ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ
ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်၀င်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ် အပျက် သမိုင်းရာဇ၀င်ပါ။
ဒီကနေ့ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့မရဲ့ဆွေစဉ် မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး တောသူမတဦးပါ။
နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေသက ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ရဲ့ကြန်အင်လက္ခဏာနဲ့ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။
ထိုင်း(ယိုးဒယား)ဘုရင်ရဲ့ (၅)ဆက်မြောက်ဘုရင်လက်ထက်မှာ… ဘုရင့်အနားမှာ ခစားတဲ့ ပုရောဟိတ်ပုနားတွေရဲ့တွက်ချက် ဟောကိန်းအရ ထိုင်းနိုင်ငံရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့ ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။
၄င်းမိန်းမမြတ်ကို ဘယ်အရပ်ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက်ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ ကျူးကျော်ရန်စမှု၊ ဗမာမင်းတွေရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ဟာ ကြာရှည်မခိုင်ဘဲ မကြာခဏဆိုသလို ပျက်ဆီးလိုက် မြို့ရွာတွေအသစ်ပြန်လည် တည်ဆောက်လိုက်နဲ့သံသရာလည်နေပါတယ်။
၅ ဆက်မြောက်ထိုင်းဘုရင်ဟာ ၄င်းရဲ့ပုရောဟိတ်ပုနားတွေရဲ့ဟောပြောချက်အရ မုယယ်ဖဲကို မရမကသွားရှာယူဖို့ အမိန့်တော်ထုတ်ညွှန်ကြားလိုက်ပါတယ်။
နောက်ဆုံးတော့ ဘုရင်မင်းမှုထမ်းတွေ ကလိမ်ကကျစ်ညစ်ပတ်နည်းလမ်း ပေါင်းစုံသုံးပြီး ဘုရင်ရှေ့မှောက်ထံအရောက် မုယယ်ဖဲကို ခေါ်လာခဲ့ပါတယ်။
မုယယ်ဖဲဟာ ဘုရင်ရှေ့မှောက်ထံမရောက်ခင် လမ်းခုလတ်မှာ မင်းမှုထမ်းစစ်သူကြီးတဦးရဲ့ မတရား သားမယားပြုကျင့်ခြင်းကို ခံခဲ့ရပါသေးတယ်။
မုယယ်ဖဲဟာ မိန်းမကောင်းမိန်းမမြတ်တို့ရဲ့ရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်တဲ့ အလျှောက်၊ ထိုင်းဘုရင်ဟာ မုယယ်ဖဲကို တွေ့မြင်ရတဲ့အချိန်မှာ ယခင်သူမအား သွားရှာခေါ်ခိုင်းတုန်းက မိမိနိုင်ငံတော်ကောင်းစားဖို့ သူမရဲ့သွေးနဲ့ယာဇ်ပူဇော်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချက်ချင်း ပျောက်ပျက်သွားပါတယ်။
ထိုင်းဘုရင်ဟာ မုယယ်ဖဲဆိုတဲ့ ကရင်အလှဘုရင်မလေးရဲ့ညို့အားကြောင့် မြင်မြင်ချင်း ချစ်စိတ်၀င် သံယောဇဉ်တွယ်ပြီး မိဖုရားအဖြစ် ချီးမြှင့်မြှောက်စားလိုက်ပါတယ်။
