မန္တလေး( မင်းတုန်းမင်းလက်ထက်)
နို့ထိန်းသည် အပျိုတော် မယ်ရွဲ မန္တလေးမှာရှိသည်မင်းတုန်းမင်းလက်ထက်-ကုန်းဘောင်ခေတ်တွင်ကုန်းဘောင်မင်းဆက် (၁၁) ဆက်ရှိရာ သတ္တမမြောက် ဘကြီးတော်မင်း ခေါ် စစ်ကိုင်းမင်းသည် မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်(ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်)တွင် အမရပူရမြို့ကို နန်းတက်စိုးစံခဲ့သည်။
ဘကြီးတော်မင်းသည် ပုဂံမင်း၊ မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ ဘကြီးတော်မင်းဟု ခေါ်သည်။ ဘကြီးတော်မင်းသည် အမရပူရမြို့ နန်းတက်စိုးစံတော်မူရာ နန်းစံ (၂) နှစ်နန်းစံပြီး မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်တွင် “အင်းဝ”ကို လေးကြိမ်မြောက်တည်ထောင်ပြီး နန်းစံသော ကြောင့် “ရတနာပူရစတ္တုမြို့တည်မင်း”ဟု ရာဇဝင်၌ ရေးထိုးမှတ်သားထားသည်။
မင်းသားဘဝတွင် စစ်ကိုင်းမြို့ကို မုန့်ဖိုးရသောကြောင့် လည်းကောင်း၊ နန်းတော်၌ ဖလ်မှန်များ စီချယ်ထားသောကြောင့် လည်းကောင်း၊ သမိုင်းတွင် ရေးထိုးမှတ်သားထားသည်။ ဘကြီးတော် မင်းလက်ထက်မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ် နယုန်လမှစ၍ မှန်နန်းတော်ဦးတွင်မြန်မာရာဇဝင် တော်ကြီးကို ရေးသားထားသောကြောင့် “မှန်နန်းရာဇဝင်” တွင်သည်။
ဘကြီးတော်မင်းသည် ညီတော် သာယာဝတီမင်းကို ထီးနန်းလွှဲအပ်သည်။ ထီးနန်းလွှဲအပ်ပြီး နောက်မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်သီတင်းကျွတ်လတွင် နတ်ရွာစံတော်မူသည်။ (ခရစ်နှစ် ၁၈၄၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ဖြစ်သည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ် (ခရစ်နှစ် ၁၈၇၃-၁၈၇၆) တွင် သာယာဝတီမင်းသည် အင်းဝမြို့နန်းတက်ပြီးနောက် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အမရပူရမြို့ကို အသစ်တည် ထောင်၍ ထီးနန်းစိုးစံသည်။
(ခရစ်နှစ် ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ရက်)မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် (ခရစ်နှစ် ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့) သာယာဝတီမင်း သည် အသက် (၆၀) ပြည့်နှစ် တန်ဆောင် မုန်းလပြည့်ကျော် (၁၄) ရက်သောကြာနေ့တွင် ကံတော်ကုန်သည်။ သာယာဝတီမင်း ကံတော်ကုန်သော် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် (ခရစ်နှစ် ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်)တွင် သားတော် ပုဂံမင်း အမရပူရမြို့နန်းတက် ထီးနန်းစံသည်။
