မြန်မာသမိုင်း ရာဇဝင်ထဲက သခွားသီး စားလို့ ဒုက္ခ များခဲ့တဲ့ ဘုရင် နှစ်ပါး

မြန်မာ့ရာဇဝင်သမိုင်း၌ ယာခင်းထဲမှ သခွားသီးကိုခူးဆွတ် စားသောက်မိသဖြင့် ပြဿနာတတ်ခဲ့သော ရှင်ဘုရင်နှစ်ပါးကို ထူးခြားစွာတွေ့ရှိရပါသည်။

ထိုမင်းများမှာ ပုဂံခေတ်ဦး သိန်းခိုမင်း(ခရစ်နှစ် ၉၂၄-၉၄၆) နှင့် ကုန်းဘောင်ခေတ်ဦး နောင်တော်ကြီးမင်း(ခရစ် ၁၇၆၀-၁၇၆၃)ဟူသော ဘုရင်နှစ်ပါးပင်ဖြစ်လေသည်။

တစ်ပါးမှာ ယာခင်းရှင်ထံ ခွင့်မပန်ပဲ သခြားသီးခိုးယူ စားသောက်မိသဖြင့် ယာရှင်ကတွေ့ မြင်ကာ တူရွင်းဖြင့် ရိုက်ပုတ်ရာမှ နတ်ရွာစံကံကုန်ခဲ့ရသည်အထိဖြစ်သည်။

တစ်ပါးမှာ ယာခင်းရှင်က သခွားသီးစားရန် အခွင့်ပေးသော်လည်း အခင်းပျက်စီးသဖြင့် သတ်ပုတ်ခဲ့ရသည်အထိ ပြဿနာတက်ခဲ့ရသော ဘုရင်နှစ်ပါးပင် ဖြစ်လေသည်။

၁..။သိန်းခိုမင်း

(၉၂၄ ၉၄၆ ) ပုဂံံခေတ်

ပုဂံခေတ်ဦး ခရစ်နှစ်-၉၂၄ခုနှစ်တွင် စလေငခွေးမင်းအား ဆက်ခံလျှက် နန်းတက်လာသော သိန်းခိုမင်း(သိန်းဃိုမင်း ဟုလည်းအရေးအသားရှိ၏)သည် မြင်းတစ်စီးဖြင့် တောတွင်းလှည့်လည်ကာ အမဲလိုက်ခြင်းအမှု့ကိုအထူးဝါသနာပါသည်။

ယင်းသို့ အမဲလိုက်ရင်းတစ်နေ့တွင်နောက်လိုက်နောက်ပါများနှင့် လူချင်းကွဲသွားသည်။ရေလည်းငတ် ဆာလောင်မွတ်သိပ်လှသဖြင့် လူသူမတွေ့ရသော သခွားယာခင်းတစ်ခင်းကိုတွေ့ရာ ယာခင်းသို့ဝင်၍သခွားသီးများကို တစ်လုံးပြီးတစ်လုံး မွတ်သိပ်စွာစားလေသည်။

ထိုအခိုက်ယာခင်းရှင် ရောက်လာပြီး မိမိယာခင်းထဲ၌ ထိုင်၍ အားပါးတရ သခွားသီးခိုးစားနေသူကို တွေ့သဖြင့် ပေါက်တူးရိုးဖြင့် ရိုက်ပုတ်လေရာ ထိုနေရာ၌ပင်သိန်းခိုမင်း အနိစ္စရောက်လေသည်။

အနိစ္စရောက်ချိန်၌ အိမ်နိမ့်၂၂နှစ် စည်းစိမ် ၁၆နှစ်သက်တော် ၃၈ နှစ်သာရှိသေးသည်။

မကြာမီ သိန်းခိုမင်း၏မြင်းခံနောက်မှ လိုက္လာ၍ မှီသော် အဖြစ်အပျက်ကို သိရသောကြောင့် ဟယ်တောင်သူကြီး ငါတို့အရှင်ကို အဘယ့်ကြောင့်သတ်ရသနည်းဟုမေးသော် နင့်မင်းက ငါ့သခွားသီးကို မပန်ကြားပဲခိုးယူစားသောက်သည်ကိုတွေ့ရသဖြင့် ရိုက်ပုတ်ဘိသည်ဟူ၍ ဆို၏။