မုယယ်ဖဲဟာ ယခင်သူမရဲ့ရပ်ရွာမှာနေတုန်းက ချစ်သူရည်းစားတဦးရှိခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမှု ထမ်းတွေရဲ့ကောက်ကျစ်မာမှု၊ အာဏာသုံးမှုကြောင့် မိမိရဲ့ ချစ်သူရည်းစားနဲ့ခွဲခွါစွန့်လွှတ်ခဲ့ကြရတယ်။
ထိုင်းဘုရင်ထံခေါ်လာခြင်းခံရပြီး လမ်းခုလတ်မှာလည်း မတရားသားမယားပြုကျင့်ခံရတယ်၊ အခုတော့ ထိုင်းဘုရင်မင်းမြတ်ကနေပြီး မိဖုရားမြှောက်စားခံခဲ့ရပေမဲ့ မတတ်သာလို့သာ မိဖုရားဖြစ်ခဲ့ရတာပါ။
သူတပါးလက်ခုတ်ထဲကရေ ဖြစ်နေတဲ့အနေအထားဖို့ ဘ၀ရဲ့ခါးသီးမှုဝေဒနာကို ကြိတ်ပြီးခံခဲ့တယ်။ သူမရဲ့ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ပြည့်နက်နေတယ်။
အနေအထားတခုအရ ဘုရင်မိဖုရားတဦးဖြစ်ပေမဲ့ ဒီလိုမျိုးကောက်ကျစ်ယုတ်မာတဲ့ထိုင်းလူမျိုးတွေနဲ့ ပါတ်သက်ပြီး မိမိမှာ လူသားမျိုးဆက် မမွေးထုတ်ပေးနိုင်ပါ။
ဒါကြောင့်“ဤကဲ့သို့ကောက်ကျစ်ယုတ်မာသော ထိုင်းဘုရင်နှင့်ပါတ်သက်ပြီး ကျမရင်သွေးငယ်တဦးဦးမွေးလာပါက မွေးလာသော ရင်သွေးငယ်သည် ဖခင်ဖြစ်သူ ထိုင်းဘုရင်မင်းမြတ်၏ ၀မ်းသာခြင်းအလျဉ်းလုံး၀ မဖြစ်စေရပါလို၏“ လို့အဓိဌာန်ပြုဆုတောင်းထားပါတယ်။
မကြာခင်မှာဘဲ မုယယ်ဖဲဟာ ကိုယ်၀န်လေးရလာပါတယ်။ ဘုရင်မင်းမြတ်ဟာ မုယယ်ဖဲကို အလွန်ချစ် ခင်နှစ်သက်တာမို့ ယခုလိုသူမကိုယ်၀န်ရလာတာဟာ ဘုရင်ကြီးအလွန်၀မ်းသာ ပီတိဖြစ်ခဲ့ပါတယ်။ မျှော် လင့်ချက်လည်းများစွာ ထားခဲ့ပါတယ်။
ဒါပေမဲ့ မုယယ်ဖဲဟာ ကိုယ်၀န်ရက်စေ့လို့ သူမရင်သွေးငယ်မွေးဖွါးတဲ့အခါ ဘုရင်ကြီးရဲ့ မျှော်လင့်ချက်ထားသလိုဖြစ်မလာဘဲ မုယယ်ဖဲရဲ့ အဓိဌာန်ပြုဆုတောင်းထားတဲ့ အတိုင်းသာ ဖြစ်လာခဲ့ပါတယ်။ မွေးလာတဲ့ခလေးဟာ အသက်မရှင်ခဲ့ပါဘူး… ဘုရင်ကြီးဟာ မျှော်လင့် ထားသလို ဖြစ်မလာတောအရမ်းစိတ်ထိခိုက်ရပါတယ်။
မုယယ်ဖဲရဲ့ ဒုတိယမြောက်ကိုယ်၀န်ရတော့လည်း ဘုရင်ကြီးရဲ့၀မ်းသာခြင်းမဖြစ်ရပြန်ပါဘူး။ ဒီတခါမှာတော့ တော်၀င်မိသားစုအပါအ၀င် နန်းတော်သူနန်းတော်သားတွေအကြား အလွန်ပွက်လော ဆူညံလာပါတယ်။
ပဒေသရာဇ်ဘုရင်တို့ရဲ့စနစ်အရ မိဖုရားများစွာမြှောက်စားကြတယ်။ ယခုဘုရင်ကြီး အနေနဲ့မိဖုရားများစွာရှိတဲ့အနက် မိဖုရားငယ် မုယယ်ဖဲကို ပိုပြီးချစ်၊ ပိုပြီးအရေးပေးတော့ အခြား မိဖုရားတွေက မကျေနပ်ကြတာ အမှန်ဘဲ။အထူးသဖြင့် မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီးက ယိုးဒယားဗမာကပြားမဖြစ်တယ်။
