သန်လျက်သန်လျက်ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များကိုင်စွဲရသောလက်နက် မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားများတွင် အသုံးပြုရသော လက်နက်ဖြစ်သည်။
မင်းမြှောက်တန်ဆာငါးပါးတွင် သန်လျက်သည် တစ်ပါးအပါအဝင်ဖြစ်သည်။မင်းခမ်းတော်များတွင်လည်း သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ်တွေ့ရသည်။
ထို့ကြောင့် `လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက်လျှပ်လျှပ်၊သားမြီးယပ်နှင့်´ စသည် ဖြင့်စပ်ဆိုခဲ့ကြသည်။
သို့သော်လည်းဘုရင်၏ ခွင့်ပြုချက်ဖြင့် သူရဲကောင်းတို့ကိုင်စွဲရပုံကို ရာဇဝင်သမိုင်းတွင် တွေ့ရှိရပြန်လေသည်။
နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည်ဒုတိယနရပတိစည်သူ လက်ထက်တော်တွင်သူရဲကောင်းရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ငုပ်ပြီးသော် မင်းကြီး၏ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သောမိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။
နရသူမင်းလက်ထက်တွင်လည်း မိမိ၏သန့်သက်ရေ မဆောင်သောကြောင့် ရွှံရှာသဖြင့် မချဉ်းမကပ်နေသော ခမည်းတော်လက်ထက်က ဆက်လာသည့် ကုလားမင်းသမီးကို အမျက်တော်ရှိကာ သန်လျက်ဖြင့် ခုတ်သတ်ခဲ့၏။
ထိုအကြောင်းကို မင်းသမီး၏ခမည်းတော် ဝေသာလီပြည်မှကုလားမင်းကြီး ကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကိုရွေး၍ ပုဏ္ဏားယောင်ဆောင်စေကာ ပုဂံသို့စေလွှတ်သည်။
နန်းတော်သို့ရောက်လျှင် နရသူမင်းကြီးကို မြေဇာမြက်နှင့်ခရုသင်းကမ်းဟန်ပြု၍ ပတ်ပတ်လည်ဝိုင်းရံကာသန်လျက် (ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီး မိမိတို့ကိုယ်ကိုလည်းအဆုံးစီရင်ခဲ့ကြပေသည်။
သန်လျက်ကိုထိုးရာ၌၎င်း ခုတ်ရာ၌၎င်းအသုံးပြုသည်။ သန်လျက်လုပ်သောသံသည် အလွန်ကောင်းမွန်ရ၏။ ရှေးကသံကောင်းကို တစ်ဖန်ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ်စိမ်ပြီးမှသန်လျက်ကောင်း ဓားကောင်းလုပ်ရသည်ဟု အဆိုရှိသည်။
ထို့ကြောင့် သန်လျက်သည် ထက်မြက်လွန်း၍ ဆင်ပေါက်လည်တိုင်ကိုပင် ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာပြုခဲ့ကြပေသည်။
သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟုဆိုခဲ့သောကြောင့် သန်လျက်နှင့်ဓားကို ပေါင်းစပ်ကာ ”သန်လျက်ဓား” ဟုလည်း သုံးခဲ့ကြသည်။
အသွားနှစ်ဖက်ရှိသေ ာသန်လျက်အစစ်ကိုသာ သန်လျက်ဓားဟုခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင်သန်လျက်ဓားဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။
စာလုံးပေါင်း သတ်ပုံသန်လျက်ကို `သံလျှက်၊ သန်လျက်၊ သန်လျှက်´ဟူ၍ အမျိုးမျိုးစာလုံးပေါင်းတတ်ကြသည်။
သံလျှက်ဟု အသုံးပြုကြခြင်းမှာ `သံဖြင့်ပြုလုပ်ထားသော အပြားတစ်မျိုး´ ဟုကောက်ယူလိုသည့် သဘောဖြင့်သုံးဟန်တူသည်။
စင်စစ်”သံ”မဟုတ်မူဘဲ သန်သာအမှန်ဖြစ်သည်။ ကဝိလက္ခဏာသတ်ပုံ၌ ”ရှင်ဥပနန်၊ပဋိဘာန်၊ထားသန်လျက်ပမာ”ဟု ပြဆိုခဲ့သည်။
တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ဝေဿန္တရာပျို့တွင် ”ကိုင်ငင်စွဲလျက်၊ ရွှေသန်လျှက်တည့်” မန်လည်ဆရာတော်၏ မဟာသုတကာရီ-မာဃဒေဝလင်္ကာသစ်၌ ”ဤဓားသန်လျှက်၊ ငါ့ကိုဆက်ဟု၊ တုပ်လျက်နားတော်”စသည်ဖြင့် ”လျက်” နှင့် ”လျှက်” ကိုခွဲထားစပ်ခဲ့သည်လည်းရှိ၏။
သို့သော်လည်း”လျက်”မှဟထိုး”တိုးကာလျှက်”ဖြစ်လာပုံရ၍”သန်လျက်”သာအမှန်ဟုယူသင့်ပေသည်။
သန်လျက်၏ရင်းမြစ်ကိုရှာလျှင်သက္ကတဘာသာစကား”ၐလျက”ကိုတွေ့နိုင်သည်။”ၐလျက”သည်ပါဠိ”သလ္လ”နှင့်အနက်သဘောခြင်းတူသည်။ဖြူကောင်-ဆူး၊မြားဦးစသောအသွားထက်သည့်အရာကိုခေါ်ပေသည်။
”ၐလျက”မှ”သလျက်”၊”သန်လျက်”ဟုဟုကြားဆက်(န်)တိုးကာပျက်ယွင်းလာသည်ဟုယူဆရသည်။
ဟယ်လီဒေး၏မွန်-အင်္ဂလိပ်အဘိဓာန်တွင် a two edge dswordordagger(အသွားနှစ်ဖက်ရှိသောဓား)ဟု အနက်ဖွင့်ဆိုထားသည်။ မြန်မာတွင်လည်းရ-ကောက်နှင့်လတို့ပြောင်းလဲနိုင်သည့်အလျောက် ”သန်လျက်” ဟုအသုံးပြုခဲ့ကြခြင် းဖြစ်ပေသည်။
သန်လျက်သည် အသွားနှစ်ဖက်ရှိသည့်အလျောက်၊သန်လျက်ဦး၊ သန်လျက်စွန်းသည် နှစ်ဖက်ညီစွာချွန်၍ သွားသည်။
သို့ဖြစ်၍ နှစ်ဖက်ညီစွာချွန်ထွက်နေသည့် ရတနာပူရအင်းဝမြေအခုံကို ”သန်လျက်ခုံ၊ သန်လျက်စွန်း” ဟုတင်စားသုံးနှုန်းခဲ့ကြပေသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်တွင်လည်း ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ အစွန်းကို ”သန်လျက်စွန်း” ဟု အမည်တွင်လေသည်။
သန်လျက်ဟူသည်ကား လက်နက်အထူးတည်း။ သန်လျက် ၂ မျိုးရှိသည်။ တစ်ဖက်သာအသွားရှိသော ဧကတောဓာရသန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရသန်လျက်ဟူ၍လည်းကောင်း၊
ဦးဖျားစဉ်းငယ်ညွတ်သော ဤသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ်အတိုင်း ဦးဖျားသေးသောဥဇုဂ္ဂသန်လျက် ဟူ၍လည်းကောင်း နှစ်မျိုးခွဲကြသည်။
သန်လျက်၏ အသွားအလျားပမာဏသည် သုံးဆယ့်သုံးသစ်၊အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌လာသည်။
Credit ;မူရင်း