ပုဂံမင်းသား အမရပူရမြို့ထီးနန်းစံချိန်တွင် ပုဂံမင်း၏ညီတော်များဖြစ်ကြသောမင်းတုန်းမင်းသား နှင့်ကနောင်မင်းသား ညီနောင်နှစ်ပါးသည် နောင်တော်ပုဂံမင်းအား ပုန်ကန်တော်လှန်ရန် ကြံစည် ကြသည်ကို ပုဂံမင်းသိတော်မူရာ ညီတော်မင်းသားနှစ်ပါးအား ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။
ဤတွင် မင်းတုန်းမင်းနှင့် ကနောင်မင်းသားနှစ်ပါးသည် နောင်တော်ပုဂံမင်း၏ မင်းပြစ်ဒဏ်မှ ကင်းလွတ်အောင် ခရစ်နှစ် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့တွင် အမရပူရမြို့တော်မှရွှေဘိုမြို့ သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
” ပုဂံမင်း၏ အထိန်းသည် အပျိုတော် မယ်ရွဲ ”
မြန်မာသက္ကရာဇ် ၁၂၀၈ (ခရစ်နှစ်- ၁၈၄၆ခုနှစ်နိုဝင်ဘာလ ၁၇ ရက်)တွင် သက်တော်၆၀အရွယ် သာယာဝတီမင်း ကံတော်ကုန်ရာ သားတော်ပုဂံမင်းသားသည် အမရပူရမြို့ထီးနန်းကို ဆက်ခံစိုးစံတော်မူသည်။
ပုဂံမင်းသားမှာ ခမည်းတော်သာယာဝတီမင်း၏ မိဖုရားခေါင်ကျပင်းမင်းသမီး၏ သားတော်ဖြစ်သည်။မင်းတုန်းမင်းသား နှက့် ကနောင်မင်းသားတို့မှာ သာယာဝတီမင်း၏ တောင်ဆောင်တော်မိဖုရားမှ ဖွားမြင်သောသားတော် များဖြစ်သည်။
ပုဂံမင်းသည် ငယ်စဉ်ကကျောက်ပေါက်ဖူးသဖြင့် ကျောက်ရူးရောဂါရှိသလိုသူ၏ဝါသနာမှာလည်းကြက်ငှက်မွေးမြူကာ တိရိစ္ဆာန်တိုက်ပွဲတို့ကိုသာ စွဲလန်းသဖြင့် မှုးမတ်များက ထီးနန်းနှင့်မထိုက်တန်ဟု ယူဆ၏။
ထိုသို့တိရိစ္ဆာန်ဖမ်းယူခြင်းတိုက်စေခြင်းကို ကျွမ်းကျင်သော ကုလားလူမျိုးဘိုင်ဆပ်ကို အမရပူရမြို့ဝန်အဖြစ်လည်းကောင်း သူ့တပည့်မောင်ပိန်(ဦးပိန်တံတားတည်ဆောက်ခဲ့သူ)ကို မြို့စာရေးအဖြစ်လည်းကောင်း သူကောင်းပြုထားရာ အများပြည်သူတို့မှာ သူတို့၏ ရမ်းကားနှိပ်စက်ထင်တိုင်းပြုမှု့ကိုခံနေကြရရှာသည်။
သို့သော်လည်းပုဂံမင်းမှာ အပျော်အပါးကြက်ငှက်တိုက်ပွဲများကိုသာအာရုံထား၏။ထို့ကြောင့်လည်း တိုင်းပြည်တွင် ဘုရင့်
ယောက်ဖတော်မောင်ကျောက်လုံး၊ အတွင်ဝန်ဦးပွား၊မြို့ဝန်ဘိုင်ဆပ်တို့မှာ ပုဂံမင်း၏ လက်ရုံးတော်ကြီးများဖြစ်ပေသည်။
