“ပုဂံ – တူရွင်း​​တောင်အရှေ့ဘက်က ထူးဆန်းတဲ့ ကျောက်ရေကန်ကြီးထဲက ပဟေဠိ “

အနက် ၁၅ ပေကျော်ကျော်၊ အကျယ်က ၇၅ ပေ ပတ်လည် လောက်ရှိတဲ့ ကျောက်တောင်ထိပ်မှာ ကျောက်တောင်ကို ထွင်းထားတဲ့ ကျောက်ရေကန်ကြီးဟာ ဘယ်သူကများ လာလုပ်ထားပါလိမ့်..။

ကျောက်ရေကန်ကို တူးရွင်းတောင်အရှေ့ဘက် တောင်တက်လမ်းအတိုင်း ကားနဲ့တက်လာခဲ့ပြီး မြေပြန့်လေးမှာတည်ထားတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကားရပ်ထားခဲ့လို့ အရှေ့ဘက် တောင်ကြောအတိုင်း မီနစ် နှစ်ဆယ် အစိတ်လောက် တက်လာခဲ့ရင် ကျောက်ရေကန်ဆီကို တည့်တည့်တိုးမှာဖြစ်ပါတယ်။

တောင်တက်လမ်းတစ်လျောက် ကျောက်သားလမ်းတွေဖြစ်လို့ သဘာဝကပေးထားတဲ့ ကျောက်လှေခါးအလား ဖြစ်နေပါတယ််််၊ ဒီကျောက်ရေကန်ကိုစတွေ့တော့ ဒီလမ်းကမရှိသေးဘူးလို့ဆိုပါတယ် တစ်ချို့နေရာမှာ ကျောက်အထပ်ထပ်တွေ၊ တစ်ချို့နေရာမှာ ကျောက်တုံးကြီးတွေနဲ့ တစ်ချို့နေရာမှာတော့ လှေခါးထစ်ပုံစံပေါ်နေကြပါတယ်။

အတက်လမ်းတစ်လျောက် တက်လိုက်နားလိုက်၊ တက်လိုက်နားလိုက်နဲ့ လေး ငါး ကြိမ်လောက်တော့ နားခဲ့ရပါတယ်၊ ဆက်တိုက်တက်မယ်ဆိုရင်တော့ အမောဖောက်နိုင်တယ်။ တောင်တက်နေရင်းက နောက်ကြောဘက်ပြန်ကြည့်လိုက်ရင် မိမိရဲ့ကြောဘက်တည့်တည့်မှာ တူရွင်းတောင်ဘုရားကို သပ္ပါယ်လှစွာ ဖူးမျှော်ရမှာပါ ဒါကြောင့် မောတဲ့အခါ နောက်ကိုလှည့် ဘုရားဖူးရင်းအမောလည်းဖြေနိုင်တယ်ပေါ့လေ..။

ဒါအပြင် တူရွင်းတောင်မြင်ကွင်းနဲ့အတူ တွဲဆက်တည်ရှိနေတဲ့ ပုဂံယဥ်ကျေးမှုအမွေအနှစ်ရှိရာ ပုဂံလွင်ပြင်အကျယ်ကြီးကိုလည်း မျက်စိတစ်ဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်၊ တောင်ရဲ့ အောက်ခြေဘက်မှာတော့ ပုဂံခေတ်ကမြကန်ဟာ ဆည်ငယ်တစ်ခုအသွင်ရှိနေပြီး ဆည်မြောင်တာဘောင်တစ်ခုက မြကန်ကို တိုက်ရိုက်ဆက်သွယ်ထားပါတယ်၊ မြကန်ရဲ့ ခေတ်သစ်ဆည်တစ်ခုဖြစ်ဖို့ရာ အလံပုဂံရဲ့ မူလတည်ရှိခဲ့မှုတွေကိုစွန့်လွှတ်ခဲ့ရတာတော့အမှန်ပါ။

