“ဒေါ်လာ ၁ သန်းတန် Blue Print နဲ့ ရန်ကုန်မြို့ မြေအောက်က မဟာလျှို့ဝှက်ချက်ကြီးများ”

ရန်ကုန်မြို့ မြေအောက်က မဟာလျှို့ဝှက်ချက်ကြီးများ (သို့) ရန်ကုန်မြေအောက်မှ သိကောင်းစရာ ဗဟုသုတ အကြောင်းအရာတို့ကို တင်ပြပေးလိုက်ပါတယ်။

တာမွေအဝိုင်း ခုံးကျော်တံတားဆောက်ဖို့ မြေတူးတော့မြေအောက်ထဲမှာအချင်း(၅)ပေလောက် ရှိတဲ့ ဧရာမသံပိုက်ကြီးတွေတွေ့တယ်တဲ့။ဘာပိုက်ကြီးတွေမှန်း မသိကြဘူး။ ဂျိူးဖြူရေပိုက်လည်း မဟုတ်ဘူးတဲ့။ ပိုက်ရဲ့ပုံစံ၊ အရည်အသွေးနဲ့ မြှုပ်ထားတဲ့ ပုံစံတွေအရ အင်္ဂလိပ်ခေတ်က လုပ်ထားတာဆိုတာလောက်တော့ခန့်မှန်းလို့ရတယ်။

အဲ့ဒါနဲ့လိုက်စုံစမ်းတော့ အင်းယားကန် ရေလျှံရင်ကန်တော်ကြီးထဲကို လွှဲပို့တဲ့ပိုက်ကြီးဖြစ်နေတယ်။အင်္ဂလိပ်လက်ထက်က ရန်ကုန်မြို့ကိုစနစ်တကျ တည်ဆောက်ခဲ့တယ်ဆိုတဲ့သက်သေတွေပေါ့။

လုပ်ထားတဲ့ပုံစံက အင်းယားကန်ရေလျှံရင် အဲဒီပိုက်ကနေကန်တော်ကြီးထဲကိုလွှဲပို့တယ်။ကန်တော်ကြီး ထပ်လျှံရင် ပုဇွန်တောင်ချောင်းထဲကိုထပ်လွှဲတဲ့ပိုက်ကြီးတွေလည်းရှိတယ်။အဲဒါကြီးတွေက နောက်ပိုင်းမှာစနစ်တကျ မထိန်းသိမ်းတော့ သုံးမရဘဲပျက်စီးကုန်တယ်။

အခု ခုံးကျော်တံတားဆောက်တော့ အဲဒီလောက်ကြီးတဲ့ ပိုက်ကြီးတွေကို ဘယ်လိုဖယ်ရှားရမှန်း မသိတာနဲ့ ပိုက်ပေါ်ကပဲ ခွပြီး ကွန်ကရစ် လောင်းပစ်လိုက်တယ်။ပိုက်ကမခံနိုင်တော့ကျိုးသွားတယ်တဲ့။ ပြန်လုပ်ကြပေါ့။

ပိုက်ဆံတွေ ထပ်ကုန်တယ်။အချိန်တွေထပ်ကုန်တယ်။သေချာတယ်။အင်္ဂလိပ်ကတော့ပစ်စလက်ခတ် လုပ်ခဲ့မှာမဟုတ်ဘူး။သူမြှုပ်ခဲ့တဲ့လမ်းကြောင်းတွေကိုမြေပုံနဲ့ မှတ်တမ်းနဲ့စနစ်တကျထားခဲ့မှာပဲ။ကိုယ့်လူတွေက အထိန်းအသိမ်းမတတ်လေတော့အဲဒီမှတ်တမ်းတွေ အကုန်ပျောက်ပျက်ကုန်မှာပေါ့လေ။

ပြီးတော့ တာမွေအဝိုင်းလမ်းဆုံရဲ့အလယ်တည့်တည့်မှာမြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တစ်ပေါက် ရှိတယ်။

