မြန်မာ့မီးရထားသမိုင်းကြောင်း

မြန်မာ့မီးရထားသည် အရှေ့တောင်အာရှ၌ အိန္ဒိယပြီးလျှင် အစောဆုံးဟု ဆိုရပေမည်။

မြန်မာ့မီးရထားသည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉နှစ်တွင်(၁၄၄)နှစ် ရှိခဲ့ပြီးဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံရထားလုပ်ငန်းများတွင် သက်တမ်းရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိပါသည်။

၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့ ရန်ကုန်ဘူတာကြီးတွင် ကြီးကျယ်စည်ကားသော အခမ်းအနားဖြင့် မီးရထားရုံတခုလုံး အလံဖြူ၊ အလံနီ၊ ပန်းနွယ်၊ ပန်းခက်များ စီချယ်ကာ နံနက် ၆ နာရီတွင် အမြောက်ကြီး၊ အမြောက်ငယ် ပစ်ဖောက်ကာ ဖွင်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

သုံးပြည်ထောင်ခရိုင် မဟာဝန်ရှင်တော်မင်းကြီး မစ္စတာသွန်ပဆင်နှင့် အထူးဧည့်သည်တော်များလိုက်ပါလာသည့် အထူးတွဲပါ လူစီး ၁၂ တွဲကို စက်ခေါင်းအမှတ် A.O1(မြန်မာအခေါ် အာဝါး ခေါင်းတွဲ) ကချိတ်ဆွဲ၍ ရန်ကုန်ဘူတာကြီးမှအင်းစိန်သို့ နံနက် ၆ နာရီတွင် ခုတ်မောင်းခဲ့သည်။

ကြည့်မြင်တိုင်နှင့် သမိုင်း ရုံတော်များတွင် ခေတ္တရပ်နားကာအင်းစိန်စက်ခေါင်းပြင်အလုပ်ရုံကို ကြည့်ရှုစစ်ဆေးကြပြီး ရန်ကုန်သို့ပြန်ရာ ည ၈ နာရီတွင် ချောမောစွာ ပြန်လည်ဆိုက်ရောက်ခဲ့ကြသည်။

၁၆၃ မိုင်အကွာအဝေးရှိ မီးရထားလမ်း၌လူသူနှင့် ကုန်စည်တင်ဆောင်ရန်ကိုမူ မေလ ၂ ရက်နေ့တွင် ဖွင့်လှစ်ပြီး၊ ရန်ကုန်ဘူတာကြီးမှ ပြည်မြို့အထိဘူတာစခန်းစဉ် ၁၇ ခု သတ်မှတ်ကာလူတဦးအတွက်ဘူတာစခန်းစဉ်တခုမှတခုသို့ စီးနင်းခပထမတန်း ၈ ပဲ၊ ဒုတိယတန်း ၄ ပဲ၊ တတိယတန် ၂ ပဲ ဖြစ်သည်။

ရန်ကုန်မှ ပြည်သို့ ပထမတန်းမှ လိုက်ပါလိုသူများအတွက် ၈ ကျပ် ၈ ပဲ၊ ဒုတိယတန်းမှ လိုက်ပါလိုသူအတွက် ၄ ကျပ် ၄ ပဲ၊ တတိယတန်းမှ လိုက်ပါလိုသူအတွက် ၂ ကျပ် ၂ ပဲ သတ်မှတ်ထားသည်။

အင်္ဂလိပ်တို့သည် နိုင်ငံရေး၊ စီးပွားရေး စီမံကိန်းများ အကျိုးအတွက် ရန်ကုန်-ပြည် မီးရထားလမ်းကို ဖောက်လုပ်ရန်ရှေးယခင်ကတည်းက ကြံစည်နေခြင်းဖြစ်ပြီး ဝန်ရှင်တော်မင်းကြီး ကာနယ်ဖိုက်ချ်ကဆင်းမလားရှိအိန္ဒိယဘုရင်ခံချုပ်လော့ဒ်မေယိုးထံသို့ ၁၈၆၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင်မီးရထားလမ်းနှင့် ပတ်သက်၍စာတစောင်ရေးပို့ခဲ့ရာ ဘုရင်ခံချုပ်ကလည်းထိုလမ်းစီမံကိန်းကိုနှစ်သက်ပြီး၊