ယောက်ဖတော်မောင်ကျောက်လုံးမှာ မင်းသားအဆောင်အယောင်ရရှိထားသူဖြစ်ပြီး အပျော်အပါးကိစ္စများကြောင့် သမိုင်းတွင်သူလည်းဖြစ်သည်။သူ၏အလှူအတန်းတို့တွင် သေရည်သေရက်နှင့်အခြားဒုစရိုက်ဒါနများကိုပါ ထည့်သွင်းပါဝင်စေသည်။
နန်းတက်ပြီးနောက်နံနက်တိုင်း ပုဂံမင်းက သူဝါသနာပါရာ တိရိစ္ဆာန်တိုက်ပွဲအစီအစဉ်ကိုမေးမြန်းပြီးမှ(အရေးကြီးသောအမှု့ရှိသလား ညီလာခံထွက်ရန်လိုသေးသလား)ဟုမေးမြန်းကာ ထိုပွဲများကိုသာ ကျင်းပပျော်ပါးလေ့ရှိသည်။
ထိုအခါ မောင်ကျောက်လုံးနှင့်အတွင်းဝန်ဦးပွားတို့ကလည်း အခြေအနေအရ အကြောင်းရှိမရှိ သင့်တော်သလိုလျှောက်ထားကြရ၏။မောင်ကျောက်လုံး ဦးပွား နှင့် ဘိုင်ဆပ်တို့သာလျှင် အတွင်းတော်သို့ဝင်ရောက်ခစားနိုင်သည်ဖြစ်ရာ အခြားမှုးကြီးမတ်ကြီးတို့မှာ ညီလာခံဆောင်မှစောင့်ဆိုင်းနေကြရသော်လည်းဘုရင်ထွက်တော်မမူသဖြင့် နောက်ပိုင်းတွင် ညီလာခံကိုဦးပွားအိမ်၌ပင် လုပ်ခဲ့ကြရသည်ဟု ဆို၏။
အတွင်းဝန်ဦးပွားသည် ဝန်ထောက်တစ်ဦးနှင့်နာခံတော်တစ်ဦးတို့အား မကျေနပ်သဖြင့် ထိုသူတို့မှာ ဘေးမဲ့တောင်သမန်အင်းမှ ငါးများဖမ်းယူသည်ဆိုကာ ပုဂံမင်းအားလျှောက်ထားသောကြောင့် ထိုသူများမှာရာထူးမှပြုတ်ရုံသာမက ထောင်သွင်းအကျဉ်းချထားခံရသည်။
ထို့ကြောင့်အမိန့်တော်မှန်သမျှ မောင်ကျောက်လုံးနှင့်ဦးပွားတို့အလိုကျ ခံရသည်သာများ၏။ပုဂံမင်းနန်းတက်သော ၁၈၄၆ခုနှစ်ကပင် တောလိုက်မုဆိုးဘိုင်ဆပ်သည်အမရပူရမြို့ဝန်ဖြစ်လာပြီး ချိုး၊ခါ၊ကြက်၊သိုး၊ဆိတ်၊လိပ်စသော တ်ိရိစ္ဆာန်တိုက်ပွဲများကျင်းပပေးရသူဖြစ်ပြီးရှင်ဘုရင်က မှုးမတ်များဖြင့်အလောင်းအစားလုပ်ရာတွင်ဘိုင်ဆပ်က ဘုရင့်ဘက်မှနိုင်ရာနိုင်ကြောင်းလုပ်ဆောင်ပေးနိုင်သဖြသ့် မြို့ဝန်၏တန်ခိုးသြဇာကြီးမားလာသည်။
ပုဂံမင်းကြက်တိုက်နေစဉ် ဘိုင်ဆပ်ကထင်ရာစိုင်းတော့၏။
သူ့တပည့် လူမိုက်များကို ဘိုင်ဆပ်ကရာထူးနေရာကောင်းများပေးထားပုံမှာ ၁။မြို့စာရေးမောင်ပိန် ၂။တံခါးနီမှုး ရွှေဘော် ၃။စျေးခေါင်း ငမှုံ ၄။ထန်းခေါင်းငရှင်ကလေးစသည်တို့ဖြစ်သည်။
ပြည်သူလူထုထံမှ စီးပွားရေးချောင်လည်သူတို့ကို ဘိန်းထုပ်ပစ်ကာ အမှု့ဆင်၍ဖမ်းခြင်း၊ငွေပေးမှ လွှတ်ခြင်း၊အမှု့ကြီးငယ်အလိုက် တံစိုးလက်ဆောင်ပေးနိုင်လျှင် လွတ်စေ၏။ထို့ကြောင့်နေပြည်တော်၌ ဘိုင်ဆပ်နှင့်ပက်သက်၍ စာချိုးကြပုံမှာ…
မျိုးနွယ်မတူ ဘယ်ကလူ
ပြည်သူပွက်အောင် ထားပါလိမ့်
ချိုးကြက်တည်ရာ တွေ့ခဲ့ပါ
ပြည်တော် ဘယ်မှာ သာပါလိမ့်။