မီနစ်၂၀ လောက်တက်ခဲ့ရင်ပဲ ကျောက်ရေကန်ကြီးသို့ဆိုတဲ့ ဆိုင်းဘုတ်လေးတစ်ခုက အပင်တစ်ပင်ရဲ့အကိုင်းတစ်ခုပေါ်မှာ တွဲလွှဲခိုရင်း ဆီးကြိုလို့လမ်းညွှန်နေပါတယ်။

ကျောက်ရေကန်ကြီးဆီကိုရောက်တဲ့အခါ ရေကန်အတွင်းကိုဆင်းတဲ့ နံရံကိုထွင်းပြီးထစ်ထားတဲ့ လှေခါးကိုတွေ့ရပါတယ်၊ ဆင်းရတာသိပ်မလွယ်ပေမယ့် သိပ်တော့လည်းမခက်လှပါဘူး သို့ပေမယ့် ကျောက်လှေခါးခွင်က တစ်ပေခွဲသာသာနှစ်ပေနီးပါးသာရှိလို့ ကျောက်ရေကန်အတွင်း ချော်ကျမှာတော့စိုးရိမ်ရပါတယ်။

ကျောက်ရေကန်အတွင်းရောက်တယ်ဆိုရင်ပဲ ရေကန်အတွင်းမှာ လေ့လာစရာတွေတစ်ပုံတစ်ပင်နဲ့တိုးရပါတော့တယ်။ ရေကန်ဟာ အရှေ့အနောက်တောင်မြောက် တန်းတန်းမကျပဲ ရေကန်ရဲ့ လေးတောင့်ပုံခပ်ဝိုက်ဝိုက်က အရပ်လေးမျက်နှာမှာ လယ်တယ်တယ်ရှိပါတယ် သံလိုက်အိမ်မြောင်နဲ့တိုင်းကြည့်တဲ့အခါ ၄၅ ဒီဂရီ လောက်လည်နေပါတယ် ဒါကြောင့် ရေကန်ရဲ့နံရံတွေဟာ အရှေ့၊အနောက်၊တောင်၊မြောက်ဆိုတာထက် ၊အနောက်တောင်၊ အရှေ့မြောက်၊အရှေ့တောင် နဲ့ အနောက်မြောက်နံရံတွေလို့ ပြောမှ ရပါမယ်။

ရေကန်ရဲ့အကျယ်အဝန်းဟာ ပျမ်းမျှ ၇၅ ပေလောက်ကျယ်ပါတယ် စတုရန်းပုံဖြစ်ပြီး ၊မူလက သဘာဝ သို့မဟုတ် အနောက်မြောက်ဘက်နံရံရှိခဲ့ပုံမပေါ်ပါဘူး၊ နောက်မှ စတုရန်းပုံရအောင် အနောက်ဘက်မှာ အထူအပါးမညီတဲ့ ကျောက်တွေကို အုတ်တွေလိုဆစ်ထုတ်ပုံသွင်းပြီး ရေကန်ရဲ့နံရံအဖြစ်စီထပ်လို့ ကျောက်ချပ်လွှာ ၃၂ လွှားထိစီထားပါတယ်။

ဒီကန်ဖြစ်လာဖို့ ပထမဆုံးဖန်တီးခဲ့မှုလို့ယူဆလို့ရပါတယ်။ ဒုတိယအနေနဲ့ ဒီနေရာကို ဘယ်လိုဖန်တီးချင်တာလဲဆိုတဲ့ယူဆချက်ပါပဲ၊ ဒီအတွက် ကျောက်ရေကန်ရဲ့ အခြားနံရံတွေကိုလေ့လာတဲ့အခါ အထင်အရှားဆုံးဖန်တီးမှုကတော့ အနောက်တောင်နံရံမှာရှိနေတဲ့ အလယ်ဗဟိုမှာအပေါက်ဖောက်ထားပြီး အဲ့ဒီနေရာကနေ စကြ်ာပုံကိုစတင်ထွင်းထုထားတာပါပဲ၊ အလယ်ဗဟိုကို စကြ်ာနဲ့စထားတဲ့ လေးတောင့်ပုံ အမှတ်အသားကြီးဟာ အတွင်းမှာတော့ ဝက်ပါပုံစံထွင်းထားပါတယ်။

