ကမ္ဘာတစ်လွှားသို့ လျှပ်စစ်ဓါတ်ဖြင့် သတင်းပို့ခြင်း (ကြေးနန်းရိုက်ခြင်း) ကိုစတင်ခဲ့သူ

သေရေးရှင်ရေး ကိစ္စတွင်လည်းကောင်း၊ အခြားအရေးကြီးသော ကိစ္စတွင်လည်းကောင်း အမြန်ဆုံး အကြောင်းကြားလိုလျှင် ကျွန်ုပ်တို့ အားထားရသည့် ကြေးနန်းသည် ယခုအခါတွင် အဆန်းမဟုတ်တော့သော်လည်း ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မည်မျှ သိရှိကြသနည်း။ ကြေးနန်းရိုက်နည်း ပေါ်ပေါက်လာခြင်းကိုသာမက မြန်မာတို့၏ ကြေးနန်းရိုက်နည်းကိုလည်း သိသင့်ပေသည်။

ကြေးနန်းရိုက်ခြင်းသည် ကြေးနန်းကြိုးဖြင့် ရပ်ဝေးသို့ သတင်းစကားပေးပို့ခြင်းကို ဆိုလိုသည်။ ကြေးနန်းရိုက်နည်း မပေါ်မီအခါက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ရေးများကို စာဖြင့်သာ ပြုလုပ်ခဲ့ရသဖြင့် ပို့လိုက်သော စာများသည် ခရီးအလိုက် ကြန့်ကြာပြီးမှ လိုရာသို့ ရောက်နိုင်ခဲ့ကြပေသည်။

သို့ရာတွင် ဆမ်မျူယယ်အက်(ဖ်) မော့စ် (Samuel F. B. Morse) ဆိုသူက အချက်ပြ ကြေးနန်းရိုက်နည်းကို ကြံစည်တီထွင်လိုက်ရာမှစ၍ သတင်းအပေးအပို့ လွယ်ကူလာခဲ့ရာ ယခုအခါ ရပ်ဝေးရပ်နီးနှင့်တကွ နိုင်ငံရပ်ခြား တိုင်းတစ်ပါးများသို့ပါ အချိန်အနည်းငယ် အတွင်း၌ ပို့လိုသည့် သတင်းများကို နေ့ညဉ့်မရွေး ပေးပို့နိုင်ပေပြီ။

၁၈ ရာစုအတွင်း၌ သိပံ္ပပညာရှင်ကြီးတို့သည် ကြေးနန်းကြိုး တလျှောက်တွင် လျှပ်စစ်ဓါတ် စီးသွားနိုင်ပါက ထိုလျှပ်စစ်ဓါတ်ကို အသုံးပြု၍ သတင်းပေးပို့လျှင် ရနိုင်ဖွယ် ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကြေးနန်းဖြင့် သတင်းပို့နိုင်မည့်နည်းကို အမျိုးမျိုး ရှာဖွေ ကြံစည်ကြရာ ၁၉ ရာစုအတွင်းသို့ ရောက်သောအခါ ခေတ်မီ ကြေးနန်းရိုက်နည်းကို ထိရောက် အောင်မြင်စွာ တီထွင်နိုင်လာကြပေသည်။

ဂေါက်စ်နှင့် ဗေးဗားဆိုသူ ဂျာမန် ပါမောက္ခ ၂ ဦးသည် မိမိတို့နေရာ ဂေါ့တင်းဂျင်း တက္ကသိုလ်ရှိ လက်တွေ့စမ်းသပ်ခန်းနှင့် မျူးနစ်မြို့ရှိ စတိုင်းဟိုင်း တက္ကသိုလ်၏ လက်တွေ့ စမ်းသပ်ခန်းတို့ကို ကြေးနန်းကြိုးနှင့် ဆက်သွယ်ပြီးနောက် ထိုကြေးနန်းကြိုး အစနှင့်အဆုံးတွင် သတင်းပို့ ကိရိယာနှင့် အသံဖမ်း ကိရိယာများကို တပ်ဆင်ထားကြသည်။