အဆိုပါ ဘိုင်ဆပ်တို့အဖွဲ့က မြန်မာအမျိုးသမီးများကိုလည်း များစွာဖျက်ဆီးနေကြသဖြင့် အမရပူရသူတို့သတိနှင့်နေရသလို အချို့မှာမြို့တော်မှ တိမ်းရှောင်ကြရရှာသည်။သို့သော် ဘိုင်ဆပ်ဆလံသရသူမှာ မင်းသားမောင်ကျောက်လုံးပင်ဖြစ်သည်။ ဘိုင်ဆပ်အဖွဲ့၏ကာမသောင်းကျန်းမှု့ကို လက်စားချေသည့်အနေဖြင့် မောင်ကျောက်လုံးက ဘိုင်ဆပ်သမီးကို မရအရချိုင်သည်။
ခဲရာခဲဆစ်ကြံစည်ကျင့်ကြံရခြင်းဖြစ်လေရာ ဘိုင်ဆပ်ကဘုရင်ထံတိုင်ကြားမည်ကို သိသဖြင့် မောင်ကျောက်လုံးက သူ၏အမတော် မိဖုရားခေါင်ကြီးထံ ဦးစွာလျှောက်တင်ထား၏။
ဘိုင်ဆပ်က သူ့သမီးအမှု့ကိုတင်လျှောက်ရန် ညီလာခံသို့ဝင်လာသောအခါ ပုဂံမင်းကပင်စတင်၍ “အမယ်…မောင်ကျောက်လုံးယောက္ခမကြီးကလည်း အခစားစောလှပါကလား”ဟုမိန့်ဆိုသဖြင့် ဘိုင်ဆပ်လည်း နာလိုခံခက်စွာဖြင့် သူ့သမီးကို မောင်ကျောက်လုံးအားဆက်သလိုက်ရသည်။
ဘိုင်ဆပ်၏ လက်ထောက် မြို့စာရေးမောင်ပိန်သည်တောင်သမန်အင်းကိုဖြတ်ကာ အင်းဝနှင့်စစ်ကိုင်းရှိနန်းတော်ဟောင်းများမှ သစ်လုံးများကိုအခမဲ့ဖြတ်ယူကာတံတားတည်ဆောက်ခဲ့ခြင်းမှာလည်း တောင်သမန်အင်းတစ်ဘက်ရှိ ကုလားရွာများမှ ရွှေမြို့တော်တွင်အာဏာသိမ်းလိုသည့်အခါ လွယ်ကူလျင်မြန်စွာ လာရောက်ကူညီိနိုင်ရန် ရည်ရွယ်ကြောင်းအဆိုရှိ၏။
နောက်ဆုံးတွင်ပုဂံမင်းသည် အိပ်မက် အရ မြောက်စမုတ်၌ရုပ်စုံပွဲခံကာကြည့်တော်မူရာ ဘိုင်ဆပ်နှင့်သူ့တပည့်ငပိန်တို့၏ နန်းတော်အနောက်ဆောင်အထိ ကျုးကျော်မှု့တို့ကို သိမြင်လာသဖြင့် ငပိန်ကိုခေါ်ယူစစ်ဆေးရာ ဘိုင်ဆပ်၏မကောင်းမှု့များတသီတတန်းပေါ်လာလေသည်။
ဘိုင်ဆပ်မြို့ဝန်လုပ်သည့်အတွင်း လူ၃၀၀၀ခန့် ညှဉ်းပမ်းသတ်ဖြတ်ခံခဲ့ရသည်။ထို့ကြောင့် ဘိုင်ဆပ်နှင့်အပေါင်းပါများဖြစ်သော တံခါးနီမှုးငရွှေဘော်နှင့်စျေးခေါင်း ငမှုံတို့ကိုလည်း တစ်ပါတည်းကွပ်မျက်ခဲ့လေသည်။
ဘိုင်ဆပ်ကို ငပိန်မွှေလို့
သေပါစေ သည်မျက်ပြဲ
လူတိုင်း ကော်လို့ဆဲ။ ဟူ၍ စာချိုးရှိလေသည်။
၁၈၅၂ ဧပြီလမှစတင်ကာ ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲတွင် အပျော်ကြူးနေသောပုဂံမင်းနှင့်အတွင်းဝန်ဦးပွားတို့၏ စစ်လိုလားသောအုပ်စုကြောင့်အောက် မြန်မာနိုင်ငံကိုလက်လွှတ်ဆုံးရှုံးခဲ့ရပြန်သည်။