ပျမ်းမျှ တစ်ဖက်ကို ၁၄၈ စင်တီမီတာရှိတဲ့ လေးဘက်ညီ ဒီအမှတ်အသားဟာ အတော်လေးစနစ်တကျထွင်းထုထားကတော့ သိပ်ကိုသိသာပါတယ်၊ ဒီရေကန်ရဲ့ အဓိက ဦးတည်ချက် အဓိက ရည်ရွယ်ချက်လို့ ယူဆနိုင်ပါတယ်။

ဒီဝကျပါအမှတ်အသားရဲ့ လကျ်ယာဘက်ဘေးမှာ အဲ့ဒီဝကျပါကိုဘေးတိုက်မျက်နာမူထားဟန်ထွင်းထားတဲ့ နဂါးခေါင်းရုပ်ဟန် ရုပ်ပုံတ်ခုကိုတွေ့ရ​​ ပြန်တယ်၊ သူ့အရွယ်အစားက အမြင့် ၉၀ စင်တီမီတာရှိ ပြီး ဗျက်က ၈၀စင်တီမီတာရှိပါတယ်။

သူနဲ့ဘေးခြင်းကပ်လက်ယာမှာပဲ ငှက်ပုံစံ သို့မဟုတ် ရေနေ သတ္တဝါ တစ်ကောင်ရဲ့ပုံထပ်မံထွင်းထားပြန်ပါတယ် အမြင့် ၃၀ စင်တီမီတာရှိပြီး အလျားက ၇၅စင်တီမီတာရှိပါတယ်၊ သူ့ဘေးမှာထပ်မံပြီး ငှက်ရုပ်ပုံထွင်းထုထားပြန်ပါတယ် သူ့အရွယ်အစားကတော့အမြင့် ၆၀ စင်တီမီတာ ဗျက် ၆၅ စင်တီမီတာရှိပြီး ငှက်ပုံစံက ဟသ်ာပုံနဲ့တောင်ခပ်ဆင်ဆင်တူပါတယ်။

ဒါကြောင့် ကျောက်ရေကန်ရဲ့ အနောက်တောင်နံရံမှာ ကျောက်ထွင်းအရုပ် ၄ ရုပ်ရှိနေပါတယ်၊။

အနောက်မြောက်ဘက်နံရံမှာတော့ ထူးထူးခြားခြား နဂါးတစ်ကောင်အမောက်ထောင်လို့ သူ့ရဲ့အောက်မှာ ဘုရားရုပ်တုဆင်းတုတစ်ဆူအရာဟောင်းသာကျန်နေတာကိုတွေ့ရှိရပါတယ်၊ အလွယ်ယူဆရလျင်တော့နဂါးရုံဘုရားပုံထွင်းခဲ့တာပါပဲ အတိုင်းအတာက အမြင့် ၂၀၀ စင်တီမီတာ၊ ဗျက်က၈၀ စင်တီမီတာရှိပါတယ်။ ဒီပုံအရဆို ဒီရေကန်ဟာ ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေတယ်ဆိုတာ ကောက်ချက်ချလို့ရပါတယ်။

ဒါပေမယ့် ဒီရေကန်ကြီးကိုဖန်တီးခဲ့သူရဲ့ စိတ်ကူးက ဒီလောက်မရိုးရှင်းခဲ့ပါဘူး ဒါကြောင့် ဝက်ပါအမှတ်အသားပါရှိတဲ့ အကောင်းဆုံးထွင်းထုထားတဲ့ အမှတ်အသားကို ထပ်မံလေ့လာရပါတယ်။

သူဒီအမှတ်အသားကို ဘာလို့သေချာစီစဥ်ခဲ့သလဲ ဒါဟာ သူဒီရေကန်ရဲ့အတွင်းကို ဖန်တီးမည့် ပုံစံငယ်များလား ၊ ဒီအတွေးက ကျောက်ရေကန်ရဲ့ အောက်ခြေကြမ်းခင်းကိုစူးစမ်းစေပါတယ်။