မုယယ်ဖဲရောက်လာကတည်းက ဒေါသပုန်ထနေတာ နေ့ရောညရောဘဲ၊ မုယယ်ဖဲကို ဒီနန်းတော်ကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတမ်းကြံနေတဲ့သူ။ ယခု မုယယ်ဖဲ ကိုယ်၀န်ဆောင် တာ နှစ်ခေါက်စလုံး ကလေးမွေးပြီး မရှင်တာ သူ့အတွက် အကွက်ကြီး၊ မဟာအခွင့်အရေးဘဲ၊၊
နန်းတော်သူ၊နန်းတော်သားတွေရော ပုရောဟိတ်တွေပါ သူမအကုန်စည်းရုံးလိုက်တယ်…“မုယယ်ဖဲ ကလေးမွေးပြီး မရှင်တာ သူမကလေးကို သူမပြန်စားတဲ့ စုန်းမဖြစ်နေတယ်။ ဒီစုန်းမဟာ နန်းတော်မှာဆက်ထားနေရင် နန်းတော်ရော တိုင်းပြည်ပါ ပူပင်သောကတွေနဲ့ပြည့်နက်နေမယ်။
အကောင်းဆုံးက ဒီစုန်းမကို မူလခေါ်လာတဲ့ရည်ရွယ်ချက်အတိုင်း ယာဇ်ပူဇော်ရမယ်“လို့ ဘုရင်ကြီးကိုအမျိုးမျိုးအဖုံဖုံ၊ ထပ်ခါတလဲ လျှောက်ထား ကုန်းချော၊ကုန်းတိုက်လုပ်ပါတယ်။
ဘုရင်ကြီးဟာ မုယယ်ဖဲကို အလွန်ချစ်ခင်ကြင်နာတဲ့အတွက်သူများပြောသမျှ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးရော ပုရောဟိတ်တွေပါ ပြောပါများတော့ နောက်ဆုံးတော့ ၄ှင်းတို့ပြောဆိုတဲ့အတိုင်း ဘုရင်ကြီးအကောင်အထည်ဖေါ်ခဲ့ရပါတယ်။ မုယယ်ဖဲကိုတွင်းထဲမှာနေခိုင်းပြီး မျက်မမြင် ဆင်တကောင်အား မုယယ်ဖဲအပေါ် သစ်တုံးတွန်းချခြင်းဖြင့် ကွပ်မျက်ခဲ့ပါတယ်။
မုယယ်ဖဲဟာ သူမအသတ်ခံရမှာကို လုံးဝကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိပါ။ မိမိဘ၀မှာ ချစ်သူ၊ မိဘဆွေမျိုး၊ လူမျိုး၊ ရပ်ရွာတွေနဲ့အတင်းအဓမ္မ စွန့်လွတ်စွန်ခွါခြင်းခံခဲ့ရတယ်။
အတင်းအဓမ္မ သားမယားပြုကျင့်ခြင်းခံရ၊ အတင်းမိဖုရားမြှောက်စားခြင်းခံရ၊ တော်၀င်မိသားစုအသိုင်းအဝုိင်းမှာလဲ မနာလိုခြင်းခံရနဲ့သူမဘ၀ မှာ ပျော်ရွှင်တဲ့နေ့ရက် တရက်မှမရှိ၊ ဒီလိုဘ၀မျိုးဆက်လက်အသက်ရှင်သန်နေရင်လည်း ဘာမှ အဓိပ္ပါယ်မရှိပြီး… မုယယ်ဖဲဟာ မောင်တော်ဘုရင်မင်းမြတ်ရဲ့အမိန့်နဲ့ ယာဇ်ပူဇော်ခံရမှာကို လုံး၀မညှဉ်းညူပါ။
ဒါပေမဲ့ကွပ်မျက်ခြင်းမခံရမှီ လင်တော်မောင်ဘုရင်မင်းမြတ်ကို ကတိက၀တ်တွေတောင်းခဲ့တယ်။ ဘုရင်မင်းမြတ်လည်း မုယယ်ဖဲကို ချစ်ခင်ကြင်နာတဲ့စိတ်၊ ဘုရင်မင်းမြတ်တို့ရဲ့ကျင့်ကြံရမဲ့ မင်းကျင့်တရားတွေနဲ့အတူ ကတိက၀တ်တွေကို ကြည်ဖြူစွာနဲ့ပေးခဲ့ပါတယ်။
“ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်စွာ တည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှကင်းဝေးမည်၊ အသင်တို့၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့အတွက် ငါ၏အသက်၊
