သမိုင်းထဲက ပျောက်ဆုံးနေတဲ့ ကျန်းစစ်သားမင်းကြီး ရဲ့ အရိန္ဒမာလှံတော်

သိကြားမင်း သည် ဘီစီ ၆၀၆ ခုနှစ် တွင် ဒဂုန်၌နန်း တက်ခဲ့သည့် ဒဂုန်မင်းဆက် ၏ ၃၂ ဆက်မြောက် ဘုရင် ဥက္ကလာပ မင်းကြီး ၏ ခမည်းတော် ဖြစ်သည် ဟု ဆိုသည်။

သိကြားမင်း နှင့် ကြင်ယာတော် မယ်လမုတို့ မှ ဥက္ကလာပမင်းကြီး ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည် ဟု ဆို၏။ရွှေတိဂုံစေတီတော် တည်စဉ် ကလည်း သိကြားမင်း သည် သားတော် ဥက္ကလာပမင်းကြီး ၊ ကုန်သည်ညီနောင်တို့နှင့် အတူ ပါခဲ့သေး သည်။

သိကြားမင်း၏ အရိန္ဒမာလှံတံကို အစောဆုံး ဆက်သခံခဲ့ရသူမှာ ဒွတ္တဘောင်မင်း ဖြစ်သည် ဟု ဆိုပါ သည် ။ဒွတ္တဘောင် သည် သိကြားမင်းနှင့် အတော်အတန် ရင်းနှီးသူဟု ဆိုနိုင် ပါသည် ။ အဘယ်ကြောင့်ဆိုသော် ဘုံအဆင့်ဆင့်ပါ နန်းတော် ၃ ဆောင် ပြီးစီးချိန်တွင် သိကြားမင်းကိုယ်တိုင် ဒွတ္တဘောင်မင်း၏ လက်ကို ဆွဲလျက် နန်းတင်ပေး ခဲ့ခြင်း ဖြစ်သည် ။

ထိုစဉ်တွင် သိကြားမင်း က ဒွတ္တဘောင်အား အရိန္ဒမာ လှံတံကို ပေးအပ်ခဲ့ခြင်း ဖြစ်သည် ။အရိန္ဒမာ သည် ပုဂံခေတ်ဦး တွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ပုဂံတွင် မင်းလောင်းပေါ်နေသည်ကို သွားရောက်ကြည့်ရှုလိုသည့် ကွမ်းဆော်လုလင်အား အဘိုးအိုယောင်ဆောင်ထား သည့် သိကြားမင်းက မြင်းကိုပေးအပ်ရာတွင် အရိန္ဒမာလှံတံ လည်း ပါဝင်ခဲ့ သည် ။

ကွမ်းဆော် လုလင် သည် ကျောင်းဖြူမင်းအဖြစ် ပုဂံတွင် ထီးနန်းစိုးစံခဲ့ပြီးနောက် နန်းကျသွားသော အခါ အရိန္ဒ မာလှံတံက သားတော် အနော်ရထာမင်းထံ သို့ ရောက်ရှိသွားပါသည်။စုက္ကတေးမင်းက အမိကွဲ ညီတော် အနော်ရထာ မင်းသားအပေါ် မောက် မာစော်ကား လာသည် ကို နန်းကျဘုရင် ကျောင်းဖြူမင်းက မကျေမနပ်ဖြစ် ကာ တန်ခိုးထက်လှသော အရိန္ဒမာလှံတံကို သားတော် အနော်ရထာထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အနော်ရထာ လက်ထက် တွင် အရိန္ဒမာလှံတံက အထူးထင်ရှား ခဲ့သည် ။ ထို့ကြောင့်လည်း အရိန္ဒမာလှံတံအကြောင်း နှောင်းခေတ်ပြည်သူတို့ သိရှိလာခဲ့ရခြင်း ဖြစ်သည်။ အနော်ရထာ ဘုရင်ဖြစ်လာပြီးနောက် ဥဿာပဲခူးမှပြန် လာသော ကျန်စစ်သားအပေါ် မဏိစန္ဒာမင်းသမီးနှင့် ပတ်သက်၍ သံသယရှိ အမျက်တော်ရှကာ အရိန္ဒမာလှံတံဖြင့် ပစ်လိုက်သည် ။

ဤတွင် အရိန္ဒမာလှံတံက နှောင်ကြိုး ကို ထိမှန်ပြတ်တောက် သွားရာ ကျန်စစ်သား က လှံတံ ကို ကောက်ယူပြေးတော့သည် ။ သို့ဖြင့် အရိန္ဒ မာလှံတံသည် ကျန်စစ်သားလက်ထဲ သို့ ရောက်သွား၏ ။ကျန်စစ်သား သည် ကျောင်းဖြူရပ်ရှိ မထီးကျောင်း သို့ ရောက်သောအခါ သံပုရာချဉ်သီးများကို လှံတံဖြင့် ထိုးဆွတ်စားသောက်လေရာ သံပုရာသီးများက ချိုမြသွားသည်ဟု ဆိုပါသည်။