၈၈ အရေးအခင်း မဖြစ်ခင်က အဲဒီနေရာမှာ အဝိုင်းကြီးရှိတယ်။အရေးအခင်းအပြီးလမ်းတွေချဲ့တော့ အဲဒီအဝိုင်းကြီးကို ဖျက်ပြီး လမ်းဆုံလုပ်ပစ်လိုက်တယ်။ကျွန်တော်တို့ငယ်ငယ်ကဆိုအဲဒီအဝိုင်းကြီးရဲ့အလယ်က Manhole အပေါက်ထဲခဲလုံးလေးတွေသွားသွားပစ်ချကြည့်ကြတယ်။

အောက်ကိုဘယ်လောက်အထိနက်လဲတော့မခန့်မှန်းတတ်ဘူး။အဲဒီကနေ ဆင်းရင်ရန်ကုန်မြို့ရဲ့ မြေအောက်မြောင်း ကွန်ယက်ကြီးဆီကို ရောက်တယ်တဲ့။ကျွန်တော်တို့ အဖိုးတွေ အဖေတွေ ပြောပြတာက အဲဒီမြေအောက် ဥမင်ကြီးတွေဟာအမြင့်ကိုးပေ ဆယ်ပေလောက်ရှိတယ်။ အဲဒီထဲမှာ ဂျစ်ကားတစ်စီးကောင်းကောင်း မောင်းလို့ရတယ်တဲ့။

ပုဇွန်တောင်ချောင်းဝအထိကိုပေါက်တယ်တဲ့။ ရေထုတ်မြောင်းအပြင် တခြားမီးကြိုးတွေ၊ ကေဘယ်လ်တွေပါ သွယ်တန်းလို့ရနိုင်တယ်။နိုင်ငံခြား အက်ရှင်ကားတွေထဲမှာ ရဲနဲ့လူဆိုး လိုက်ကြပြေးကြ လုပ်တဲ့ မြေအောက် လမ်းကြောင်းကြီးတွေလိုပေါ့။အဲဒီလို မြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တွေ ရန်ကုန်မြို့ အနှံ့မှာ ရှိတယ်။

သိတဲ့လူကြီးတွေသိကြတယ်။ လူကြီးတွေ အပြောအရ ဟိုးမင်္ဂလာဒုံနားအထိကို အဲဒီ မြေအောက်ကွန်ယက်ကြီး ပေါက်တယ်တဲ့။အဲဒီနားတွေမှာပါအပေါက်တွေ ရှိတယ်တဲ့။ အင်္ဂလိပ်ကတော့ သူ့အကျင့်အတိုင်း အကုန် စနစ်တကျ လုပ်သွားတာပဲ။

ဖြစ်နိုင်ရင်တော့ အဲ့ဒီမြေအောက်ကွန်ယက်လမ်းကြောင်းကြီးကို ပြန်ဖော်ထုတ်ပြီး သုံးလို့ရမယ်ဆိုရင်တော့ တော်တော်အဆင်ပြေလိမ့်မယ်။တာမွေအဝိုင်းထိပ် ခုံးကျော်တံတား လုပ်ငန်းခွင်မှာ ပေါ်လာတဲ့ မြေအောက် သံပိုက်လုံးကြီးတွေဟာအင်းယားကန် ရေလျှံရင်ကန်တော်ကြီးဆီကို လွှဲပို့တဲ့ပိုက်လိုင်းကြီးတွေဆိုတာ သေချာတယ်လို့တချို့ကအတည်ပြုပြောကြပါတယ်။