သွေးတွေနဲ့ စတေးရမည်ဖြစ်သောကြောင့် သင်တို့အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး(ကရင်)များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ… တနေ့နေ့ တချိန်ချိန် ငါ့လူမျိုးများ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး သင်တို့၏ တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော် သင်တို့ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်…“ စတဲ့အချက်တွေအပါအ၀င် အချက်ပေါင်း(ရ)ချက်ကို မုယယ်ဖဲတောင်းဆိုခဲ့ပါတယ်။
ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲတောင်းဆိုအပေါ် မိမိပေးခဲ့တဲ့ကတိက၀တ်တွေအကြောင်း အပါအ၀င် မုယယ်ဖဲကို ဘာကြောင့်ဘယ်လိုခေါ်လာရတယ် ဆိုတဲ့အကြောင်းတွေ၊ ကရင်လူမျိုးတွေကို ထိုင်းတွေက ဘယ်လိုကျေးဇူးပြန်ဆပ်မယ့်အကြောင်းတွေကို စာပေကမ္မည်းတွေ ခိုင်ခိုင်မာမာ ရေးသားထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲ ကွပ်မျက်ခံရပြီး သိပ်မကြာလိုက်ပါ။ မုယယ်ဖဲကို လွမ်းတဲ့စိတ်နဲ့ လွမ်းနာကျပြီး နတ်ရွာစံသွားခဲ့ပါတယ်။
ထိုင်း(ယိုဒယား)ရေမြေဟာ မုယယ်ဖဲရဲ့သွေးတွေနဲ့ယာဇ်ပူဇော်ပြီးတာနဲ့တမဟုတ်ချင်း ကြီးပွါးတိုးတက် လာပါတယ်။ဘုရင်ကြီးနတ်ရွာစံပြီး နောက်ကျန်ခဲ့တဲ့ ဘုရင်ရဲ့မူးကြီးမတ်ရာ မိဖုရားတွေက ရှင်ဘုရင်ကြီး မှတ်တမ်းတင် ရေးသားခဲ့တဲ့ မုယယ်ဖဲ၊ကရင်လူမျိုးတွေနဲ့တေပါတ်သက်တဲ့အကြောင်းအရာတွေ မီးရွံ့ ဖျက်ဆီးခဲ့ကြတယ်။
ဒီအကြောင်းအရာတွေဟာ ထိုင်း(ယိုးဒယား)လူမျိုးက မုယယ်ဖဲအပေါ် ကရင် လူမျိုးတွေ အပေါ် ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့အကြောင်းတွေဖြစ်တဲ့အတွက် နောင်လာနောက် သားများ ဒီအကြောင်းအရာကိုသိရင် အရှက်ရသိက္ခာကျစရာဖြစ်စေတာကြောင့် မီးရွံ့ ဖျက်ဆီးခြင်းဖြစ်ပါတယ်။
သို့သော်…………….. ယနေ့လက်ရှိထိုင်းဘုရင်(၉.ဆက်မြောက်)ရဲ့တော်၀င်မိသားစုအသိုင်းအဝုိင်းမှာ မုယယ်ဖဲနဲ့ပါတ်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ရှိတယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေရှိတဲ့ ထိုင်းနိုင်ငံနေရာအနှံ့မှာ ယနေ့သက်ရှိထင်ရှား ထိုင်းဘုရင်နှင့်မိဖုရားက သွားရောက်တိုင်းခန်းလှည့် လည်ပြီး ကရင်လူမျိုးတွေရဲ့လူမှုဘ၀ဖွံ့ဖြိုးမှုအတွက် ပေးအပ်လှူဒါန်း၊ ကူညီခဲ့တာရှိပါတယ်။
ယခင် ၅.ဆက်မြောက်ဘုရင်ရဲ့ ကတိက၀တ်အတိုင်း ယနေ့ထိုင်းတော်၀င်မိသားစုတွေက အတတ်နိုင်ဆုံး ကရင်တွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကြည့်ရှုစောင့်ရှောက်တာလား.. ဒါမှမဟုတ် ၄င်းတို့ရဲ့ ရာဇ၀င်အကြွေးတွေကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်စေတနာတွေကြောင့် ဖေးမကူညီမှုပေးတာလားတော့ မပြောတတ်ပါ။