ကျန်စစ်သားနှင့် သိကြားမင်းတို့ကလည်း အလွမ်းသင့်ကြဟန် တူပါသည်။ သိကြားမင်းသည် မိမိ၏ အရိန္ဒမာလှံတံ ကျန်စစ်သားလက်တွင်း သို့ ရောက်သွားသည် ကို ကျေကျေ နပ်နပ် လက်ခံထားပုံရသည်။အနော်ရထာမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ရွှေစည်း ခုံစေတီတော်ကို ဆက်လက်တည်ထား ကိုးကွယ်ခဲ့ရာတွင် သိကြားမင်းသည် ပန်းရံကြီးယောင်ဆောင်၍ ဝင်ရောက်ကူညီခဲ့သေး သည် ဆို၏။

သိကြားမင်းက ကျောက်ရွေလုပ်ငန်း၊ သရွတ်ကျံ လုပ်ငန်းများကိုလည်း စေ့စပ်သေချာမှုရှိစေရန် ပါဝင်လုပ်ဆောင်ခဲ့သေးသည်။ထို့ပြင် ရွှေစည်းခုံစေတီတော် အရှေ့တောင်ထောင့်မှ ကျောက်ခြင်္သေ့ရုပ်တုကိုပင် ဝင်ရောက်ထုလုပ်ပေး ခဲ့သည် ဆို ပါသည်။

ကျန်စစ်သား၏ အရိန္ဒ မာလှံတံသည် သူ့အားဆက်ခံသည့် မြေးတော် အလောင်း စည်သူမင်းထံ သို့ ဆက်လက်ရောက် ရှိသွားသည် ဟု မှန်းဆရ ပါသည်။ သို့သော် ရာဇဝင်ကျမ်းများတွင် အရိန္ဒမာလှံတံအကြောင်း စိုးစဉ်းမျှ မတွေ့ရတော့။

အလောင်းစည်သူမင်းကို ဘိသိက်ပေးခဲ့သူက သိကြားမင်းကိုယ် တိုင် ဖြစ်ပါသည်။ သို့ကြောင့်လည်း အရိန္ဒမာလှံတံသည် အလောင်းစည်သူထံတွင် ရှိမည်ဟု မှန်းဆမိခြင်း ဖြစ်သည်။ပုဂံခေတ်၊ အင်းဝ ခေတ် စသည့် ခေတ်အဆက်ဆက်သာ ပြောင်းလဲသွားသည်။ အရိန္ဒမာ အကြောင်းက သဲလွန်စပင် မရတော့။

အရိန္ဒမာလှံတံ ရာဇဝင်ထဲမှ ပျောက်ဆုံးသွားခြင်း ကို ဘဝင်မကျ ဖြစ်နေမိသည်။ မဆီမဆိုင် အတွေးက အရိန္ဒမာဆီ သို့ ရောက်နေမိသည်။ရာဇဝင်ကျမ်းများ၊ သမိုင်းစာအုပ်များ ကို ဖတ်တိုင်း သတိထား ရှာဖွေရမည့် ဝေါဟာရများထဲ တွင် အရိန္ဒမာ ပါလာသည် ။အရိန္ဒမာလှံ ဘယ်ရောက်သွားသနည်း။

ရာဇဝင်ကျမ်းများကို ဖတ်ရင်း အတွေးပေါက်လာ မိသည်။အရိန္ဒမာလှံသည် သိကြားမင်းပိုင် လှံတံဖြစ်သည် ။ တန်ခိုးထက်သော လှံတံ လည်း ဖြစ်သည်။ သံပုရာသီး အချဉ်ကိုပင် ချိုနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသော ပစ္စည်းဖြစ်သည်။သိကြားမင်းက ဘုရင်တစ်ပါးပါးအပေါ် စိတ်ခုပြီး အရိန္ဒမာလှံတံ ကို ပြန်လည် သိမ်းယူသွားလေသလား အတွေးနယ်ချဲ့မိသည်။

နောက်ဆုံးတော့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသကဲ့သို့ အရိန္ဒမာလှံတံကို အမှတ်မထင် ပြန်လည်တွေ့ရှိရတော့သ ည်။ အလောင်းမင်းတရားကြီး ၏ အမိန့်တော်များထဲတွင် အမှတ်မထင် တွေ့ရှိရခြင်းဖြစ်၏ ။၉ ဧပြီ ၁၇၅၆ တွင် သိကြားမင်းထံ မှ စာလွှာအဖြစ် အမိန့်တော်ထုတ်ပြန်ရာ၌ အရိန္ဒမာလှံတံ ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

သိကြားမင်းထံမှ စာလွှာ၌ “ငါ့ကို လည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး ၌ သာသနာတော်မြတ် ကို စောင်မရမည် အမိန့် တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။

ဆင်ဖြူလည်း ၅ စီး ငါပေးပြီ ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ´´ ဟူ၍ ပါရှိ ပါသည်။ယင်းနောက်ပိုင်း ၌အလောင်းမင်းတရား အမိန့်တော်များတွင် “အရိန္ဒမာ စကြာရွှေလှံရ အဆောင်ဆောင်သော ပြာသာဒ်သခင် ဖြစ်တော်မူသော´´ စသည်ဖြင့် ထည့်သွင်းဖော်ပြလာ ပါသည်။

သို့သော် အလောင်းမင်းတရားနောက်ပိုင်း ဆက်ခံကြသည့် ကုန်းဘောင်မင်းများလက်ထ က်တွင် အရိန္ဒမာလှံတံအကြောင်း လုံးဝ ဖော်ပြခြင်း မရှိတော့ချေ ။အရိန္ဒမာလှံတံကား ပျောက်ခြင်းမ လှ ပျောက်သွားပြန်လေပြီ။…

Credit, မူရင်း