဒေသများမှ လာရောက်လုပ်ကိုင်ပြီးအခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ်ကြသည်။
သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းအစားသမီးဖြစ်သူက အဖေ၏ လုပ်ငန်းများအားဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။ ရွာရှိ ၁၂ နှစ်အရွယ် ယောက်ျားကလေးမှအစလုပ်နိုင်ကိုင်နိုင်သည့်အမျိုးသားအားလုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာ နေ့တဓူဝ လုပ်ကိုင်နေကြရသည်။
သို့သော်လည်း ၎င်းတို့ နေပူမိုးရွာမရှောင် လုပ်ခဲ့ကြသည့် လုပ်အားခ ငွေကြေးတစ်ပြားတစ်ချပ်မှ မြင်ဖူးခြင်းမရှိကြ။
ယင်းအစား လိုအပ်သည့် ရိက္ခာ များကိုသာ သူတို့ရရှိကြသည်ပိုက်ဆံကိုတော့ဒီရွာမှာ ဘယ်သူမှမကိုင်ကြရဘူးဟု ယင်းရွာနေ အသက်(၄၅)နှစ်ခန့်ရှိသူ အမျိုးသားကပြောသည်။
ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်း ဆိုသူကပိုင်ဆိုင်ထားပြီး ရွာသား (၉၀)ရာခိုင်နှုန်းသည်လည်း ၎င်းထံတွင်အလုပ်လုပ်နေကြရသည်။
အလုပ်သမားတစ်ဦး၏တစ်လ လုပ်အားခမှာလေးဆိုလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် လူကြီးဆိုရင်ကျပ်တစ်သိန်းဝန်းကျင်ခန့်ရရှိကြသည်၊ သို့သော်ရရှိသည့် လုပ်အားခကိုမူငွေကြေးအဖြစ် သူဌေးကမည့်သည့်အခါကမှ ထုတ်ပေးခြင်းမရှိ။
ငွေရှိပါကလည်း ဝယ်ခြမ်းစားသောက်စရာဈေးဆိုင်လက်ဖက် ရည်ဆိုင် အရက်ဆိုင် ကွမ်းယာဆိုင် ဟူ၍လည်းရွာတွင် မရှိ။ ဆိုင်ဆိုသည်ကနတ္ထိ။ ရွာသားများလိုအပ်သည့် ပစ္စည်း များ အားလုံးကိုဦးဆွေသန်းဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။ ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူကများတယ်။
တခြားရွာရောက်လို့လည်းဆိုင်ထိုင်ဖို့သူတို့မှာ ပိုက်ဆံမှမရှိတာဟု ၄၅ နှစ်အရွယ်ရှိယင်းရွာသားတစ်ဦးက ပြောသည်။ ရွာတွင် အလယ်တန်းအဆင့်ထိစာသင် ကျောင်းရှိသော်လည်း လူငယ်သုံးပုံတစ်ပုံမှာကျောင်းမနေကြရ။ စောစောစီးစီးလုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြရသည်။
ဦးဆွေသန်းထံတွင် ရွာ၏လူဦးရေ၉၀ ရာခိုင်နှုန်းခန့်အလုပ်လုပ်နေကြရာတွင်အသက် ၁၈ နှစ်အောက်ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်းဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ရွာသားကပြောပြကြသည်။
သူဌေးနားမှာ အလုပ်လုပ်နေသူတွေက တစ်ယောက်မှအကြွေးမကင်းကြဘူး။ အနိမ့်ဆုံးဆယ်သိန်းလောက်တော့အကြွေးတင်နေကြတယ်ဟု ယင်းရွာနေထိုင်သူ အသက် ၃၅ နှစ်ရှိအမည်မဖော်လို အမျိုးသမီးတစ်ဦးကပြောသည်။
အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှလစဉ်နုတ်ယူလျက်ရှိပြီး ယင်းလူများအား ရိက္ခာ ပစ္စည်းရောင်းချရာတွင်လည်းတစ်နေ့နှစ်ထောင်ငါးရာ တန်ဖိုးထက်ပိုရောင်းပေးခြင်းမရှိဟု ၎င်းတို့ကဆိုသည်။
ယင်းအပြင်ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်းမိသားစုအား အလားတူတစ်နေ့နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိဟုရွာသားများကပြောပြသည်။
လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီးစားလောက်မလဲ။ဆန်တစ်ပြည်ပဲတစ်ထောင်ကျော်ကျနေပြီဟုရွာနေအမျိုးသမီးတစ်ဦးကပြောသည်။
အိမ်ထောင် ဦးစီးတစ်ဦးသေလျှင် ကျန်ရစ်မိသားစုက အကြွေးကျေအောင်လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာဝဲသြဃအတွင်း သူတို့ဘဝများ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းမရှိကြပေ။
အထက်ပါအကြောင်းရာများကို The Tanintharyi Weekly တနင်္သာရီ နိုဝင်ဘာ၁၆ နိုဝင်ဘာ ၂၂၊ ၂၀၂၀၊ တနင်္လာနေ့ထုတ် ဂျာနယ်မှာအကျဉ်းချုပ်ဖော်ပြခဲ့ပါသည်။
ထိုနည်းအတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျားပါးစပ်တံငါလုပ်သား များဟာလည်း မိသားစုလိုက်အကြွေးနွံနှစ်၍ ကျားပါးစပ်လုပ်သားတိုင်းလိုလို သားသမီးများကိုပင်ကျောင်မထားနိုင်
တစ်ချို့ကျွန်းများမှာလည်းကျောင်းများမရှိကြ၍တစ်ချို့သောကျားပါးစပ်ရှိရာကျွန်းများဟာလည်း ကျားပါးစပ် သူဌေးစက်လှေကလွဲ၍မည်သည့်လှေတစ်စီးမှာလာရောက်ခြင်းမရှိကြပါကြောင်းထပ်လောင်း၍ပြောပြလိုက်ပါရစေ။ ။
Crd,