မြင်းခံကမင်းကိုသတ်သောသူသည် မင်းပြုရရိုးထုံးစံရှိ၏ဟုဆိုသောအခါတောင်သူကြီးက ငါမင်းမပြုနိုင်၊ ဒီနှစ် ငါ့သခွားသီးကားခွေးငယ်နို့စို့သကဲ့သို့ သီးချေသည်ဟုဆိုပြန်သည်။

ထိုအခါ မြင်းခံအပြင် အခြားသောဘုရင့်နောက်လိုက်နောက်ပါအခြွေအရံများရောက်ရှိလာပြီး ဟယ်တောင်သူကြီး နင့်သခွားခင်းလည်း နင်ပိုင်ရမည် မင်း၏စည်းစိမ်ချမ်းသာဖြစ်သော အဝတ်ကောင်းအစားကောင်းရွှေငွေဆင်မြင်းကျွဲနွားဆန်စပါးများလှစွာသောစည်းစိမ်ကိုလည်းခံစားရမည် ထုံးစံအတိုင်းမင်းပြုတော်မူဟုပြောမှ လိုက်ပါ လျှက် ထီးနန်းတင်မြှောက်ခံရလေသည်။

ထိုမင်းကားပုဂံခေတ် တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း(ခရစ်နှစ် ၉၄၆ -၉၉၁)ပင်ဖြစ်လေသည်။

မင်းဖြစ်လျှင်မိမိသခွားယာခင်းအရပ်၌ ဥယျာဉ်ကြီးသာယာစွာပြုပြီးလျှင် နဂါးရုပ်ကြီးစွာ ထုလုပ်ကိုးကွယ်၍ ပုထိုးကြီး ပုထိုးငယ် ပုထိုးသားမ်ား သင်လည်ပုထိုး စိတ်တည်ပုထိုးဟူသော ပုထိုး၅လုံးတည်လျှက် နတ်ရုပ်လည်းမမည် ဘုရားရုပ်လည်းမမည် ပြုလျှက် မနက်ည ထမင်းဟင်းသေစာတင်၍ ကိုးကွယ်သည်။

နတ်ကျောင်းဒကာ မင်းချမ်းသာဟုအမည်တွင်ကြောင်းလည်း မဟာရာဇဝင်ကြီး၌ ဖော်ပြထားပါသည်။

သို့သော် တူရွင်းတောင်၌ တွေ့ရသော ခရစ်နှစ် ၁၂၁၂ခုနှစ်ထိုးကျောက်စာ၌ တူရွင်းတောင်ထိပ်ရှိစောရဟန်းသိမ်ဟောင်းကို ပျက်စီးသဖြင့်ပြုပြင်ရကြောင်းရေးထိုးထားရာ စောရဟန်းမင်း(တောင်သူကြီးမင်း)သည်ရာဇဝင်များ၌ ဖော်ပြသလို နတ်နဂါးကိုကိုးကွယ်သူ မဟုတ်နိုင်ကြောင်း နှောင်းခေတ်ပညာရှင်တို့က ယူဆကြပါသည်။

တုရင်တောင်ထိပ် စောရဟန်းသိမ်ပျက်ရကား၊ မောင်းမနှုတ်ဆက်အမွှမ်းရ အိုဝ်ပန်ဦးသခင် စာချီ ဗိုလ် ဤနှစ်ကြားရကား၊ ဘုရားလောင်းမင်း ဥဇနာမင်းကြီး ရွှေတောင်တက်၍ တစ်နှစ် သောကြာရကားမင်းကြီးပြုစေရကား၊ ဤသိမ်ဆောက်သကားဟုထိုစောရဟန်းသိမ်ကျောက်စာ၌ ရေးထိုးထားပါသည်။

၂…။နောင်တော်ကြီးမင်း ”

(၁၇၆၀-၁၇၆၃ )ကုန်းဘောင်ခေတ်။ ။

ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သားတော်ကြီး မောင်လောက်ခေါ် နောင်တော်ကြီးမင်း (ခရစ်၁၇၆၀-၁၇၆၃)သည် နှိမ့်ချသောမာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ်၏။

ရံဖန်ရံခါ မိမိလူပျိုတော်သားများနှင့် မန်ကျည်းပင်အောက်တွင် မန်ကျည်းသီးထုကာ စားနေလေ့ရှိသည်။

တစ်ခါကမှုးမတ်များက အရှင့်သား ဤသို့သိမ်ဖျင်းသောအစားအသောက်အလေ့ကို ရှောင်ကြဉ်တော်မူပါ ဂုဏ်နှင့်မတန်ပါဘုရားဟုလျှောက်ထားသည်။