သတင်းပို့ရာတွင် သတင်းဖမ်း ကိရိယာတွင်ရှိသော အပ်တစ်ချောင်းက စက္ကူပေါ်တွင် အစက်နှင့် မျဉ်းတို အချက်ပြ အမှတ်အသားများကို ရေးခြစ်ပေးလေသည်။ ဤနည်းမှာ နောင်အခါ မော့စ် တီထွင်သော ကြေးနန်းစာရိုက်နည်းနှင့် အလွန်တူပေသည်။

ထိုအချိန်၌ ချားဝှိစတုန်း ဆိုသူသည်လည်း အင်္ဂလန်နိုင်ငံတွင် လျှပ်စစ်ဓါတ်ဖြင့် ကြေးနန်းရိုက်နည်း တစ်ခုကို စမ်းသပ်နေဆဲ ဖြစ်သည်။ ထိုအချိန်လောက်မှာပင် နယူးယောက်မြို့မှ ပန်းချီဆရာ ဆင်မျူယယ်မော့စ်သည် တိုင်းတစ်ပါး၌ ပန်းချီပညာကို ဆည်းပူးခဲ့ပြီးနောက် မိမိဇာတိမြို့သို့ “ဆာလီ” ခေါ် သင်္ဘောဖြင့် ပြန်လာခဲ့လေသည်။

သင်္ဘောပေါ်တွင် မော့စ်နှင့် ခရီးသည်အချို့သည် လျှပ်စစ်ဓါတ်အကြောင်းနှင့် စပ်လျဉ်း၍ စကားလက်ဆုံကျကြသည်။ လျှပ်စစ်ပညာမှာ ထိုစဉ်က ထွန်းကားစသာရှိသေး၍ လူတိုင်း အံ့သြနေရသော ပညာဖြစ်သည်။ ဤသို့ စကားလက်ဆုံကျခိုက်တွင် ခရီးသည်တစ်ဦးက ဥရောပမှ မိမိဝယ်ယူခဲ့သော လျှပ်စစ်သံလိုက်ဓါတ်တစ်ခုကို မော့စ်အား ပြသ၍ ထိုလျှပ်စစ်သံလိုက်ဖြင့် ပဲရစ်မြို့တော်၌ လက်တွေ့လုပ်ခဲ့သော လုပ်ငန်းများကို ပြောပြလေသည်။

မော့စ်သည် ယေးတက္ကသိုလ်၌ ပညာသင်ကြားနေစဉ်က မိမိပြုလုပ်ခဲ့ဖူးသော လျှပ်စစ်ဓါတ်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများကို ပြန်၍စဉ်းစားသည်။ ခရီးလမ်း ဆုံးသည့်တိုင်အောင် လျှပ်စစ်ဓါတ်ဖြင့် သတင်းပေးပို့နိုင်မည့် နည်းကိုသာ အထပ်ထပ် ကြံစည် စိတ်ကူး၍ နေမိသည်။ နယူးယောက်မြို့သို့ သင်္ဘောဆိုက်ကပ်သော အခါတွင် ကြေးနန်းရိုက်နည်းကို စိတ်ကူးမိပြီး ဖြစ်သည်။ သင်္ဘောပေါ်မှ မဆင်းမီ မော့စ်သည် ကပ္ပတိန်ထံသွားပြီး “ဒီ ၄၊ ၅ နှစ် အတွင်း ကြေးနန်းရိုက်နည်း ပေါ်လာရင် ဒီနည်းဟာ ခင်ဗျားရဲ့ ဆာလီသင်္ဘောပေါ်မှာ စတင်ကြံစည်တဲ့ နည်းပဲလို့သာ မှတ်ပေတော့” ဟူ၍ ပြောခဲ့သည်။

မော့စ်သည် နယူးယောက်မြို့သို့ ပြန်ရောက်သည့် အချိန်မှစ၍ ကြေးနန်းရိုက်နည်းကို တိုင်းပြည်သုံး ဖြစ်စေရန် ကြိုးစားတော့၏။ ကြေးနန်းရိုက်နည်းတွင် တိုင်းသူပြည်သားများ စိတ်ဝင်စားလာစေရန်လည်း ကြိုးစား၏။ သို့ရာတွင် ဤနည်းကို ကြံစည်တီထွင်ရာ၌ ငွေအမြောက်အမြား ကုန်ကျမည်ဖြစ်ရာ မိမိမှာ ငွေကြေးချမ်းသာသူ မဟုတ်သည့်အတွက် ငွေကြေးဖြင့် ကူညီမစမည့် သူများကို ရှာဖွေရလေသည်။