ဒီကျောက်ရေကန်ကြီးရဲ့အလယ်အမှတ်ကိုရှာတဲ့အခါ ဝိုင်းစက်နေတဲ့ အပေါက်တစ်ကိုဖောက်ထားပါတယ် ၊ အပေါက်ဆိုတာထက် ကျောက်ကြမ်းခင်းကိုဖောက်ထွင်းထားတဲ့ ကျင်းတစ်ခုပါ၊ ဒါဆို နံရံရဲ့ဝက်ပါအမှတ်အသားရဲ့အလယ်ဗဟိုက အပေါက်က ဒီကျင်းကိုများကိုယ်စားပြုနေသလား၊

နံရံပေါ်ကဝက်ပါအလယ်ကအပေါက်က ၁၀ စင်တီမီတာ ရှိပြီး ရေကန်ရဲ့အလယ်ဗဟိုကြမ်းခင်းက ကျင်းက ၂၅ စင်တီမီတာရှိပါတယ်၊ နံရံက ဝက်ပါအလယ်ဗဟိုရဲ့အပေါက်ဘေးမှာ စကြာစတင်ထွင်းထားတော့ ရေကန်ကြမ်းခင်းရဲ့ အလယ်ဗဟိုအပေါက်ဘေးမှာ စကြာများထွင်းမလားရှာတော့ ထွင်းထားတဲ့အရာတစ်ခု ရွံအနှယ်တွေအောက်မှာ အံသြစွာတွေ့လိုက်ရတယ် နှစ်ပေါင်းများစွာ ရွံအနယ်များက အရာဟောင်းတွေဖုံးကွယ်ထားသလားစဥ်းစားရင်း ရေကန်ရဲ့အရှေ့မြောက်နံရံအခြေကနေ ရေကန်ရဲ့အလယ်ဗဟိုကျင်းရှိရာကို ၂၃ စင်တီမီတာကျယ်တဲ့ ကျောက်ထွင်းမြောင်းက ဦးတည်နေတာကိုတွေ့ရတယ်

ဒါကြောင့် ရေကန်နံရံရဲ့ဝက်ပါပုံရဲ့ အတွင်းမြာင်းလေးတွေကိုတိုင်းကြည့်တဲ့အခါ ၇ စင်တီမီတာရှိနေတာတွေ့ရပါတယ် ဒီလိုကျောက်ထွင်းမြောင်းတွေရှိနိုင်သေးလားရှာတဲ့အခါ ရွံ့နွံအောက်မှာ ပထမ ကျောက်ထွင်းမြောင်းနဲ့အပြိုင် ကျောက်ထွင်းမြောင်းတစ်ခုထပ်ထွက်လာပါတယ် ၊ ဒါကြောင့် ရေကန်ရဲ့ကြမ်းပြင်ခေတ်အဆက်ဆက်ဖို့တက်နေတဲ့ရွံနွံတွေအောက် ဒီလိုထွင်းထားတဲ့အရာဟောင်းတွေရှိကောင်းရှိနေမယ်၊

နံရံရဲ့ဝက်ပါပုံထွင်းထားတဲ့အချိုးနဲ့ ကျောက်ရေကန်ကြမ်းပြင်မှာရှိနေတဲ့ အရာဟောင်းတွေရဲ့ ထွင်းထုထားတဲ့အချိုးကိုတွက်ဆကြည့်တဲ့အခါ ပုံစံငယ်ကနေ တကယ်ကြမ်းပြင်မှာ ရှိတဲ့ အချိုးဟာ တစ်အချိုး သုံးဒသမငါးလောက်ရှိနေတာကိုတွေ့ရပါတယ်၊ ဖြစ်နိုင်ခြေအနေနဲ့ နံရံပေါ်က စကြာပုံပါဝက်ပါပုံဟာ ပုစံငယ်အဖြစ်ထွင်းထုခဲ့ပြီး ကျောက်ရေကန်ကြီးရဲ့ တကယ့်ကြမ်းခင်းမှာတော့ နံရံက ပုံအတိုင်း ထွင်းထုခဲ့ပုံရတယ်လို့ ယူဆနိုင်ပါတယ်။

