မြန်မာမင်းများလက်ထက်ကတည်းကပင် မဏိပူရပြည်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ ထိုမဏိပူရပြည်သားများနှင့် ယင်းတို့မှ ဆင်းသက်ပေါက်ဖွားလာသူတို့ ကိုမြန်မာ ဝေါဟာရ အားဖြင့် ကသည်း ဟုခေါ်သည်။
ပြောဆိုသော မူရင်းဘာသာ စကားအရ ထိုကသည်းတို့မှာ ကုကီချင်းအစုဝင် ချင်းလူမျိုးတစ်မျိုးများ ဖြစ်ကြောင်း တွေ့ရသည်၊ ကုကီချင်းအစုကို မေလေးနှင့် ချင်းရိုးရိုးဟု နှစ်စုခွဲထားရာ၊ ကသည်းတို့မှာ ပထမအစုဖြစ်သော မေလေးတို့တွင် အပါအဝင်ဖြစ်သည်၊ မေထေးမှာ မဏိပူရ ပြည်သားတို့ကိုခေါ်သော အမည်တစ်မျိုးပင် ဖြစ်သည်။
အမှန်အားဖြင့် မဏိပူရ ပြည်နှင့် ထိုမေလေးတို့ကို မြန်မာတို့က ကသည်းပြည်နှင့် ကသည်းလူမျိုးဟုပင် ခေါ် ဝေါ်ကြသည်။၁၉၃၁ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကသည်းလူမျိုး ၆ဝဝဝမျှ ရှိကြောင်း၊ ယင်းတို့အနက် ၄ဝဝဝမျှသာ က သည်း စကားကို ပြောဆိုနိုင်ကြောင်း သိရသည်။
ကသည်းတို့မှာ များသောအားဖြင့် ဟိန္ဒူအယူဝါဒီများ ဖြစ်ကြသည်၊ ၁၅၀၀ ခန့်မျှ သော ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသည်၊ မြန်မာနိုင်ငံအတွင်း သူတို့နေထိုင်ရာ အချက်အခြာဒေသမှာ မန္တလေးခရိုင်ဖြစ် ထိုခရိုင်တွင် က သည်း ဦးရေ ၄၅ဝဝကျော်မျှ တွေ့ရသည်။
မြန်မာနိုင်ငံတွင်းသို့ ကသည်းလူမျိုးတို့ ရောက်ရှိလာပုံ သမိုင်း အကျဉ်းမှာ အောက်ပါအတိုင်းဖြစ် ၏၊ ခရစ်နှစ် ၁၈၅၈ခု အလောင်းဘုရားလက်ထက်၊ ၁၇၆၄ ခုနှစ် ကုန်းဘောင်ဆင်ဖြူရှင် မင်းတရားလက်ထက်၊ ၁၈၁၉ ခုနှစ် ဘကြီး တော်လက်ထက်တို့တွင် မြန်မာတို့က မဏိပူရကသည်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ကြပြီး သည့်နောက်၊ မဏိပူရကသည်း ပြည် သူပြည်သားအများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင် လာခဲ့ကြသည်။
ခေါ်ဆောင်လာသူ တို့တွင် ပိုး ထည်ရက်လုပ်ရာ၌ ဆန်းကြယ်လှပ ခက်ခဲသော အဆင်များကို ပေါ်အောင် ရက်လုပ်တတ်သည့် ရက်ကန်းပညာသည်များ၊ အာကာသ သျှတ္တရကျမ်း၊ နက္ခတ်ပညာ၊ ဗေဒင်ပညာ၊ သ ဘင်အတတ်တွင် ကျွမ်းကျင် ကြသော မြင်းသည်တော်တို့ပါဝင်ကြသည်။
ဤကဲ့သို့ ထက်မြက်လှသော လက်မှုပညာသုခုမပညာတို့ တွင်ထူးချွန်ကြသော ပညာသည်များနှင့် မြင်းစီးပညာစသည်တို့ဖြင့် မင်းမှုထမ်းနိုင်ကြစေရန် ကုန်းဘောင်ခေတ် ဘုရင်တို့သည် ထိုမဏိပူရကသည်းလူမျိုးတို့အား နေပြည်တော် တဝိုက်ဖြစ်သည့် ယခုမန္တလေးခရိုင်တွင် နေရာချထား ခဲ့ခြင်းဖြစ်သည်၊