မော့စ်သည် ကြေးနန်းရိုက်နည်း အောင်မြင်ရန် ပါမောက္ခ ဂေးဆိုသူနှင့် တွဲဖက်လုပ်ကိုင်၍ ဂေးထံမှ အကြံဥာဏ်ကောင်းများကို ရယူခဲ့သည်။ ၁၈၃၇ ခုနှစ်တွင် မော့စ်သည် ကြေးနန်းရိုက်သည့် ကိရိယာများကို ပြုလုပ်နိုင်ရန်အတွက် ဒေါ်လာငွေ ၂၀၀၀ ကို အရေးတကြီး လိုလာသည်။ လိုသည့်အကြောင်းမှာ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စု အစိုးရက အင်္ဂလိပ်လူမျိုး ဝှိစတုန်းအား ကြေးနန်းရိုက်နည်းကို တီထွင်နိုင်ရန်အတွက် ငွေကြေးဖြင့် ကူညီရန် ရည်ရွယ်လျက် ရှိသောကြောင့် ဖြစ်သည်။

မော့စ်၏ အကြံမှာ ကြေးနန်းရိုက် ကိရိယာများကို အစိုးရထံသို့ အချိန်မီ ပြုလုပ်တင်ပြပြီး အကူအညီ တောင်းယူလိုသည်။ ကံအားလျော်စွာ မော့စ်အလိုရှိသည့် ငွေကြေးကို ထုတ်ပေးမစမည့် အဲလဖရက်ဗေး ဆိုသူတစ်ဦး ပေါ်လာသည်။ ထိုသူသည် မော့စ်အား ငွေကြေးဖြင့် ကူညီသည်သာ မဟုတ်၊ မော့စ်၏ အချက်ပြစနစ်ကိုပင် ကောင်းသည်ထက် ကောင်းအောင် ကိုယ်တိုင်ပါဝင် ကူညီပေးသေးသည်။

မော့စ်နှင့် ဗေးတို့သည် ကြေးနန်းရိုက် ကိရိယာများကို တိတ်တဆိတ် ပြုလုပ်ခဲ့ပြီးနောက် လက်တွေ့စမ်းသပ်ကြည့်ရာ အောင်မြင်သည်ကို တွေ့ကြရလေသည်။

မော့စ်သည် ကြေးနန်းရိုက်ရုံများ ဆောက်လုပ်ရန်အတွက် ဒေါ်လာငွေ ၃၀,၀၀၀ ထုတ်ပေးရန် ပြည်ထောင်စု အစိုးရထံ လျှောက်လိုက်၏။ ထိုငွေကိုရလျှင် မော့စ်သည် မိုင် ၄၀ အတွင်း သတင်းပို့နိုင်သော ကြေးနန်းရုံများကို ဆောက်လုပ်ရန် ရည်ရွယ်ထားလေသည်။ လပေါင်းများစွာ ကြာပြီးမှ အစိုးရက ငွေ ၃၀,၀၀၀ ထုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။ မော့စ်သည် ကြေးနန်းရိုက်ရုံများကို ဆောက်လုပ်ပြီးနောက် ၁၈၄၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ဝါရှင်တန်မြို့မှ ဗောလ်တီမိုးမြို့သို့ ပထမဆုံး ကြေးနန်းစာကို အောင်မြင်စွာ ရိုက်ကြားပေးပို့့ နိုင်ခဲ့လေသည်။

ထို့နောက်တွင် မော့စ်၏ ကြေးနန်းရိုက်နည်းသည် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးနှင့် ဥရောပတိုက်၊ အာရှတိုက်တို့သို့ပါ တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်၍ ကြေးနန်းသတင်း ပေးပို့ရန်အတွက် ရေအောက် ကြေးနန်းကြိုးများကို ချသောအချိန်၌ မော့စ်မှာ သက်ရှိထင်ရှား ရှိသေးသည်။