တဖန်.. မုယယ်ဖဲရဲ့ ပုံတူပန်းချီကားချပ်တွေဟာ ထိုင်းနိုင်ငံအနှံ့ယနေ့ထိ ရောင်းအားကောင်းတဲ့ ပန်းချီပုံစာရင်းထဲမှာပါနေပါတယ်။ မုယယ်ဖဲဟာ ထိုင်းလူမျိုးတွေရဲ့အရှင်သခင်မ၊သူတို့ကို ကြည့်ရှုစောင့်ရှောက်တဲ့ တန်ခိုးရှင်လို့ဆိုပြီး ယုံကြည်ကိုးကွယ်နေကြပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစံနစ်က တော်၀င်မိသားစုတွေဟာ စည်းမျဉ်းခံဘုရင်စံနစ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရအပါအ၀င် ထိုင်းလူမျိုးတွေရဲ့ပြုမူဆောင်ရွက်ချက်၊ ဆက်ဆံပုံကလည်း ကရင်လူမျိုးတွေကို ထိခိုက် နစ်နာခဲ့ပေါင်းများခဲ့ပါပြီး… ဒါကို ၅ ဆက်မြောက်ထိုင်းဘုရင်ရဲ့ကတိက၀တ်ပြု အကြောင်းတွေကို မသိရောလေသလား၊ သိလျှက်နဲ့မသိကျိုးကျွံပြုလေသလား။
တကယ်မသိသေးဘူးဆိုရင် ယနေ့သက်ရှိ ထင်ရှား ၉ ဆက်မြောက် ထိုင်းဘုရင်အနေနဲ့ လူမှာ ကတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ထိုင်းလူမျိုးတွေကို ၅ ဆက်မြောက် ထိုင်းဘုရင်ရဲ့ ကတိက၀တ်ပြုချက်တွေ အသိပေးသင့်ပါတယ်။
ဒီလိုမှမဟုတ်ရင်ဖြင့်…. ထိုင်းလူမျိုးတွေအပေါ်.. ကရင်အလှဘုရင်မလေးရဲ့ မေတ္တာပို့ထားတဲ့အတိုင်း… “သင်တို့တိုင်းပြည်ကောင်းစားဖို့အတွက် ငါ့အသက်၊ သွေးတော်တို့ဖြင့် ယာဇ်ပူခံ အသက်ပေးသွားမည်။ သို့သော် ငါနဲ့ငါ့လူမျိုးများအပေါ် သင်တို့ပေးခဲ့သော ကတိက၀တ်ပါအချက်များကို တသွေမတိမ်း လိုက်နာရမည်။
ကတိက၀တ်ထဲကအတိုင်း မလိုက်နာဘဲ ငါ့လူမျိုးများအား ရန်ရှာတိုက်ခိုက်ခြင်း အပါအ၀င် အခြားအချက်များ ဖေါက်ဖျက်လာပါက အသင်တို့လူမျိုး၊ အသင်တို့တိုင်းပြည် စောစီးလျှင်မြန်စွာ ပျက်သုန်းသွားမည်။
ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်ပြီး တည်တံ့ခဲ့သော အသင်တို့၏တိုင်းပြည်သည် သင်တို့လူမျိုးဘုရင်မင်းဆက်၏ (၉)ဆက်မြောက်အထိသာ တည်တံ့မည်ဖြစ်ပြီး ၄င်းနောက်ပိုင်းလုံး၀(လုံး၀)ဧကန်မုချ ပျက်သုန်းရမည်။
သင်တို့ လူမျိုး၊သင်တို့တိုင်းပြည်ပျက်သုန်းမည့်အကြောင်း ရင်းသည် သင်တို့အချင်းချင်း ရန်ဖြစ်မှုကြောင့် လည်းကောင်း၊ ပြည်ပ ပရောဂကြောင့်လည်းကောင်း ၊ သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကြာင့် လည်းကောင်း လုံး၀ပျက်သုန်းရပါမည်“ ဆိုတဲ့ကျိန်စာဘဲဖြစ်ပါတယ်။ ။
Credit