ဒါကြောင့် နောင် ရေကန်ကြီးရဲ့ ကြမ်းပြင်မှာ အနယ်ကျနေတဲ့ရွံ့နွံထုထည်ကို တူးဖော်ဖာ်ရှားနိုင်မည်ဆိုလျင် နံရံကပုံစံငယ်ဝက်ပါမျိုး တကယ့်ကြမ်းပြင်မှာရှိနေနိုင်ပါတယ်။ ဒါမှမဟုတ် ဒီရေကန်ကိုဖန်တီးသူဟာ သူ့ရဲ့စိတ်ကူးစိတ်သန်းဟာ တကယ်ရောပြီးစီးခဲ့သလားဆိုတာ နံရံပေါ်က ကြွင်းကျန်ရစ်ကြတဲ့ ကျောက်ထွင်းရုပ်ပုံတွေကိုကြည့်ခြင်းဖြင့် သံသယ ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ခုက ဒီကျောက်ရေကန်ကို ဒီလောက်နက်နက်တူးနိုင်ဖို့ဟာ စစ်တောင်းမြစ်ဝှမ်းမှာကဲ့သို့ ရှေးခေတ် ဂဝံထုတ်လုပ်တဲ့ ကျောက်မိုင်းတွေလို ကျောက်ထုတ်လုပ်ခဲ့ရာ ကျောက်မိုင်းတစ်ခု ဖြစ်ခဲ့နိုင်ပါတယ်။ နောက်အချိန်ကာလတစ်ခုမှ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခြေချနေထိုင်မှုများရှိလာပြီး ဒီလိုဖန်တီးမှုမျိုးတွေရှိလာခဲ့ပုံရပါတယ်။

ဒီကျောက်ရေကန်ရဲ့ အလယ်ရွံနှုံးထူထဲနေတဲ့ကျင်းရာဟောင်းကြီးဟာ နောက်ဆုံးရေနေခဲ့တဲ့အထောက်အထားတွေတွေ့ရတဲ့အတွက် ဒီကျင်းကိုပြန်လည်ဖော်နိုင်ခဲ့လျင် ကျောက်ရေကန်ရဲ့ အောက်ကြမ်းခင်းကနေ ရေထုတ်တဲ့စနစ်များရှိနေသေးလား၊ သို့မဟုတ် မိုးရေသိုလှောင်အသုံးပြုရုံထက် ကျော်လွန်တဲ့ ဘာသာရေးဆိုင်ရာအသုံးပြုခဲ့မှုတွေရှိခဲ့လေသလား ဆက်လက်သုတေသနပြုရှာဖွေရမှာဖြစ်ပါတယ်။

တုရင်တောင်

တုရင်တောင်သည် မြန်မာနိုင်ငံ​၊ မန္တလေးတိုင်းဒေသကြီး​၊ ညောင်ဦး​-​ကျောက်ပန်းတောင်း ကားလမ်းအနောက်ဘက်၊ ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တုရင်တောင်သည် ပုဂံနယ်နိမိတ်ကို သတ်မှတ်ထားသကဲ့သို့ ရှိနေသည်။

အထူးသဖြင့် မြို့ပြနေပြည်တော်ကို ဝန်းရံကာဆီးထားသော သဘာဝမြို့ရိုးလည်း ဖြစ်သည်။ တုရင်တောင်သည် ပုဂံမြို့ပြ နယ်နိမိတ်အစလည်း ဖြစ်သည်။ တုရင်တောင်ပေါ်မှ ညောင်ဦးတစ်ဖက်(ဧရာဝတီမြစ်ကမ်း) ၌တည်ရှိသော တန့်ကြည့်တောင်စေတီ စွယ်တော်မြတ်စေတီကို လှမ်း၍ ဖူးမြှော်နိုင်သည်။

တုရင်တောင်တွင် စတုတ္ထမြောက် စွယ်တော်မြတ် ကိန်းဝပ်ရာစေတီတော်မြတ် တည်ရှိသည်။သက္ကရာဇ် ၄၂၁ ခုနှစ်တွင် တုရင်တောင်စေတီတော်မြတ်​ကို တည်ခဲ့ခြင်းဖြစ်သည်။