အချက်ပြကြေးနန်းတွင် မူတည်သော အချက်မှာ လျှပ်စစ်ဓါတ်စီးလျက်ရှိသော ဆားကစ်ကို ဆက်ချည်တစ်လှည့်၊ ဖြတ်ချည်တစ်လှည့် ပြုလုပ်ပေးခြင်းပင် ဖြစ်သည်။ ကြေးနန်းသတင်းပို့ ကိရိယာတွင် ခလုတ်တစ်ခု ထားရှိ၏။ ထိုခလုတ်ကို ဖိနှိပ်ပေးစဉ် ဆားကစ်ဆက်မိ၍ ခလုတ်ကို လွှတ်လိုက်လျှင် ဆားကစ်ပြတ်သွားသည်။ အစက်ဟူသော အချက်ပြအမှတ်ကို ပေးပို့လိုသော် ခလုတ်ကိုရုတ်ချည်း နှိပ်ပြီး ပြန်လွှတ်လိုက်ရသည်။ မျဉ်းတိုဟူသော အချက်ပြအမှတ်ကို ပေးပို့လိုသော် အစက်ရလို၍ ဖိနှိပ်စဉ်ကထက် ၃ ဆမျှ အချိန်ကြာအောင် ခလုတ်ကို ဖိနှိပ်ပေးရသည်။

ဆားကစ်လမ်းဆုံးတွင်ရှိသော ကြေးနန်းသတင်းဖမ်း ကိရိယာ၌ လျှပ်စစ်ဓါတ်ကြိုး ရစ်ပတ်ထားသော လျှပ်စစ်သံလိုက်နှင့်အတူ ထိုလျှပ်စစ်သံလိုက်ကို သံလိုက်ဖြစ်ပေါ်ချိန်၌ ဝင်ရိုက်မည့် သံတုံးကလေး ရှိသည်။ လျှပ်စစ်သံလိုက်ကို သံတုံးကလေးက ဝင်ရိုက်သောအခါ “ကလစ်” ဟူ၍ အသံမြည်သည်။

သတင်းပို့ ကိရိယာ ခလုတ်ကို ဖိနှိပ်ချိန်တွင် ဆားကစ် ဆက်မိသွားသဖြင့် သတင်းဖမ်း ကိရိယာရှိ လျှပ်စစ်သံလိုက်သည် သံလိုက် ဖြစ်သွားသည်။ ခလုတ်ကို လွှတ်လိုက်သောအခါ သံလိုက်ဓါတ် ပျောက်သွားသည်။ ဤသို့ဖြင့် သတင်းပို့ ကိရိယာမှ အချက်ပြ အမှတ်များဖြင့် ပေးပို့သမျှသည် သတင်းဖမ်း ကိရိယာတွင် ထိုအမှတ်များကို ပြသောအသံ ဖြစ်ပေါ်လာ၏။ ထိုအသံမှတစ်ဖန် မူလအမှတ်အသားများ ပြန်ရကာ သတင်းတစ်ရပ်လုံးကို ဖတ်ယူနိုင်လေသည်။

နောက်ဆုံးပေါ်နည်းများတွင် သတင်းများကို ကြေးနန်းရိုက် လက်နှိပ်စက်ဖြင့် ပေးပို့၍ အခြားတစ်ဘက်တွင် လက်ခံရရှိသော သတင်းသည် လက်နှိပ်စက်ဖြင့် ရိုက်ပြီးသား ထွက်လာလေသည်။ ကြေးနန်းရိုက်ရာတွင် လျှပ်စစ်ဓါတ်ကို အသုံးပြုသည့်အတွက် အလွန်လျင်မြန်သည်။ ခရီးဝေး၍ လျှပ်စစ်ဓါတ်အား နည်းနေသော နေရာများတွင် သတင်းကို အဆင့်ဆင့် ပို့ပေးရလေသည်။

သိပ္ပံပညာရှင်တို့သည် မော့စ်ကြေးနန်းရိုက်နည်းကို ကောင်းသည်ထက် ကောင်းအောင် ထပ်မံပြုပြင်လာကြရာ ယခုအခါ ငွေကုန်နည်း၍ အလုပ်တွင်သော ခေတ်မီ ကြေးနန်းရိုက်နည်းများ ပေါ်ပေါက်လာခဲ့ပေသည်။ မော့စ် တီထွင်စဉ်က ကြေးနန်းကြိုး တစ်ချောင်းဖြင့် ကြေးနန်းသတင်းကို ပေးပို့၍ အခြားကြေးနန်းကြိုး တစ်ချောင်းဖြင့် သတင်းကို လက်ခံရ၏။

