ယင်းတော်မလေးသည် အီနောင်နန်းတွင်းဇာတ်တော်ကြီးတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ထူးကဲစွာ ကျော်ကြားခဲ့သော တော်သုံးမင်းသမီးဖြစ်ပေသည်။
နာမည်ရင်းမှာ မလေးဖြစ်၍ ယင်းတော်မြို့သူ ဖြစ်သဖြင့် ယင်းတော်မလေးဟု ခေါ်တွင်လေသည်။ ငယ်စဉ်ကပင် ယင်းတော်မြို့စားကို အကြောင်းပြု၍ နေပြည်တော်သို့ ရောက်ပြီးလျှင် နန်းတွင်း၌ အငြိမ့်အပျိုတော်အဖြစ် စတင် အမှုထမ်းရလေသည်။
ထို့နောက် အီနောင်နန်းတွင်းဇာတ်တော်ကြီးတွင် အရေးပါအရာရောက်ဆုံးဖြစ်သူ ပွတ်စပါးမင်းသမီးအခန်းတွင် နိုင်နင်းစွာ အမှုထမ်းနိုင်သဖြင့် မြန်မာဇာတ်သဘင်သည်တို့၏ မိခင်ကြီးသဖွယ် ဖြစ်ပေသည်။
ထိုအချိန်က မယင်းတော်ဟူ၍၎င်း၊ နန်းတော်သား အရာရှိ မြို့စား၊ ရွာစား၊ သူဌေး၊ သူကြွယ်၊ မင်းပျို၊ မင်းလွင်တို့က ယင်းတော်မလေးဟူ၍ ခေါ်ကြသည်။ နာမည်ကျော်မင်းသမီး ယင်းတော်မလေးသည် မင်းသမီးဘဝ ခေတ်ကောင်းချိန်က အဆင်းအင်္ဂါ လှပ၍ ကနွဲ့ကရ ပျော့ပျော့ ပျောင်းပျောင်းရှိသည်။ တေးကြီး၊ ဘွဲ့ကြီးပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို ငယ်စဉ်ကပင် နိုင်နင်းစွာ သီဆိုနိုင်သည်။
ဇာတ်ချင်းများကို သီဆိုရာတွင်လည်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေယူလေသိမ်း၊ ထီးသံနန်းသံ၊ ကြငှန်းသံ မှန်လှသည်ဟု ထိုခေတ်က နန်းတော် သူတို့၏ ချီးကျူးခြင်းခံရသူ ဖြစ်လေသည်။ နန်းတော် သူတို့က အီနောင်ဦးစံတုတ်ကို သဘောကျ စွဲလမ်းသည့်နည်းတူ နန်းတော်သား၊ မှူးသားမတ်သား၊ မင်းယောကျာ်းအရာရှိပိုင်းကလည်း ယင်းတော်မလေးကို သဘောကျ စွဲလမ်းကြလေသည်။
သီပေါမင်း ပါတော်မူပြီးနောက် ယိုးဒယားရာမဇာတ်တော်ကြီး အဖွဲ့ဝင်များနှင့် အီနောင်ဇာတ်တော်ကြီး အဖွဲ့ဝင်များသည် မြှောက်စားကြည့်ရှုမည့်ဘုရင် မရှိတော့သဖြင့် ကစဉ့်ကလျား ဖြစ်ကြရရှာလေည်။
သို့သော်လည်း ထိုခေတ်တွင် ပစ္စည်းအင်အား တောင့်တင်းသော တောင်ခွင်မြို့စား မင်းကြီးကတော် သည် အီနောင်ဇာတ်ကြီးကို ထောက်ပံ့အားပေးခဲ့ခြင်းကြောင့် ဇာတ်သူဇာတ်သားများသည် ရုတ်တရက် အစည်းမပြေသေးဘဲ ရှိရုံမျှမက၊မှူးတော်မတ်တော်၊
ဆွေတော်မျိုးတော်တို့က သားသမီး ရှင်ပြုနားထွင်းမင်္ဂလာပွဲ၊ လက်ထပ်မင်္ဂလာပွဲ စသော သဘင်ပွဲလမ်း အခမ်းအနားတို့တွင် ခေါ်ယူငှားရမ်းအသုံးပြုခဲ့ကြလေသည်။ မင်းကြီးကတော် ကွယ်လွန်ပြီးနောက်၌ပင် မင်းပိုင်း၊ သူဌေးသူကြွယ်၊ ကုန်သည်ပိုင်းတို့က ဝိုင်းဝန်း အားပေးကြသဖြင့် ရံဖန်ရံခါ ကပြကြရသေးသည်။
သီပေါမင်းပါတော်မူပြီးနောက် ရှစ်နှစ်ခန့်ကြာသောအခါ ယင်းတော်မလေးသည် မျက်စိတစ်ဘက် ကွယ်သွားသဖြင့် ကျောက်မျက်လုံး တပ်ထားရလေသည်။မင်းသမီးကြီးသည် အသက်အ ရွယ်အားဖြင့် ၄ဝ ကျော် ၅ဝ နီးပါးခန့် ရှိလာသည်က တစ်ကြောင်း၊ ဇာတ်ကြီးသားအချို့နှင့် အီနောင် ဦးစံတုတ် လည်း အနိစ္စရောက်ကြသည်ကတစ်ကြောင်းတို့ကြောင့် အီနောင်ဇာတ်တော်ကြီးအဖွဲ့ တိမ်မြုပ်ခဲ့ရလေသည်။