အမည်အမျိုးမျိုး

တုရင်တောင်=မြင်းကဲ့သို့ လျင်မြန်စွာ သွားတတ်ခြင်း၊ မြင်းနှင့်တူသောတောင် ဟူ၏။ တုရင်တောင်ကို တုံ့ဝပ်တောင်(ဆင်ဖြူတော် တုံ့ခနဲဝပ်ခြင်း)၊ တုပ်ဝပ်တောင်(ပဆစ်တုပ်ဝပ်တွားခြင်း)၊ တူရွင်းတောင်၊ တုရင်းတောင်၊ သက်စိုးတောင်(သက်လူမျိုးများ စိုးမိုးနေထိုင်ဖူးခြင်း)(သက်မင်းကတုံ၏ ဦးခေါင်းအား ရတနာပန်းတောင်းတွင် တင်၍ နှစ်စဉ်ကန်တော့ကြခြင်း) စသည်ဖြင့် အမည်နာမ အမျိုးမျိုး ခေါ်ကြသည်။

အနော်ရထာ​မင်းကြီး၏ရတနာ​ဆင်ဖြူတော်​သည် စွယ်တော်ပွားကို ပင့်ဆောင်လာကာ ဤတောင်ပေါ် ရောက်သည့်အခါ တုံ့ခနဲဝပ်သွား၍ တုံ့ဝပ်တောင်၊ ပုဆစ်တုပ်ဝပ်သွားသဖြင့် တုပ်ဝပ်တောင်ဟု ခေါ်တွင်ကြောင်း ဆိုကြသည်။ တစ်ချိန်တစ်ခါက သက်လူမျိုး​များ စိုးမိုးနေထိုင်ခဲ့ဖူးကြောင်း သက်စိုးတောင်ဟူ၍လည်း ခေါ်ဆိုကြသည်။

တုရိုင်တိုင်

ထိုသို့ အမျိုးမျိုး ခေါ်ဆိုကြသည့်အနက် တုရိုင်တိုင်ဟူသော အခေါ်အဝေါ်နှင့် ပတ်သက်၍ ပုဂံရှေးဟောင်း သုတေသနအရာရှိ ဆရာဦးဗိုကေမှ တုရင်တောင်သည် ပုဂံနယ်နိမိတ် သတ်မှတ်ထားသလို ဖြစ်ခြင်း၊ ပုဂံနေပြည်တော်အား ဝိုင်းရံတားဆီးသည့် သဘာဝမြို့ရိုး ဖြစ်ခြင်း၊ မြို့ပြနယ်အစပ်၊ မြို့အဝင် မုခ်ဦး အထမ်းအမှတ် တုရိုင်တိုင်ကို စိုက်ထူသတ်မှတ်ထားလျှင် မင်းမှုထမ်းတို့သည်လည်း ပြည့်စုံစွာရှိရမည်။

ထို့ကြောင့် ထိုတောင်တန်းအား တုရိုင်တိုင်ရှိသော တောင်တန်း၊ မင်းမှုထမ်းတို့ နေသော ရွာကို တုရိုင်တိုင်ရွာဟု ခေါ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ (ယခုတိုင် တူရွင်းတိုင်ရွာ ရှိနေဆဲဖြစ်သည်။)

တရုတ်ပြေးကျောက်စာတွင် တုရင်္ဂဂီရိဟု တွေ့ရှိရပြီး စူဠာမဏိကျောက်စာတွင် တုရင်တောင်ဟူ၍လည်းကောင်း၊ စောရဟန်းသိမ်ကျောက်စာတွင် တုရင်းတိုင် ဟူ၍လည်းကောင်း၊ ပျူစောထီး၏ ဆရာရသေ့သည် တုရင်တောင်တွင် သတင်းသုံးသည်ဟု ရွှေစည်းခုံသမိုင်းသစ်ကျမ်းတွင် ဖော်ပြပါရှိလေသည်။