လောကီကျမ်း၊ နက္ခတ်နှင့် ဗေဒပညာတို့တွင် ထူးချွန်ကြသော ကသည်းပညာသည်တို့မှာ ဘုရင်ဧကရာဇ် တို့၏ အတိုင်ပင်ခံ မင်းဆရာများအဖြစ် အမှုထမ်းရသည့် အဆင့်သို့ပင် တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။
မဏိပူရကသည်းလူမျိုးအချို့မှာ အမျိုးမြတ်သော ဗြာဟ္မဏ အနွယ်ဝင်များဖြစ်ကြသည့်အတိုင်း ဟိန္ဒူဘာသာဝင် ဗြာဟ္မဏများကဲ့သို့ အခြားအမျိုးအနွယ် အခြားဇာတ်ဝင်တို့က ပေးလှူပူဇော်ကြ သည်တို့ကို ခံယူစားသောက်ကြသည်။
ဗြဟ္မဏအနွယ်ဝင်မဟုတ်သော ကသည်းလူမျိုးတို့မှာမူ အထက်၌ဆိုခဲ့သော လက်မှုပညာ၊ သုခုမပညာလုပ်ငန်းများအပြင် လယ်ယာလုပ်ကိုင်ခြင်း စသည့်ဖြင့် အသက်မွေးဝမ်းကြောင်း ကြလေသည်။
မဏိပူရကသည်းတို့မှာ မြင်းစီးအတတ်တွင် ကောင်းစွာကျွမ်းကျင် ကြသည့်အတိုင်း ကုန်းဘောင်ခေတ်အလျင်မြန်မာနိုင်ငံ ကစဉ့်ကရဲဖြစ်နေချိန်များတွင် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ကာ ထိပါးတိုက်ခိုက်နိုင်ခဲ့ကြလေသည်။
သို့ထိပါး တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင် ခေတ်တွင် အထက်၌ဆိုခဲ့သည့်အတိုင်း မြန်မာတို့ကသွားရောက် တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။
မြင်းသည်ကျော်တို့သာ ကစားနိုင်သော ဂူလီကစားနည်းမှာ မဏိပူရကသည်းပြည်မှ စ၍ပေါ်ပေါက်ခဲ့သည်ဟု အချို့ပညာရှိတို့က ယူဆကြသည်။ အလောင်းမင်းတရားကြီး လက်ထက်မှစ၍ ဖွဲ့စည်းလာခဲ့သော ကသည်းမြင်း တပ်မှာ သီပေါမင်းလက်ထက် ရောက်သည့်တိုင်အောင် တည်ရှိခဲ့လေသည်။
သီပေါမင်းလက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာတပ်မတော်ကြီး၏ စုကြီးအမှုထမ်းတွင် ပါဝင်သောမြင်းအမှုထမ်းတို့တွင် ကသည်းမြင်း တပ်အင်အားမှာ ထမ်းကို ၆၂၂ဖြစ်၍ မြင်းတပ်၏ နောက်ထောက်အင်အားမှာ ၆၂၂ဝဖြစ်ကြောင်း သိရသည်။
ထိုမှတပါး မြန်မာဘုရင်လက်ထက်တွင် ပြန်တမ်းရိုးခံရသော ဝန်အဖြစ် ကသည်းဝန် တစ်ဦးကို ကသည်းလူမျိုးထဲမှ ခန့်ထားသည်ကိုတွေ့ရသည်။
ဝတ်စားဆင်ယင်ပုံမှာ အိန္ဒိယတိုင်းသားဟိန္ဒူများနှင့် ဆင်သော်လည်း မြန်မာနိုင်ငံတွင် အနေကြာပြီဖြစ်သည့်အတိုင်း ကိုယ်အထက်ပိုင်းတွင် မြန်မာများကဲ့သို့ ဝတ်ဆင်၍ ကိုယ်အောက်ပိုင်းတွင် ဒိုတီကိုခါးတောင်းကျိုက်၍ ဝတ်ကြသည်။ အချို့မှာမူ မြန်မာ တို့ကဲ့သို့ပင် ဝတ်ဆင်ကြသည်။
မိမိတို့၏ မူရင်းဘာသာစကားအပြင် မြန်မာစကားကိုလည်း ပြောဆိုကြသည်။ မြန်မာတို့နှင့်အတူ ဆက်ဆံနေထိုင်ကြသော်လည်း ရပ်ကွက်ကျေးရွာများတွင် မိမိတို့အစုနှင့် မိမိတို့ သီးခြားနေထိုင်ကြလေသည်။ ကိုးကား – မြန်မာ့စွယ်စုံကျမ်း ပထမတွဲ အပိုင်း (က)
Credit – ဦးဘရှင်