တစ်ချိန်တစ်ခါက နော်လွီဇာ လို့ဆိုလိုက်တာနဲ့သူ့ရဲ့ဘယ်ဘက် ပါးဖောင်းဖောင်းလေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေး တစ်လုံး ရှိပြီး ကြင်နာတတ်တဲ့ အသည်းနှလုံးရှိသူ၊ နိုက်တင်ဂေးလ်လို သာယာတဲ့အသံနဲ့ တေးသီချင်းများသီဆိုတတ်တဲ့ ရေဒီယို အဆိုတော်တစ်ယောက် ဆိုပြီး လူသိများကြပါတယ်။
သူမကို (၁၉၄၁) ခုနှစ် မတ်လ (၁ဝ) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အဖေဟာ ဂျူးလူမျိုး စွန့်ဦးတီထွင် စီးပွာရေးသမား စောဘင်ဆင် ဖြစ်ပြီး မိခင်က ကရင်လူမျိုး နော်ချစ်ခင် ဖြစ်ပါတယ်။
သူမ ကိုတော့ Louiser Benson (နော်လွီဇာ ဘင်ဆင်) လို့ ကင်ပွန်းတပ်ခဲ့ပေမယ့် မြန်မာလူမျိုးနဲ့ ကရင်လူမျိုးတွေကတော့ သူမကို နော်လီဇာဘင်ဆင်လို့ပဲ လူသိများကြပါတယ်။
သူ့ရဲ့ ပထမဆုံး အောင်မြင်မှုခြေလှမ်းကတော့ (၁၉၅၆) ခုနှစ်မှာ စခဲ့တာဖြစ်ပြီး အသက် (၁၅) နှစ်သာ ရှိသေးတဲ့ ဘင်ဆင်ဟာ မယ်ဗမာ ဆုကိုရရှိခဲ့ပါတယ်။ ထိုမှစပြီး သူမရဲ့အလှ နဲ့ သူမရဲ့ဂုဏ်သတင်းဟာ မြန်မာလူထုကြားမှာ နော်လွီဇာဘင်ဆင် အဖြစ် ထင်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ပထမဆုံး မယ်ဗမာက (၁၉၄၇)ခုနှစ်မှာရရှိခဲ့တဲ့ ဒေါ်လီချို (Dolly Cho) ဖြစ်ပြီး မြန်မာပြည်မှာ စုစုပေါင်း “မယ်ဗမာ” တရားဝင် ၁၆ ဦးပဲ ရှိတဲ့အထဲမှာ နော်လွီဇာဘင်ဆင်တစ်ယောက်ပါဝင်ခဲ့ပါတယ်။(၁၉၅၈) ခုနှစ်မှာ သူမ ဟာ မယ် ဆုကို ထပ်မံရရှိခဲ့တဲ့အတွက် သူမကို မယ်ဗမာ နှစ်ထပ်ကွမ်းလို့အများကခေါ်ဆိုခဲ့ကြပါတယ်။
သူမဟာ နိုင်ငံခြားမှာပညာသင်နေတဲ့ သူ့အစ်ကိုအတွက် ငွေကြေးလိုအပ်နေတာမို့ စံတော်သစ် ရုပ်ရှင်ကုမ္ပဏီ ကမ်းလှမ်းချက်ကိုလက်ခံပြီး “ဝဏ္ဏကျော်ထင်ဦးမင်းဒင်” ဇာတ်ကားကို ခေါင်း ဆောင် မင်းသမီးအဖြစ် ရိုက်ကူးခဲ့ပြီး ဒုတိယကားကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ “ပိတောက်တွေပွင့်ပြန်ပြီ” ဇာတ်ကားဖြစ်ပါတယ်။
“ပိတောက်တွေပွင့်ပြန်ပြီ”ဇာတ်ကားဟာ အလွန်လူကြိုက်များခဲ့ပါတယ်။သူမဟာ ဝါသနာအရ စန္ဒယားချစ်မောင် တေးဂီတနဲ့ တွဲဖက်ပြီးပြုံးချစ်သူ၊ ဝတ်ရည်အနွယ် စတဲ့ သီချင်းတွေကိုလည်း မြန်မာ့အသံမှာ သီဆိုခဲ့ပါသေးတယ်
(၁၉၆၂ ) ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူ စောဘင်ဆင်ဟာ ဗိုလ်နေဝင်းရဲ့ အကျဉ်းသမားဖြစ်ခဲ့ပါတယ်။ (၁၉၆၃) ခုနှစ်မှာ စောဟံတာသာမွှေးနဲ့အတူ လက်နက်ချခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးလင်းထင် (ခေါ်) ငန်းနက်နဲ့ သူမ နီးစပ်ခဲ့ကြပါတယ်။
(၁၉၆၄) ခု မေလ (၁၂) ရက်မှာ သူ့ထက် အသက် ၁၆ နှစ်ကြီးတဲ့ တပ်မှူးလင်းထင်နဲ့ နော်လွီဇာဘင်ဆင်တို့ တရားရုံးမှာ လက်ထပ်လိုက်ကြပါတယ်။
လက်ထပ်ပြီးတဲ့နောက် ယောင်နောက်ဆံထုံးပါ ဆိုသလို နော်လွီဇာဘင်ဆင်လည်း တောတွင်းလက်နက်ကိုင် ဘဝ ရောက်ခဲ့တော့တာပါပဲ။ ဒီကာလတွေဟာ သူ့အတွက်တော့ အကြမ်းတမ်းဆုံးနဲ့ အခက်ခဲဆုံး ကာလတွေလို့ ဆိုနိုင်ပါတယ် ။