ယင်းတော်မလေးမှာမူကား အသက် ၆ဝ-၇ဝ အရွယ်အထိ ဆင်းရဲငြိုငြင်စွာ အသက်ရှည်လျက် ကျန်ရစ်ခဲ့သေးသည်။ အရွယ်အိုမင်းလာပြီ ဖြစ်သော်လည်း နာမည်ကျော်မင်းသမီးကြီးဖြစ်ခြင်းကြောင့် အလှူပွဲအခမ်းအနားပွဲများတွင် အခြားသော မင်းသားတို့နှင့် တွဲကရန် ချီကောက် ငှားခေါ်သူရှိလျှင် လိုက်၍ တွဲကရလေသည်။
မင်းသားများက နှစ်ပါးသွားစကားပြောသော အခါ အသက်အရွယ်ကပင် ကြီးသော်လည်း ဝမ်းရေးအတွက် ကရသဖြင့် နင်တို့က တယ်ပြီး မကလက်စမ်းပါနဲ့ဟု မင်းသားလုပ်သူကို တီးတိုးပြောရှာသည်ဟု ဆိုသည်။ယင်းတော်မလေး၏ ပညာအမွေကို ခံယူခဲ့သောမင်းသမီးဟူ၍ မရှိဟုလည်း ဆိုလေသည်။
” အီနောင် ဦးစံတုတ် ”
မင်းတုန်းဘုရင်နှင့် သီပေါဘုရင်တို့လက်ထက်က၊ ရာမ အီနောင်စသည့် အတွင်းတော်၌ ကပြရသော ဇာတ်တော်ကြီး တို့တွင် အီနောင်မင်းသား အခန်းမှပါဝင်ကပြရသော ဇာတ် မင်းသား ဦးစံတုတ်သည် အီနောင်ဦးစံတုတ်ဟူ၍ ကျော်စော သည်။
ရုပ်သဏ္ဌာန်မှာ သီပေါဘုရင်နှင့်တူသည် ဟုဆိုကြသည်။ ဦးစံတုတ်သည် ယိုးဒယားဇာတ်ကြီး အတီး၊ အက၊ အဆိုတို့ကို သူတစ်ထူးထက် ဝိဇ္ဇာဓိုရ် နေသူဖြစ်၍၊ သဘင်မျိုးရိုးအတိုင်း အချိုးအစားကျကျ ကြီးပွားလာသူဖြစ်သည့်အပြင်၊ ရုပ်ဆင်း သဏ္ဌာန် ကြန်အင်္ဂါမှာလည်း မွန်ရည်လှပ၍ အသံအင်္ဂါမှာလည်း ပြည့်စုံသဖြင့် လက်ရွေးစင် သဘင်သည်တို့သာလျှင် ပါဝင်ကပြ ရမြဲဖြစ်သော နန်းတွင်းဇာတ်တော်ကြီးတို့တွင် သဘင်ဝန်၏ ရွေးချယ်ချက်ဖြင့် ပါဝင်ကပြရသည်။
ထိုသို့ အတွင်းတော်တွင် ပါဝင်ကပြရသည့် လက်ရွေးစင် ဇာတ်မင်းသားတစ်ဦး ဖြစ်သော ကြောင့်လည်း မင်းမိန်းမပိုင်းတွင် လူချစ်လူခင်ပေါများလှသဖြင့်၊ ရွှေနန်းတော်ပေါ်သို့ ဆုတော်ခံဝင်ရသောအခါများတွင် မောင်စံတုတ်၏ ပကတိမျက်နှာကို မိန်းမပရိသတ်အား ဖော်ပြ ခြင်းမပြုရ၊ မျက်နှာကိုပုဝါအုပ်၍ အခစားဝင်ရသည်ဟု ဆိုလေ သည်။
ဦးစံတုတ်သည် ကပြရာ၌ မတ်တတ်ရပ်ရင်းမှ ဘေးသို့ နောက်ပြန် စောင်းငဲ့ညွတ်၍ကရာ၊ သရဖူနှင့် မြေထိကြောင်း ဆိုကြသည်။ ဦးစံတုတ် ကပြပုံသည် အလွန်ညက်၍ ဦးစံတုတ် နောက်၌ ဦးစိန်အုပ် တစ်ဦးသာ ထိုသို့ ကပြနိုင်ကြောင်း ပြော ကြလေသည်။
ဦးစံတုတ်သည် လူကြမ်းဦးကြွင်း၊ ဆိုင်းဆရာ စိန်ဗေဒါစသော သဘင်သည်ကြီးများနှင့်အတူ ဦးစိန်အုပ်တည် ထောင်ခဲ့သော ဇာတ်ကြီးတွင်ပါဝင်ကာ ၁၂၆၃ ခုနှစ်၌ ရန်ကုန် မြို့ လျှော်တန်းဇာတ်ရုံကြီးတွင် အီနောင်ဇာတ်တော်ကြီးကို ၄၅ ရက်တိတိ ခင်းကျင်း ကပြခဲ့လေသည်။
ဦးဖိုးစိန်နာမည်တက်စ အခါက ဦးဖိုးစိန်သည် ဦးစံတုတ်ကို ဖက်ပြိုင်ခဲ့သည်။ သို့သော် ဦးစံတုတ်သည် ထီးမှီနန်းမှီဖြစ်၍ သူ၏ ဇာတ်တော်ကြီးအဖွဲ့က သာ မူမှန်အတိုင်းကပြနိုင်သည်။ ဦးဖိုးစိန်ကမူ ရှေးမူများကို တစ်နည်းတစ်ဖုံပြောင်းလဲကာ အသစ်အဆန်းထွင်၍ ကပြသည် ဟုဆိုလေသည်။ [၁]
ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
ခရက်ဒစ်…ဝီကီပီးဒီးယား