လက်ရှိမှာ သုံးလို့ရ၊ မရ မသေချာပေမယ့် ရေထိန်းဘားတွေကတော့ ဆီဒိုးနား ဟိုတယ်ဘေးမှာတစ်ခု၊ ဖိုးစိန်လမ်းထဲမှာ တစ်ခုရှိတယ်လို့ ဆိုကြပါတယ်။ကန်တော်ကြီးကနေ ပုဇွန်တောင်ချောင်းထဲကိုတော့ ပိုက်နဲ့ မဟုတ်ဘဲ မြေအောက်မြောင်းတွေနဲ့ ဆက်သွယ်ထားတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် တော်တော်များများ စိတ်ဝင်စားကြတာကတော့ မြေအောက် ဥမင်ကြီးတွေအကြောင်းပါ။ အဲ့ဒီမြေအောက်ဥမင်ကြီးတွေဟာ ဂျစ်ကားတစ်စီး ကောင်းကောင်း မောင်းလို့ ရလောက်အောင် ကြီးမားလှတယ် ဆိုတာလည်း တော်တော်များများ ပြောကြပါတယ်။

ဟိုခေတ်တုန်းက ဒုစရိုက်လောကသားတွေ ခိုအောင်း လှုပ်ရှားရာ မြေအောက် ကမ္ဘာကြီးပေါ့။ အဲ့ဒီမြေအောက် ဥမင်ကြီးထဲမှာ ရပ်ကွက်တစ်ခုလို ဖြစ်နေပြီး မူးယစ်ဆေး၊ ပြည့်တန်ဆာနဲ့ တခြား တရားမဝင်ကိစ္စတွေ အခြေပြု လှုပ်ရှားကြတဲ့နေရာကြီးပါတဲ့။အဲဒီ မြေအောက်ရပ်ကွက်ကြီးရဲ့ ဝင်ပေါက်က ဆူးလေဘုရားနား၊ ရှားမီးမုန့်တိုက်ဘေးက မြောင်းပေါက်ကြီးလို့ ဆိုကြတယ်။

အဲ့ဒီမြေအောက်ကမ္ဘာကြီးထဲမှာ သောက်ရေ သုံးရေလည်းရ၊ လျှပ်စစ်မီးလည်းရတယ်တဲ့။ မြောင်းဆိုပေမယ့်လို့ အနံ့အသက်ဆိုးတွေ မရှိဘူး။

လူမိုက်တွေက တာဝန်ယူ အုပ်ချုပ်တဲ့ရပ်ကွက်ကြီးပေါ့။ တော်ရုံသူစိမ်း ဝင်လို့မရဘူး။ “မွန်းတည့်ချိန်မှာ နေဝင်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့မှာ အဲဒီမြေအောက် လောကသားတွေ အကြောင်း ပါတယ်တဲ့။

အဲဒီမြေအောက် မြောင်းကွန်ယက်ကြီးရဲ့ လမ်းကြောင်း အတိအကျကိုတော့ ဘယ်သူမှ သိပ်မသိကြပါဘူး။ဒါပေမယ့် တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံနဲ့ ပြောစကားတွေကို ဆက်စပ်ကြည့်တဲ့အခါ အဲ့ဒီကွန်ယက်ကြီးက ရန်ကုန်တစ်မြို့လုံးရဲ့အောက်မှာ ဖြန့်ကျက်နေတယ်လို့ ယူဆရတယ်။

မြို့လယ်ပိုင်းမှာတော့ ခပ်စိပ်စိပ်နဲ့၊ မြို့ပြင်ပိုင်းမှာတော့ ခပ်ကျဲကျဲပုံစံဖြစ်ဖို့ များတယ်။ မြို့လယ်ဆိုတာက ခုဆို လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်ပတ်ဝန်းကျင်ပေါ့။မြို့ပြင်ကတော့ ဗဟန်း၊ တာမွေဘက်ပိုင်းပေါ့။ ဒါပေမယ့် တချို့က ဆိုကြပြန်တာက မင်္ဂလာဒုံပေါက် ကုန်းနားမှာလည်း မြေအောက်ကိုဆင်းတဲ့အပေါက်ကြီးတွေ ဂျပန်ခေတ်ကတည်းက ရှိနေတယ်တဲ့။