တုရင်တောင်ကား ဘုရားအလောင်းနုစဉ်က ဆဒ္ဒန်ဆင်မင်းဘဝ တစ်ကြိမ်၊ ခြင်္သေ့မင်းဘဝ တစ်ကြိမ်၊ သိန်းငှက်ဘဝ တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကျင်လည်ကျက်စားခဲ့ဖူးသည် ဖြစ်ပြီး ယခုစွယ်တော်မြတ်တင်၍ အဓိဋ္ဌာန်ဖြင့် လွှတ်သော ဆင်ဖြူတော်သည် ဤတောင်ထိပ်၌ စတုတ္ထအကြိမ်မြောက် ဝပ်တော်မူသည်။

တောင်တစ်ခွင် ပတ်ဝန်းကျင်

တုရင်တောင်တန်း၏ တောင်ဘက်အဆုံးသည် ကျောက်ပန်းတောင်းနယ်၊ ဂွေးချိုရွာတွင် အဆုံးသတ်သည်။ ဂွေးချိုတောင်၊ မိုလာတောင်ဟု ခေါ်ကြသည်။ တက်မရွာအနီးမှ တောင်ကို တက်မတောင်၊ ပန်းကုံးစပင်ရွာမှတောင်ကို ပန်းကုံးပင်တောင်၊ ဒါန်းရွာအနီးမှတောင်ကို ဒါန်းတောင်ဟု ခေါ်ကြသည်။ တုရင်တောင်၏ အနောက်ဘက်တွင် ပုဂံခေတ်၊ ထီးလှိုင်ရှင် ကျန်စစ်သား​မင်းကြီး တူးဖော်ခဲ့သော မြကန်ရှိသည်။

ရွာများ

တောင်၏ အရှေ့ဘက်တွင် တောင်ပရွာ၊ တောင်ရှေ့ရွာ၊ ကုန်းရွာ၊ မန်ကျည်းစောက်ရွာ၊ ဝါခင်းကြီး၊ စုတည်ရွာ၊ ထန်းနောင်းဝန်းရွာ တို့ရှိသည်။ အနောက်ဘက်တွင် တုရွင်းတောင်ရွာ၊ ညောင်တိုရွာ၊ လက်ဝဲရွာ၊ သဲပြင်တောရွာ၊ အနောက်အုံ၊ ချောင်းရှည်၊ ချောင်းဝ၊ ငလင်းတုတ်၊ ပန်းကုန်းပင်၊ အုတ်လှေကား၊ ညောင်ပ၊ ပဒိုင်းရွာတို့ တည်ရှိသည်။

တုရင်တောင်ကြောတွင် အလောင်းစည်သူ​မင်းကြီးက မိမိမအိုသေးကြောင်း သူခိုးယောင်ဆောင်၍ မြင်းစီးပြီး အစွမ်းပြသောနေရာ ဖြစ်သည်ဟု ရှေးဟောင်းမြန်မာ ရာဇဝင်များ၌ ဆိုထားသည်။ ထို့ကြောင့် ပုဂံအလှနှင့် ပုဂံသားတို့ စွမ်းအားကို ဖော်ကျူးသော နေရာဟု ဆိုကြခြင်း ဖြစ်သည်။

ရှင်အရဟံ ပရိနိဗ္ဗာန်စံသောအခါ တုရင်တောင်ခြေ၌ အန္တိမဈာပန ကျင်းပပြုလုပ်ခဲ့သည်ဟု လည်းဆိုကြသည်။ အဆောက်အဦ မှန်သမျှ ကျောက်ဆစ်အနုပညာ မှန်သမျှ တုရင်တောင်မှ ကျောက်တုံးကျောက်သားများ ဖြစ်သည့် အလျောက် ပုဂံဂုဏ်ဆောင် တုရင်းတောင် ဟူ၍လည်းဆိုကြသည်။

ကိုးကား

↑ မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်
↑ ရေနံ့သာဝင်းမောင်၏ စွယ်တော်(၅)ဆူ ပြည့်(၅)ပြည့် စာအုပ်မှ

ခရက်ဒစ်…ဝီကီပီးဒီးယား