နောင်တော်ကြီးဘုရားက ဤသို့မန်ကျီးပင်အောက် မန်ကျီးသီးထုစားသဖြင့်တိုင်းပြည်၌ တစ်စုံတစ်ရာဝန်လေးပါသလားဟုမေးရာမှုးမတ်များက တိုင်းပြည်သော်ကား ဝန်မလေးပါဟုလျှောက်လျှင် တိုင်းပြည်ဝန်လေးမည့်အမှု့ဆိုလျင် ငါရှောင်ပါမည် ဝန်မလေးသည့်ကိစ္စကိုကား မတားမြစ်ပါနှင့် ငါကြိုက်တတ်ရာ စားပါရစေဟု အခွင့်ပြန်ပန်သောဟူ၏။

နောင်တော်ကြီးမင်းမှာ ၁၇၆၀ခုနှစ်တွင် ခမည်းတော်အလောင်းမင်းတရား နတ်ရွာစံလွန်ပြီးနောက် ထီးနန်းဆက်ခံစိုးစံခဲ့ရာ ရွှေဘို နှင့် စစ်ကိုင်းမြို့နှစ်မြို့လုံးတွင်ထီးနန်းတစ်လှည့်စီ ပြောင်း၍ စံနေလေ့ရှိသည်။

အားအင်သန်စွမ်းကာ ယောင်္ကျားပီသသူလည်းဖြစ်၍ မြင်းကောင်းတစ်စီးနှင့် ငါစစ်ကိုင်းသွားလိုက်ဦးမည်၊ ငါရွှေဘိုပြန်လိုက်ဦးမည်ဟုပြော၍ ရုတ်တရက်မြင်းစီးကာထွက်လာတတ်သည်။

ထိုအခါ နောက်လိုက်နောက်ပါ အခြွေအရံများက ကပျာကသီ ဆင်မြင်းပြင်လျှက် နောက်တော်ကလိုက်ရလေ့ရှိသဖြင့် မမီသည်ကများသည်။

တစ်နေ့တွင် စစ်ကိုင်းမှရွှေဘိုအပြန် နောက်လိုက်နောက်ပါများဝေးလံစွာ ကျန်ရစ်ခဲ့၍ မိမိတစ်ပါးတည်းခေါတောအရပ်(ရွှေဘိုမှ ၁၄မိုင်အကွာ)သို့ရောက်လာခဲ့လေသည်။

ထိုအရပ်၌ သခွားယာခင်းတစ်ခင်းကို တွေ့ရာဆာလောင်မွတ်သိပ်လှသဖြင့် မြင်းကိုယာခင်းအပြင် သစ်ပင်၌ချည်ထားခဲ့ပြီး ယာခင်းထဲဝင်ကာ ယာခင်းရှင်ယောင်္ကျားအား သခြားသီးစားပါရေစဟု ကောင်းမွန်စွာခွင့်တောင်း၏။

ယာခင်းရှင်လည်း ဘုရင်မှန်းမသိ အလိုရှိသရွေ့စားပါအပင် အနွယ် အကင်းတို့ကိုသာ မပျက်စီးပါစေနှင့်ဟုဆိုသည်။

နောင်တော်ကြီးမင်းလည်း အခွင့်ရသည်နှင့်သခွားသီးတို့ကို ဖြတ်မဆွတ်ပဲ ဆွဲယူဆွတ်ခူးသဖြင့် အပင် အနွယ်များ အုံလိုက်ပါလာကာ အကင်းအပွင့်များပါပျက်စီးကုန်လေသည်။

ယာခင်းရှင်မြင်လျှင် ဒေါသထွက်ကာ နင်သည်စားရုံသာမက အခင်းကိုပါဖျက်ရာသလောဟုသတ်ပုတ်မည်ပြု၏။

ဘုရင်ကလည်း နင်ယောင်္ကျားကောင်းဆိုသော်သတ်ကြအံ့ဟုစိန်ခေါ်ရာ နှစ်ယောက်သားယာခင်းထဲ၌လုံးထွေး သတ်ပုတ်ကြလေသည်။

ယာခင်းရှင်လည်း အတော်အတန်သတ်ပုတ်ကာ မောမောနှင့်ထိုင်နားလျှက်ရှိစဉ် နောင်တော်ကြီးကား ပြုံးလျှက်ပင်သခွားသီးများတစ်လုံးပြီး တစ်လုံး မြိန်ယှက်စွာ ထိုင်စားနေလေသည်။