စ.စ်တပ်က အသေပိတ်၊ သော့ခတ်ထားတယ်လို့ ပြောကြတယ်။ မြို့ထဲအထိ ဆက်နေတာ ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့။ဂွတ္တလစ် (ခု ဆရာစံရပ်ကွက်) က တစ်ယောက်ပြောပြတာက သူတို့ငယ်ငယ်က အဲဒီမြောင်းကြီးတွေအောက်ထဲ ဆင်းကြည့်ဖူးတယ်တဲ့။ ဂွတ္တလစ်မင်းလမ်းနားကနေ ခုတံတားထိုးနေတဲ့ တာမွေအဝိုင်းထိပ်အထိ ရောက်တယ်။

ဆက်သွားလို့ ရသေးတယ်တဲ့။ နောက်တစ်ယောက်ပြောတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကအကြောင်း။ တစ်နေ့မှာ ကျိုက္ကဆံရပ်ကွက် (မြလမ်းမှတ်တိုင်နား) ကမြောင်းပေါက်ကြီးတစ်ခုထဲကနေ နွားအော်သံကြားလို့ ချောင်းကြည့်တော့ မြေအောက်မြောင်းကြီးထဲမှာ နွားကြီးတစ်ကောင် တွေ့ကြတယ်။မြောင်းပေါက်ကို မရရအောင်ချဲ့ပြီး ဆွဲတင်ကြရတယ်။

ဒီမြောင်းထဲကို နွားကြီးဘယ်ကနေ ဘယ်လိုရောက်လာလဲ စဉ်းစားလို့ မရကြဘူး။ နောက်တော့မှ ဟိုးသိမ်ဖြူထိပ်က မွ.တ်.ဆ.လင်.ရပ်ကွက်မှာ အစ်ဒ်နေ့နီးတော့ မွေးထားတဲ့ နွားကြီးက လွတ်လာပြီးမြေအောက်မြောင်းထဲကနေ ဒီဘက်အထိ ရောက်လာတယ်ဆိုတာ သိလိုက်ကြရတယ်။

ခုဗိုလ်မြတ်ထွန်းကွန်ဒို ဆောက်ထားတဲ့ နေရာကလည်း အရင်က မိလ္လာကန် အကြီးကြီးဆိုပဲ။ အဲဒီကနေတဆင့် ရန်ကုန်မြစ်ထဲကို ရေဆိုးတွေထုတ်ချတယ်လို့ ပြောကြတယ်။

အရင်တုန်းက အိမ်တွေမှာ မိလ္လာကန်စံနစ်မရှိဘဲ အဲဒီရေဆိုးမြောင်းတွေကနေတဆင့် ရီဆာဗာကြီးမှာ လှောင်ထားပြီး ရန်ကုန်မြစ်ရေ အတက်အကျအတိုင်း သွန်ချပစ်တယ်တဲ့။

နောက်စိတ်ဝင်စားစရာ အဖြစ်အပျက် တစ်ခု ရှိသေးတယ်။ ၁၉၈၃ တုန်းက အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ မြောက်ကိုရီးယားသူလျှို ကင်မင်ချူးနဲ့ ဇင်ဘိုတို့ဟာ (နံမည်နဲ့ ခုနှစ်သက္ကရာဇ်တွေ လွဲကောင်း လွဲနိုင်ပါတယ်)

ရွှေတိဂုံဘုရားနားက မြေအောက်မြောင်းပေါက်ထဲကနေ တဆင့် ပုဇွန်တောင်ချောင်းဆီကို ထွက်ပြေးကြတယ်။ အဲဒီကနေ ဒလဘက်လား၊ ကွမ်းခြံကုန်းဘက်လား ပြေးကြပြီး နောက်ဆုံး ရွာသားတွေနဲ့ အတွေ့မှာ တစ်ယောက်က ကိုယ့်ကိုယ်ကို boneခွဲပစ်လိုက်တယ်။တစ်ယောက်ကတော့အရှင်ဖမ်းမိတယ်တဲ့။