သို့သော် မော့စ် ကွယ်လွန်သည့် ၁၈၇၂ ၌ ဂျေဗီစတန်းဆိုသူက တစ်ချိန်တည်းတွင် ကြေးနန်းကြိုး တစ်ချောင်းတည်းဖြင့် သတင်းပေးပို့ လက်ခံနိုင်သောနည်းကို တီထွင်လေသည်။ ထို ၂ မျိုးရနည်းကို “ဒျူးပလက်နည်း” ဟုခေါ်သည်။ နောက်တစ်နှစ်တွင် သောမက်စ်အက်ဒီဆင် ဆိုသူက “ကွာရုပလက်” ခေါ် ၄ မျိုးရနည်းကို တီထွင်ပြန်လေသည်။ ထိုနည်းမှာ တစ်ချိန်တည်းတွင် ကြေးနန်းကြိုး တစ်ချောင်းတည်းဖြင့် သတင်း ၂ ရပ်ကို ပို့နိုင်၍ သတင်း ၂ ရပ်ကို လက်ခံနိုင်သောနည်း ဖြစ်သည်။ ယခု အချိန်၌မူကား သတင်း ၈ ရပ်အထိပင် တစ်ချိန်တည်းတွင် ကြေးနန်းကြိုး တစ်ချောင်းတည်းဖြင့် ပေးပို့ရယူနိုင်နေပြီ ဖြစ်ရာ ဤ အမျိုးမျိုးရနည်းကို “မာလ်တီပလက်” နည်း ဟု ခေါ်ကြသည်။

တစ်ကမ္ဘာလုံး၌ ယခုအခါ လက်ခံအသုံးပြုလျက်ရှိသော မော့စ်အချက်ပြ အမှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

A . _
B _ . . .
C _ . _ .
D _ . .
E .
F . . _ .
G _ _ .
H . . . .
I . .
J . _ _ _
K _ . _
L . _ . .
M _ _
N _ .
O _ _ _
P . _ _ .
Q _ _ . _
R . _ .
S . . .
T _
U . . _
V . . . _
W . _ _
X _ . . _
Y _ . _ _
Z _ _ . .

1 . _ _ _ _
2 . . _ _ _
3 . . . _ _
4 . . . . _
5 . . . . .
6 _ . . . .
7 _ _ . . .
8 _ _ _ . .
9 _ _ _ _ .
10 _ _ _ _ _

ယခုအခါ ကမ္ဘာအနှံ့အပြားတွင် သတင်းများကိုသာ ကြေးနန်းဖြင့် ရိုက်ကြားပေးပို့ နိုင်သည်မဟုတ်၊ အချို့ နိုင်ငံကြီးများတွင် ဓါတ်ပုံရုပ်ပုံများကိုပင် ကြေးနန်းဖြင့် ပေးပို့နိုင်နေပြီဖြစ်၍ ဤနည်းကို “ဓါတ်ပုံကြေးနန်းရိုက်နည်း” ဟုခေါ်သည်။

မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်၊ သက္ကရာဇ် ၁၂၃၁ ခုနှစ်ကပင် မြန်မာပြည်၌ ပထမဦးဆုံးသော ကြေးနန်းများ ပေါ်ပေါက်ခဲ့ဖူးပေသည်။ ထိုကြေးနန်းများကို ယခုခေတ်အခါတွင် အသုံးပြုကြသကဲ့သို့ လျှပ်စစ်ဓါတ်အားဖြင့် ပြုလုပ်ခဲ့ကြ၏။ လျှပ်စစ်ဓါတ်အားကို ဓါတ်အိုးအမျိုးမျိုး အသုံးပြု၍ ထုတ်ယူကြသည်။

ယခုအခါတွင် အသုံးပြုနေကြသော မော့စ်အချက်ပြ စနစ်ကဲ့သို့ပင် ဓါတ်အိုး၌ တီးခတ်သော အချက်ဖြင့် လည်းကောင်း၊ အမှတ်သညာပေးသော အရေးအဆွဲတို့ဖြင့် လည်းကောင်း သတင်းများကို ပေးပို့ကြသည်။ ထို့ပြင် မီးရောင်များကို လည်းကောင်း၊ အလံများကို လည်းကောင်း အသုံးပြု၍ သတင်းပေးပို့သော စနစ်ကိုလည်း အသုံးပြုခဲ့ကြ၏။ ကြေးနန်းရိုက်ခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသော အက္ခရာ ရေးသားနည်းကို လူအများ နားလည်စိမ့်သောငှာ မြန်မာပညာရှိကြီး ယောအတွင်းဝန် ဦးဘိုးလှိုင်သည် “လိပိဒီပိကာ” မည်သော မြန်မာကြေးနန်းစာ ရေးသားနည်းကျမ်းကို ရေးသားပြုစုခဲ့ပေသည်။