ဗြိတိသျှပိုင် အောက်မြန်မာပြည်သည်အိန္ဒိယနှင့်အလှမ်းဝေး၍ ကိုက်အကျယ်ခြင်း မတူစေလို၊ စရိတ်အသက်သာဆုံးအပေါ့ပါးဆုံး ဖြစ်သော ကိုက်ကျဉ်းလမ်း ဖြစ်လျှင်အမြတ်ထွက်မည်ဟုယုံကြည်ကြောင်းစာပြန်ခဲ့သည်။

ထို့အတွက် ၁၈၆၄ ခုနှစ်ကတည်းက ရန်ကုန်-ပြည် ပေတရာလမ်းအတွက် ဖောက်လုပ်ထားသည့် လမ်းအူကြောင်းကို တာဘောင်လမ်းများ မြှင့်တင်ပေးကာ မျက်နှာပြင် ညီအောင် ညှိကာ အသုံးချခဲ့ခြင်းဖြစ်ပြီး၊ ၁၈၇၄ ခုနှစ်မှ စတင်ကာ ၃ နှစ်အတွင်း အပြီးဖောက်လုပ်ရန် လုပ်ခဈေးပေါသော အိန္ဒိယမှ ကုလားလုပ်သား အများအပြားကို အသုံးပြုခဲ့သည်။

လမ်းဖောက်လုပ်ရာတွင်ရှေးဟောင်းအမွေအနှစ် သရေခေတ္တရာမြို့ဟောင်းအစိတ်အပိုင်းအချို့ကိုဖြိုချဖောက်လုပ်ခဲ့ လေသည်။ထိုလမ်းအတွက် စုစုပေါင်း ကျပ်ငွေ ၁၁၇ ၅၃ ၀၀၀ ကုန်ကျပြီး ဧရာဝတီအစိုးရမီးရထားလမ်းဟုအမည်ပေးခဲ့သည်။

ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူအများဆက်သွယ်သွားလာရာ၌ လွယ်ကူသက်သာစေရန်၊ ရန်ကုန်မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီကပင် ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသဖြင့်ထိုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါ။

အိမ်စောင့်အစိုးရ လက်ထက်မှသာ မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်း စတင်၍ ၁၉၅၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ပြီးစီးခဲ့သည်။

၎င်းနောက် အစိုးရအဆက်ဆက်မှရထားလမ်းများကို ဆက်လက်ဖောက်လုပ်ခဲ့ရာ ၁၉၈၈ခုနှစ် မတိုင်မီ ရထားသံလမ်းမိုင် (၂၇၉၃)မိုင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလအထိ ရထားသံလမ်းမိုင် (၄၂၈၈)မိုင် အထိ ဖောက်လုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ရထားလမ်းသစ်များကိုလည်း National Railway Network အဖြစ် စီမံကိန်းချမှတ်၍ တိုးချဲ့ ဖောက်လုပ်လျက်ရှိပါသည်။

လက်ရှိအချိန်တွင် မြန်မာ့မီးရထားကို အရာထမ်း (၄၃၁) ဦးနှင့် အမှုထမ်း (၃၁၄၆၉)ဦး၊ စုစုပေါင်း (၃၁၉၀၀) ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်၍ စီမံခန့်ခွဲရေးအဖွဲ့ဝင် အေထြေထြ မန်နေဂျာ (၁၃) ဦးဖြင့်စီမံခန့်ခွဲလျက်ရှိပါသည်။

Credit to မူရင်း