ထိုအရေးတွင်လည်း မင်းတုန်းမင်းသားသည် အင်္ဂလိပ်တို့၏ မတရားမှု့ကိုသိသလို စစ်အင်အားကိုလည်းသိသဖြင့် လောလော ဆယ်တွင် စစ်မပြုသေးပဲ အင်္ဂလိပ်ကိုအလျော့ပေးစေ့စပ်စေလိုသည်။ထို့ကြောင့်လည်း မဆင်မခြင်စစ်တိုက်ခဲ့သည့် ပုဂံမင်း၏အုပ်စုက မင်းတုန်းမင်းသားအားထောက်ခံသည့် ဝန်ကြီးဦးကြာဥတို့အုပ်စုကိုအပြစ်ရှာနေလေသည်။
ထိုအတောအတွင်း ပုဂံမင်းသည် ငယ်စဉ်မင်းသားဘဝကထိန်းကျောင်းခဲ့သူ အပျိုတော်မယ်ရွဲဆိုသူအားထီးနန်းရသည့်အခါ မြို့စားရွာစားပေးကာ အိမ်ဆောင်မကွန်းစင် ခွင့်ပြုမြှောက်စားထားလေသည်။
တစ်ညတွင် မယ်ရွဲ၏ ညီမ မယ်ဖဲ၏အိမ်ကို ဓါးပြတိုက် မှု့ဖြစ်ပွားရာ ထိုဓါးပြမှု့တွင် မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့၏ ကျွန်တော်မျိုးများပါဝင်သည်ဟူ၍ အကွက်ဆင်ကာ အိမ်တော်သားများကိုဖမ်းဆီးလေသည်။
ထို့ကြောင့် ကနောင်မင်းသားနှင့်အကြီးတော်ဦးရန်ဝေးတို့သည် မိမိတို့အပေါ်ပုဂံမင်း၏ဘက်မှအမှု့ရှာနေသောအဖြစ်ကိုသိမြင်၍ မင်းတုန်းမင်းသားထံလျှောက်ထားကြသည်။
ပုဂံမင်း၏ နှမတော်ရင်းစကြာဒေဝီမင်းသမီးကလည်း ပုဂံမင်းဘက်သားများ၏ အကြံအစည်ကိုမင်းတုန်းမင်းသားထံ တိတ်တဆိတ်သတင်းပို့ပြန်ရာမင်းတုန်းမင်းသားသည် နောင်တော်ပုဂံမင်းကိုပုန်ကန်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
ထိုမျှနေပြည်တော်အတွင်း ဗရုတ်သုက္ခဖြစ်နေချိန်တွင် ညီတော်များဖြစ်သည့် မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့ကိုလည်း အကွက်ဆင်ကာ ဖမ်းဆီးရန်ကြံစည်သဖြင့် ၁၈၅၂ခုနှစ်ဒ်ီဇင်ဘာလ၁၈ရက်နေ့၌မင်းသားညီနောင်နှစ်ပါးသည် အမရပူရနေပြည်တော်မှရွှေဘိုသို့ထွက်ပြေးတိမ်းရှောင်ကာ လူသူစုဆောင်း၍အောင်မြေနင်းပြီးနောက် ပုဂံမင်းအားတော်လှန်ခဲ့သည်။
သက္ကရာဇ်၁၂၁၄ခုနှစ်(ခရစ်နှစ်-၁၈၅၂)တွင် အမရပူရမြို့ကို မင်းတုန်းနှင့်ကနောင်မင်းသားတို့တပ်များ ရက်ပေါင်း၄၀ကျော်ဝိုင်းရံထားကာ ကျဆုံးချိန်၌ အတွင်းဝန်ဦးပွားလည်း ကွပ်မျက်ခံရသည်။
မြို့တော်ကိုသိမ်းပိုက်ခဲ့ပြီးနောက် နောင်တော်ပုဂံမင်းကို နန်းချပြီး အမရပူရထီးနန်းကို လွှဲယူပြီးနောက်သက္က္ကရာဇ်၁၂၁၄ခုနှစ် တပေါင်းလဆန်း၁၃ရက်ကြာသာပတေးနေ့တွင် အမရပူရမြို့တော်၌ မင်းတုန်းမင်းနန်းတက်ခဲ့သည်။
ပုဂံမင်း၏ နှမတော်စကြာဒေဝီကိုပင် မိဖုရားခေါင်ကြီးတင်မြှောက် တော်မူသည်။နောင်တော်ပုဂံမင်းကိုလည်း အကျဉ်းချထားခြင်းမပြုပဲ နန်းတွင်း၌ပင်အိမ်တော်သီးခြားဖြင့် လွတ်လပ်စွာနေထိုင်စေပြီး လိုအပ်သမျှပေးကမ်းထောက်ပံ့ကာကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။