ထိုအခါက ကြေးနန်းစာများသည် ယခုခေတ် ကြေးနန်းစာများကဲ့သို့ပင် ပေးပို့လိုသော သတင်း၏ လိုရင်းအချက်များ ပေါ်လွင်အောင် တိုတိုတုတ်တုတ် ရှိသည်။ ထိုကြေးနန်းစာတွင် လက်ခံမည့် အရာရှိ၏ အမည်နှင့် ရာထူးကိုပါ ဖော်ပြနိုင်ကြ၏။ အင်္ဂလိပ်များနှင့် စစ်ဖြစ်နေဆဲ အချိန်တွင် ပေးပို့သော ကြေးနန်းသတင်းများမှာ သာ၍ပင် တိုတိုတုတ်တုတ် ရှိသေး၏။ ဘုရင်ထံသို့ ပို့သော သတင်းများ၌ မည်သည့် အရာရှိက ပို့သည်ကို လည်းကောင်း၊ ကြေးနန်းရိုက်ပေးသော ကြေးနန်းအရာရှိ၏ အမည်ကို လည်းကောင်း ယခုခေတ်အခါမှာကဲ့သို့ပင် ရိုက်ပို့ပေးနိုင်ကြလေသည်။

ထိုအခါက ကြေးနန်းစာ ရေးသားပုံမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

စအ၊ ကအား၊ ပရသြ၊ နအနး၊ တအနး၊ လဥပ၊ စဧ၊ သဦ၊ စအာ၊ ရဧ၊ ကရဤး၊ အ၊ သဥံ၊ စအာ၊ ရဧး၊ တအို့၊ စအ၊ ကအား၊ ပရသြ၊ နအနး၊ တအနး၊ ရအန၊ လအမး၊ တဝအင၊ တအိုင၊ စအိုက၊ လဥပ၊ ရအန၊ မဟအ၊ အစ၊ ရဝဧ၊ အ၊ ရအပ၊ ရအပ၊ လဥပ၊ ဆသြင၊ ရအန၊ ရဟက၊ သအည၊ မယအား၊ ကအို၊ ၁၂၃၁၊ ခဥ။ နဟအစ၊ အ၊ တဝ၊ အငး၊ ပရဤး၊ ပရဧ၊ သြင၊ လဥပ၊ ဆသြင၊ ကရအ၊ ရအ၊ အမည၊ ခအတ၊ လဟဧ၊ အ၊ ဆအန၊ တဝအင၊ လအညး၊ မအည၊ ရဝဧ၊ မအည၊ မဟယအ၊ လဥပ၊ ဆသြင၊ ပရညး၊ မအည၊ ရဝဧ၊ မအည၊ မဟယအ၊ လဥပ၊ ဆသြင၊ ပရဤး၊ ပရဧ၊ သအည၊ မယအား၊ ကအို၊ မအ၊ ပရအတ၊ တအင၊ လဟယသြက၊ လအိုက၊ ရအ၊ မအည်။

စ၊ ကား၊ ပြေား၊ နန်း၊ တန်း၊ လုပ်၊ စေ၊ သူ၊ စာ၊ ရေး၊ ကြီး၊ အ၊ သုံး၊ စာ၊ ရေး၊ တို့၊ စ၊ ကား၊ ပြော၊ နန်း၊ တန်း၊ ရန်၊ လမ်း၊ တွင်၊ တိုင်၊ စိုက်၊ လုပ်၊ ရန်၊ မှ၊ စ၊ ရွေ့၊ အ၊ ရပ်၊ ရပ်၊ လုပ်၊ ဆောင်၊ ရန်၊ ရှိ၊ သည၊် များ၊ ကို၊ ၁၂၃၁၊ ခု၊ နှစ်၊ အ၊ တွင်း၊ ပြီး၊ ပြေ၊ အောင်၊ လုပ်၊ ဆောင၊် ကြ၊ ရ၊ မည်၊ ခေတ်၊ လှေ၊ အ၊ ဆန်၊ တွင်၊ လည်း၊ မည်၊ ၍၊ မည်၊ မျှ၊ လုပ်၊ ဆောင်၊ ပြီး၊ ပြေ၊ သည်၊ များ၊ ကို၊ မ၊ ပြတ်၊ တင်၊ လျှောက်၊ လိုက်၊ ရ၊ မည်။