(မှားနေတယ်ဆိုရင် အမှန်သိသူများ ပြင်ပေးကြပါ) ပါးစပ်ရာဇဝင်တွေအရ ရန်ကုန်မြို့ရဲ့ မြေအောက်မြောင်း ကွန်ယက်မြေပုံ Blue Print ဟာ တစ်ယောက်ယောက်ရဲ့ လက်ထဲမှာ ရှိနေပြီး ဒေါ်လာတစ်သန်းနဲ့ ရောင်းမယ်လို့ အစိုးရကိုကမ်းလှမ်းဖူးတယ်လို့ပြောကြတယ်။

စင်္ကာပူက မြေအောက်မြောင်းတွေက ရန်ကုန်ဒီဇိုင်းကို ယူပြီး တည်ဆောက်ထားတယ်လို့လည်း ပြောကြတယ်။ တချို့ပြောတာကတော့ အင်္ဂလိပ်က အဲ့ဒီမြေပုံကိုမြန်မာတွေလက်ထဲ လုံးဝမပေးခဲ့ပါဘူးတဲ့။ တချို့ကကျတော့လည်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ အဲဒီမြေပုံကိုမြို့တော်စည်ပင်ဆီကနေ စ.စ်တပ်ကသိမ်းသွားတယ်တဲ့။

လုံခြုံရေး အကြောင်းပြချက်နဲ့ပေါ့။အခုရွှေတိဂုံဘုရားလမ်းက စ.စ်ရုံးဝင်းထဲမှာအဲဒီမြေအောက်ကွန်ယက်ရဲ့ အလယ်ဆုံချက် ဝင်ပေါက်နေရာ ရှိတယ်လို့လည်း ပြောကြပြန်တယ်။နဝတ၊ နအဖ လက်ထက်တုန်းကတော့ အဲဒီမြေအောက်မြောင်းတွေကိုပြန်ရှာကြသေးတယ်တဲ့။ စံနစ်တွေကခေတ်မမှီတော့ဘူး။

မြောင်းတွေက ကောကုန်ပြီ။ပြန်သုံးလို့မရနိုင်တော့ဘူး။ အမျိုးမျိုးပြောကြတယ်တဲ့။ အကြောင်းပြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။ ရှေးလူကြီးတွေ စိတ်ဝင်တစားပြောပြကြတာက ဗားဂရာလမ်းဆုံဟာ တကယ့်အနိမ့်ပိုင်းနေရာမှာ ရှိနေရဲ့သားနဲ့တခါမှရေကြီးရေလျှံမဖြစ်ဖူးဘူးတဲ့။

အဲ့ဒီအောက်မှာ ရန်ကုန်မြစ်နဲ့ဆက်သွယ်ထားတဲ့ မြေအောက်မြောင်းကြီး ရှိနေတယ်တဲ့။ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ။အခုရေးထားတာတွေ အကုန်လုံးဟာ အထောက်အထား ခိုင်ခိုင်မာမာ မဟုတ်ပေမယ့် ယုံကြည်ရလောက်တဲ့ စကားတွေပါပဲ။အားလုံးကို ခြုံငုံကြည့်ရင်တော့ ရန်ကုန်မြို့ရဲ့အောက်မှာ အဖိုးတန်တဲ့မြေအောက်မြောင်းကွန်ယက်ကြီး တကယ်ရှိနေပါတယ်။

လက်ရှိမှာရော သုံးနေသလား။သုံးလို့ မရတော့တာလား။ဒါမှမဟုတ် လုံခြုံရေးအကြောင်းပြချက်နဲ့ အကုန်ပိတ်ပစ်လိုက်ကြတာလားဆိုတာစိတ်ဝင်စားစရာပါ။

တကယ်လို့ ပြန်ဖော်ထုတ်ပြီး အသုံးချလို့ ရသေးတယ်ဆိုရင်တော့ပြန်ပြီးသုံးသင့်၊မသုံးသင့်ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊တာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပြုပါရစေ။

crd,မူရင်း