ထို့နောက်မင်းတုန်းမင်းသည် နောင်တော်ပုဂံမင်းလက်ထက်တွင် အမှု့ထမ်းရွက်ခဲ့ကြသော မှုးမတ်အရာရှိများ အမှု့ထမ်းများအားလုံးကို မိမိ၏ထီးရိပ်နန်းရိပ်တွင်ဆက်လက်အမှု့ထမ်းလိုက ထမ်းရွက်နိုင်ကြောင်း အမှု့မထမ်းပဲ နှုတ်ထွက်လိုက နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်တော်ချမှတ်သည်။
ဤတွင် မင်းတုန်းမင်းကြီးထံတွင်ဆက်လက်အမှု့ထမ်းလိုများလည်း အမှု့ထမ်းရွက်ကြကာ မင်းတုန်းမင်းအား သစ္စာတော်ပေးပြီး အမှု့ထမ်းအဖြစ်မှနှုတ်ထွက်ကာ သာမန်အရပ်သားအဖြစ်နေထိုင်ကြသည့်သူအချို့တွင် ပုဂံမင်း၏ အထိန်းတော်ဖြစ်သူ အပျိုတော်မယ်ရွဲလည်း ပါဝင်လေသည်။
မင်းတုန်းမင်းကြီးကမယ်ရွဲကို စားဝတ်နေရေးပြေလည်စေရန် ထိုက်တန်သောအသပြာငွေကြေးချီးမြှင့်ပေးအပ်ကာ သစ္စာတော်ပေး၍ မိမိရပ်ရွာဇာတ်ိသို့ ပြန်စေသည်။
သို့ဖြင့် မယ်ရွဲသည် မိမိမွေးဇာတိဖြစ်သော ပေါက်မြိုင်ရွာတွင် နောက်ဆုံးခေါင်းချသည်အထိ အေးဆေးစွာနေထိုင်သွားခဲ့သည်။ထို ပေါက်မြိုင်ရွာမှာ မန္တလေးတောင်၏မြောက်ဘက် ၂မိုင်ခန့်အကွာ မိုးကုတ်သွားသောကားလမ်းမကြီး၏ အနောက်ဘက်တွင်တည်ရှိသည်။
ပေါက် မြိုင်ရွာဝန်းကျင်တွင် နန္ဒာ(တောင်)ရွာ၊နန္ဒာ(မြောက်)ရွာ၊တောင်ကပိုင်ရွာ၊မြောက်ကပိုင်ရွာ၊ အနောက်ဘက်တွင် သမင်ခြံရွာ၊ပေါက်ဝဲရွာတို့ ကပ်လျှက်တည်ရှိသည်။ရှေးခေတ်ကာလက ဘုရင်မင်းမြတ်နှင့် မင်းဆွေစိုးမျိုးတို့သာလျှင်အများအားဖြင့် ဘုရားစေတီများတည်ထားခဲကြ သော်လည်းသာမန်အရပ်သူတစ်ဦးအဖြစ်မင်းမှု့ထမ်းဘဝမှ နှုတ်ထွက်ခဲ့သော ပုဂံမင်း၏ အထိန်းတော်အပျိုတော်ကြီးမယ်ရွဲသည် မိမိဇာတိရွာအနီးတွင် ရေရှည်တည်တံ့ကိုးကွယ်နိုင်ရန် ဘုရားစေတီတစ်ဆူနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းကိုပါ တည်ဆောက်လှူဒါန်း ကိုးကွယ်ခဲ့ပါသည်။
ပေါက် မြိုင်ရွာ၏ အရှေ့ဘက် နန္ဒာ(မြောက်)ရွာ၏မြောက်ဘက်အစပ်၌ မြန်မာသက္ကရာဇ်၁၂၁၈(ခရစ်နှစ်-၁၈၅၆)ခုနှစ်တွင် ဥာဏ်တော်အမြင့်အတောင်၄၀ရှိသောဘုရားစေတီကိုလည်းကောင်း စေတီတော်ကြီး၏မြောက်ဘက်တွင် အုတ်တိုက်ဘုန်းင်္ကြီးကျောင်းကိုလည်းကောင်းလှူဒါန်းခဲ့လေသည်။
စေတီတော်၏ဘွဲ့အမည်မှာ”မယ်ရွဲ ဘုရား”ဟုတွင်ကာ ဘုန်းတော်ကြီးကျောင်းမှာလည်းမယ်ရွဲကျောင်းတိုက် (သီရိနန္ဒာကျောင်းတိုက်)ဟုယခုခေါ်ဆိုကြလေသည်။မယ်ရွဲဘုရားသည် မြန်မာသက္ကရာဇ်၁၂၂၁(ခရစ်နှစ်-၁၈၅၉)တွင်တည်ထောင်သောမန္တလေးရတနာပုံမြို့တော်ထက် သုံးနှစ်စောပြီးတည်ခဲ့သည့်စေတီတော်တစ်ဆူဖြစ်ပေသည်။