ဗိုလ်နေဝင်းကလည်း ဗိုလ်လင်းထင်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါသေးတယ်။ဒါပေမယ့် သူတို့က ဗိုလ်မှူးလင်းထင်ကို ကာကွယ်ရေးတပ်အနေနဲ့ ညှိနှိုင်းဆွေးနွေးတာဖြစ်ပြီး ဗိုလ်လင်းထင်က လက်မခံခဲ့ပါဘူး။
နောက်ထပ်တစ်ကြိမ် ဗိုလ်နေဝင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ချိန်မှာပဲ ဗိုလ်လင်းထင် သထုံမြို့နေအိမ်ကအထွက်မှာတင် စစ်ထောက်လှမ်းရေးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ (၁) နှစ်ခန့်သာ ပေါင်းသင်းလိုက်ရတဲ့ အမျိုးသား သေဆုံးပြီးတဲ့နောက်မှာတော့ နော်လွီဇာဘင်ဆင်ဟာ တပ်မဟာ ၅ တပ်သားတွေကို ပြန်စုပြီး မဲဆောက်ဘက်မှာ တပ်ချခဲ့ပါတယ်။
ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ကြားပေမယ့် မယုံကြည်မှုကြောင့် ငြင်းပယ်လိုက်ရပြန်ပါတယ်။ တောတွင်းမှာ ကျင်လည်နေရပေမယ့် သူ့ဘဝ လုံခြုံမှုကင်းမဲ့လာတဲ့အတွက် နောက်ဆုံးမှာတော့ (၁၉၆၇) မှာ အမေရိကန်နိုင်ငံကို ထွက်ခွာလာခဲ့ပါတော့တယ်။
အမေရိကန်ရောက်ပြီးနောက် အမေရိကန်တက္ကသိုလ်တက်စဉ်က အတန်းဖော် Glem Campbell Craig နဲ့ ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။Craig နဲ့ အတူ ကလေး(၃)ယောက်ရရှိခဲ့ပါတယ်။
သူမ ဟာ အမေရိကန်မှာ အခြေချပြီးတဲ့နောက် ကိုလံဘီယာတက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပညာ မဟာဘွဲ့ကို ထပ်မံယူခဲ့ပါသေးတယ်။(၁၉၉ဝ)နောက်ပိုင်းမှာတော့ သူမ ဟာထိုင်းနယ်စပ်က ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါတယ်။ မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်နိုင်ရေးကို ကူညီပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေ၊ Yadana Gas Field ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တရားစွဲဆိုရင်ဆိုင်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နော်လွီဇာဘင်ဆင်ဟာ Burma Forum နဲ့ US Campaign for Burma ရဲ့ တည်ထောင်သူဖြစ်ခဲ့သလိုအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီလို မယ်ဗမာလည်း ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်၊ အဆိုတော်လည်း ဖြစ်၊ တော်လှန်ရေးခေါင်းဆောင်လည်း ဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွမ်းအားရှိသမျှ အကျိုးဆောင်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ဟာ (၂ဝ၁ဝ) ခုနှစ်ထဲမှာတော့ ဦးနှောက်ကင်ဆာဝေဒနာ ခံစားရင်း ကွယ်လွန်သွားခဲ့ပါပြီ။
သူမ ရဲ့ သမီးဖြစ်သူ Hollywood ရုပ်ရှင်သရုပ်ဆောင် Charmaire Craig ကလည်း Miss Burma ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ပြီး သူမအမေအကြောင်းကို ဂုဏ်ယူစွာ ဖော်ပြခဲ့ပါတယ်။
(မယ်ဗမာ နော်လွီဇာရဲ့ သမီးဖြစ်သူ Hollywood ရုပ်ရှင်သရုပ်ဆောင် Charmaire Craig)
အရမ်းကို တော်ပြီးထက်မြက်လှပတဲ့ တော်လှန်ရေးအလှမယ် နော်လွီဇာဘင်ဆင် တစ်ယောက် ကောင်းရာမွန်ရာမှာရှိနေပါစေလို့ ဆုတောင်းရင်း ဂုဏ်ပြုလိုက်ရပါတယ်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်