ယနေ့ခေတ်မှာ အသုံးပြုမှု နည်းနေပြီဖြစ်တဲ့ ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်…(လွယ်လွယ်နဲ့ ရတယ်တော့ မထင်လိုက်နဲ့)

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ်ထင်လား-ကျောက်သင်ပုန်းတချပ်ကိုလွယ်လွယ်နဲ့ဖြစ်လာတယ် ထင်ရင် မှားမှာပေါ့တပုံချင်းကြည့်ပြီးလေ့လာစေချင်၊ မွန်ပြည်နယ်…

ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာ၊ ကျောက်သင် ပုန်းတောင်မှ ကျောက်သင်ပုန်းကျောက် တူးဖော်ပုံနှင့် ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်ကို ဗဟုသုတအဖြစ် မျှဝေဖော်ပြ ပေးလိုက်ပါတယ်နော်…။

တချို့ ကျောက်သင်ပုန်း သုံးတဲ့သူတွေက လွယ်လွယ်သုံးပြီး တန်ဖိုးမထားတတ်ကြတာ။ လုပ်တဲ့သူတွေကတော့ ကျောက်သင်ပုန်းလေး တစ်ချပ် ဖြစ်လာဖို့အတွက် အသက်တွေ ချွေးတွေ ရင်းပြီး လုပ်ကြရတာပါ။ ကျောက်သင်ပုန်း (tablet) နှင့် ကျောက်တံ (pen) များ ဖြစ်ပေါ်လာပုံမှာ

၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိ ကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့် ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို စတင် ပြုလုပ်ခဲ့သည်။

ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (tablet) ၅ချပ်သာ ပြီး၏။ တစ်ဖြည်းဖြည်းနှင့် တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း (tablet) ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့်မည်သူမဆို မိမိကြိုက်သည့် နေရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း (tablet) ဖြစ်လာသည်။

၁၉၅၀ ခုနှစ်မှ စ၍ ကျောက်များကို ခွာမရတော့ဘဲ တွင်းများ စတင်တူးဖော်ရာမှကျောက်တွင်းများ ဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည် မွန်တို့၏ လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်း (tablet) လုပ်ငန်းသည် ကျော်ကြားခဲ့သည်။

ထုတ်လုပ်ပုံ

ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။ မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကို တက်ပြီး… တောင်ပေါ်ကနေ တစ်ဆင့်ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်။

ကျောက်သင်ပုန်းကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ ရသော်လည်း… အခုဆိုလျှင် တွင်းအနက်ကြီး တူးပြီး ယူရသည်။ တွင်းများကို တည့်တည့်တူးလို့ မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။

အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်းတိုင် ထွန်းလို့မရပါ၊ မီးချောင်းများထွန်းပြီး ဆင်းရသည်။ တစ်ချို့တူးနေသော တွင်းများသည် ပေ ၂၀၀ အထိ နက်သည့်အတွက်အောက်ခြေမှာ ရေများ စိမ့်ဝင်သည်။ ထိုရေများကို မော်တာများနှင့် စုပ်တင် ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကို ခြစ်ထုတ်ရသည်။

ခြစ်ထုတ်ပြီး ကျောက်များကို စတူးရသည်။ ကျောက်များကို အတုံးလိုက်… အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့ တင်ရသည်။ တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။

အလွှာလိုက်၊ အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစား အလိုက် ၈လက်မ၊ ၆လက်မ၊ ၇ လက်မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။ ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။

ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန် ညီအောင် ညှိပေးရသည်။ ပြီးလျှင် စက်နဲ့ တစ်ခါ ပြန်ချောပေးရသည်။ ထို့နောက် ရေနှင့် ဆေး…နေပူလှန်း၊ ဆေးသုတ်၊ အခြောက်ခံရသည်။

ပြီးလျှင် ဘောင်သွင်းရသည်။ ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။

ဝါး သို့မဟုတ်သစ်မာသားဖြင့် သစ်ပွသားဘောင်၏ အဆက်ထောင့်များတွင် စို့ရိုက် ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါသည်၊ သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ ဖြန့်ကြသည်။

ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ

(၁) ကျောက်တွင်းမှ တူး၍ရသော ကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။

(၂) ၎င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။

(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ် ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။

(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်း အငယ်ဆုံး အရွယ်အစားအထိ… ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြား အားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။

(၅) အရွယ်အစား အလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါ တစ်ထမ်းကို ၂ကျပ် ၅ဝပြားနှုန်းဖြင့် ပို့ပေးရသည်။

(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်၊ ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။

(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ် ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။

(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက် ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက် ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။

(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။

(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ (လွန်ခဲ့သော ၂၅ နှစ် ဝန်းကျင်က ဈေးနှုန်းများ ဖြစ်ပါသည်)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။