အင်္ဂလိပ်တို့ လက်ထက်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းကြေးနန်း ဆက်သွယ်ရေး လုပ်ငန်းကို ၁၈၉၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးကိုမူ အိန္ဒိယနိုင်ငံမှတဆင့် ၁၉၃၆ ခုနှစ်တွင် စတင်ခဲ့သည်။ ယခုအခါ ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းများတွင် ဗမာ့အချက်ပြ သင်္ကေတများကို မြန်မာလို တီထွင်၍ အသုံးပြုလျက်ရှိ၏။ ထိုစနစ်သစ်ကို သယ်ယူပို့ဆောင်ရေးဌာနနှင့် လမ်းပန်းဆက်သွယ်ရေးဌာနတို့က ဦးဆောင်ကာ တီထွင်ပေး၍ နိုင်ငံတော်အစိုးရသို့ တင်ပြရာ အသင့်လျော်ဆုံးဟု ဆုံးဖြတ်၍ ပြည်တွင်းကြေးနန်း ဆက်သွယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် ပြဋ္ဌာန်းလိုက်လေသည်။

ထိုစနစ်သစ်အားဖြင့် မြန်မာအသံထွက်အားဖြင့် ဖတ်မရသော စာလုံးများကိုပင် တိကျမှန်ကန်စွာ ပေးပို့နိုင်သည်။ ရေးပေးသော စာလုံးသာ ပီသပါက ကြေးနန်းနှင့် ပေးပို့ရာတွင် ရာခိုင်နှုန်း အပြည့်တိကျ မှန်ကန်နိုင်ပေသည်။

ပထမ အစမ်းသဘောဖြင့် ၁၉၅၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ပုသိမ်မြို့ကို ထိုစနစ်ဖြင့် စတင်၍ ကြေးနန်းရိုက်ခဲ့၏။ ကောင်းစွာ အောင်မြင်ကြောင်း သေချာစွာ သိရှိရသောအခါ ၃ လ အတွင်း မန္တလေး၊ တောင်ငူ၊ မော်လမြိုင်၊ စစ်တွေမြို့များသို့ တိုးချဲ့၍ ထိုစနစ်သစ်ကို အသုံးပြုခဲ့ကြ၏။ ယခုအခါတွင် မြို့တိုင်းလိုလို၌ပင် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းတွင် ဗမာ့အချက်ပြ သင်္ကေတများကို အင်္ဂလိပ်လို မသုံးတော့ဘဲ မြန်မာလို အသုံးပြုလျက် ရှိပေသည်။

သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး၌မူ မော့စ်အချက်ပြ သင်္ကေတများကို အင်္ဂလိပ်စာလုံးများဖြင့် ပေးပို့ကြလေသည်။ ဤသို့ သတင်းများကို ပေးပို့ရာ၌ အလွန်လျင်မြန်သော စနစ်ကို အသုံးပြုကြပေသည်။

ထိုစနစ်သစ်တွင် အသံနှင့် မှတ်မယူဘဲ စက္ကူကြိုးပြားကလေးများ အပေါ်တွင် အပေါက်ကလေးများ ဖြစ်ပေါ်စေခြင်းအားဖြင့် ကြေးနန်းသတင်းများကို ပေးပို့ကြ၏။ ထို့ပြင် “တယ်လီပရင်တာ” ခေါ် လက်နှိပ်စက်ကဲ့သို့သော ကြေးနန်းရိုက်စက်မျိုးဖြင့်လည်း သတင်းများကို ရိုက်ကူး၍ ပေးပို့နေကြသေးသည်။

Reference: မြန်မာ့စွယ်စုံကျမ်း
Credit: Aye Thitt Sar (ဗဟုသုတကြယ်စင်ဂရု)
အားလေးစားစွာဖြင့်