ထိုအခိုက်ယာရှင်မိန်းမသည် ထမင်းပို့ရောက်လာပြီးထမင်းတောင်းချလျှက် ပြင်ဆင်သည်မြင်သော် နောင်တော်ကြီးက ယောက်ဖ ငါလည်း ထမင်းစားပါရစေဟုဆိုပြန်သည်။

ယာခင်းရှင်က ဒေါသဖြစ်လျှက် မကျွေးဘူး၊နင်ငါ့သခွားခင်းကိုလည်း ဖျက်သေးသည် သခွားသီးလည်းစားသေးသည် နင်မစားရဘူးဟုဆိုလေသည်။

ထိုအခါ မိန်းမဖြစ်သူက မိမိခင်ပွန်းသည်အား လက်တို့လျှက် ယာပြင်ဘက်မှာ ရွှေကတောင်နှင့်မြင်းကောင်းတစ်စီးချိတ်ထားသည်ကို မြင်ခဲ့သည်။

ထိုသူသည် သာမညမဟုတ်တန်ရာဟုတီးတိုးပွောဆျိုကာ အကဲခတ်နေကြစဉ်နောက်လိုက်နောက်ပါအများ မီလာ၍ ရှေ့တော်မှောက်ဒူးထောက်ခစားကြသည်ကိုတွေ့ရသည်။

ဤတွင် ယာခင်းရှင်လင်မယားမှာ များစွာကြောက်ရွံ့လျှက် ရှိခိုးတောင်းပန်ကြလေသည်။

နောင်တော်ကြီးမင်းက ပြုံးရယ်လျှက်ရှိခိုးတောင်းပန်ခြင်းမပြုလင့် သခြားသီးကို လည်းစားရသည်။သတ်ပုတ်ကြသည်မှာလည်း နှစ်ဦးသဘောတူဖြစ်၏။

ငါကားမင်းဖြစ်သည်မှန်သော်လည်း မကြောက်ရွံ့ပါနှင့် ယခုသခြားသီးမ်ားမွာ အလွန်အရသာရှိ၍ ငါစံရာရွှေဘိုသို့သာတစ်ခါလောက် လာရောက်ဆက်သပါဘိဟုမိန့်လေသည်။

ထို့နောက် မကြာမီ ယာခင်းရှင်လင်မယားလည်း သခွားသီးများဆွတ်ခူးထမ်းရွက်လျှက် ရွှေဘိုသို့ နောင်တော်ကြီးမင်းထံသွားရောက်ဆက်သလေသည်။

မင်းကြီးလည်း မမေ့မလျှော့ ကျေးဇူးတင်စကားဆိုလျှက် ရှေ့တွင်ပင်သခွားသီးများကို စားတော်မူသည်။

ပြီးမှ ယာခင်းရှင်အား အလိုရှိရာတောင်းလေ ဟုမိန့်တော်မူရာ ယာခင်းရှင်မှာ အခြားဆုတော်လာဘ်တော်များထက် မိမိအရပ်၌ရွာသူကြီး၏နှိပ်စက်ညှင်းပမ်းမှု့ကို ခံရဖန်များသဖြင့် သူကြီးအာဏာနှင့်လွတ်လျှင် လောက၌ အချမ်းသာဆုံးဟူ၍မှတ်ထင်သည့် အလျှောက် သူကြီးအာဏာနှင့် မင်းတိုင်းကျေအခွန်အခ မှကင်းလွတ်ခွင့်ကိုသာတောင်းဆို၏။

ထိုအခါနောင်တော်ကြီးမင်းက ဤအတွက်ဖြစ်စေရမည် အခြားအလိုရှိရာတောင်းဦးလော့ဟုမိန့်တော်မူရာဤအခွင့်ရလျှင်ပင် မိမိအဖို့ကျေနပ်လှပြီဖြစ်ကြောင်း မည်သည့်ဆုလဘ်ကိုမျှ အလိုမရှိကြောင်းလျှောက်ထားသည်။

ထိုခဏချင်းပင် နောင်တော်ကြီးသည် ထန်းရွက်၌ ယာခင်းရှင်အလိုရှိသော အမိန့်ကို မိမိကိုယ်တိုင်ရေးသားလျှက်ဤစာချွန်ကို သူကြီးပြလေ သင်သည် ဆယ့်နှစ်မှု့မင်းတိုင်းကျေ အခွန်နှင့်အာဏာမှလွတ်ပေလိမ့်မည်ဟုမိန့်၍ပေးလိုက်သည်။