ထိုသို့ နောင်တော်ပုဂံမင်း၏ အထိန်းတော်အပျိုတော်ကြီးမယ်ရွဲမှာ မင်းမှု့ထမ်းအဖြစ်မှနှုတ်ထွက်ကာသာမန်အရပ်သူတောင်သူတစ်ဦးအဖြစ်နေထိုင်ရင်းမိမိဇာတိရပ်ရွာတွင် ဘုရားတည်ကျောင်းဆောက်သည်ကိုဘာသာသာသနာကိုအလွန်အားပေးချီးမြှင့်သည့် မင်းတုန်းမင်းကြီး ကြားသိရသောအခါ များစွာအားရတော်မူကာ ထိုစေတီတော်အနီးဝန်ကျင်အား ဘေးမဲ့ဒေသအဖြစ်သတ်မှတ်ပေးကာ မယ်ရွဲကိုလည်းဆုတော်လာဘ်တော်များထပ်မံ ချီးမြှင့်တော်မူခဲ့သည်။
ယခုအခါ စေတီတော်မြောက်ဘက်မယ်ရွဲမူလလှူဒါန်းခဲ့သောကျောင်းတိုက်ကြီးကို မကြာသေးခင်နှစ်များကပင်ပျက်စီးလုနီးအခြေအနေကြောင့် ဖျက်၍အသစ်ပြန်လည်တည်ဆောက်ခဲ့သော်လည်း ကျောင်းဝန်းအတွင်း မူလအုတ်တိုက်ဟောင်း အကြွင်းအကျန်များနှင့် ကျောင်းတိုက်ပေါ်တွင် ရှေးဟောင်းစာတိုက်သေတ္တာများ ကုန်းဘောင်ခေတ်လက်ရာပစ္စည်းများကျန်ရှိနေသေးကြောင်းသိရသည်။ ဘုန်းကြီးကျောင်းတံတိုင်းကိုပင် မြေမှတစ်ဝက်ခန့်ပေါ်နေသေးသည့် မူလမဟာရာမ်တံတိုင်း အုတ်နံရံထူကြီးပေါ်တွင် တံတိုင်းခတ်ထား၏။
မယ်ရွဲဘုရား၏ တောင်ဘက်တန်ဆောင်းတွင်း၌ ဘုရားဒါယကာမ မယ်ရွဲ၏ပုံတူရုပ်တုလည်းထားရှိပြီး တောင်ဘက်ရင်ပြင်တော်ပေါ်တွင် မယ်ရွဲဘုရားသမိုင်းကျောက်စာကိုလည်းစိုက်ထူထားသည်။
စေတီတော်၏ အနောက်ဘက်အဝင်အုတ်လမ်းထိပ်၌ ကုန်းဘောင် ခေတ်လက်ရာ ခြင်္သေ့ရုပ်ကြီးမှာယိုယွင်းပျက်စီးနေပြီဖြစ်ပြီး စေတီတော်၏ အရှေ့ဘက်မုခ်အဝင် မြောက်ဘက်လှည်းလမ်းဘေးတွင် မင်းတုန်းမင်းကြီးက “မယ်ရွဲဘုရား”ဒေသနယ်မြေကို ဘေးမဲ့တောအဖြစ် သတ်မှတ်ပေးခဲ့သော မူလကမ္ဗည်းကျောက်စာတိုင်ကိုလည်း ယခုတိုင်တွေ့မြင်နိုင်သေးကြောင်း သိရှိရပါသည်။
အမရပူရမြို့ထီးနန်းစံ ပုဂံမင်း၏ အထိန်းတော်အပျိုတော် မယ်ရွဲ၏ ကောင်းမှု့စေတီတော်၏ သက်တမ်းမှာ နှစ်ပေါင်း၁၆၀ကျော်ကြာရှည်ခဲ့သည့် ကုန်းဘောက်ခေတ်၏ ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူအဖြစ် ပုသိမ်ကြီးမြို့နယ် နန္ဒာ(မြောက်)ရွာတွင် ယနေ့တိုင်ဖူးမြော်နိုင်ပါသည်။ ။
စာကိုး။ ညိုမြ”ကုန်းဘောင်ရှာပုံတော်”
တိုက်စိုး”မင်းတုန်းမင်း”
နဂါးဗိုလ်မောင်မောင်သက်”သမိုင်း ပုံရိပ်”တို့မှ ထုတ်နှုတ်ဖော်ပြပါသည်။
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်