ထိုအခါ ယာခင်းရှင်က ဤထန်းရွက်စာကိုပြရုံမျှဖြင့် သူကြီးကမင်းမိန့်ဖြစ်ကြောင်း ယုံကြည်မည်မထင်ဟုလျှောက်ပြန်သဖြင့် မင်းကြီးလည်းထန်းရွက်ကိုပြန်ယူပြီး ကိုယ်တော်တိုင်လက်မှတ်ရေးထိုးရလေသည်။

ထိုအခါမှယာခင်းရှင်က စိတ္ခ်လက္ခ် ယူဆောင်ကာ မိမိအရပ်ရောက်သော်သူကြီးအား ပြသဖြင့်သူကြီးအဆင့်အဆိုနှင့် မင်းတိုင်းကျေတို့မှ ကင်းလွတ်ခွင့်ရရှိလေသည်။

ထိုသခွားယာခင်းရှင်မှာ နောင်တော်ကြီးမင်း(၁၇၆၀- ၁၇၆၃)နောက် ညီတော်ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)ဆင်ဖြူရှင်၏သားတော် စဥ့်ကူးမင်း(၁၇၇၆-၁၇၈၁)နောင်တော်ကြီး၏ညီတော် ဘိုးတော်မင်းတရား(၁၇၈၁-၁၈၂၇)စသည့်မင်းများလက်ထက်တိုင်နေရသည်။

မောင်ဝိုင်းခေါ် ဘိုးတော်မင်းတရားလက်ထက်၌ အခွန်အတုတ်တောင်းခံရာ ယာခင်းရှင်က နောင်တော်ကြီးမင်း၏ စာချွန်လွှာကိုပြသလေသည်။

ထိုအခါ ဘိုးတော်ဘုရားက သူ၏ချစ်လှစွာသောနောင်တော်ကြီးကိုယ်တိုင် ရေးသားထားသည့် လက်ရေးနှင့်လက်မှတ်ကိုတွေ့ရသောကြောင့် ဘိုးဘွားအမွေအနှစ်သဖွယ် အလွန်မြတ်နိုးတော်မူသဖြင့်စာချွန်တော်အားပေးပါရန် တောင်းရာ ယာခင်းရှင်က မပေးနိုင်ကြောင်း အကြောက်အကန်ငြင်းဆန်သည်။

ထိုအခါမှ ဘိုးတော်ဘုရားက ရိပ်မိသဖြင့် ငါလည်းဘုရင်တစ်ပါးဖြစ်ပါသည် သူကြီးအဆင့်အဆိုနှင့်မင်းတိုင်းကျေအခွန်အခမှလွတ်ရန် ငါအသစ်တစ်ခုထပ်မံရေးပေးပါမည်။

ငါ့နောင်တော်ကြီး ကိုယ်တိုင်၏လက်ရာဖြစ်၍ မြတ်နိုးစွာ သိမ်းယူခွင့်ပြုပါဟုမိန့်သောအခါမှဤသို့ဖြစ်လျင်ယူတော်မူပါဟုသဘောတူလိုက်လေသည်။

ထို့နောက်ဘိုးတော်ဘုရား ရေးပေးသောစာချွန်ကိုသေချာစွာကြည့်ရှု့ကာ လက်မှတ်ထိုးရန်လိုသေးသည်ကိုတွေ့သဖြင့် ယာခင်းရှင်က လက်မှတ်ထိုးတော်မူပါဦးဟုလျှောက်ထားရာ ဘိုးတော်ဘုရားလည်း ထပ်မံလက်မှတ်ရေးထိုးသောအခါမှ စိတ်အေးချမ်းသာစွာ စာချွန်တော်ယူဆောင်၍ပြန်သွားလေတော့သည်။ ။

စာကိုး။ ။ ဦးကုလားမဟာရာဇဝင်ကြီး(ပတွဲ) ဦးမောင်မောင်တင်
“ကုန်းဘောင်ဆက် မဟာရာဇဝင်(ပတွဲ) ညိုမြကုန်းဘောင်ရှာပုံတော်

ဒေါက်တာသန်းထွန်းတစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲတင်နိုင်တိုး

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်