တဦးတည်းသော အမျိုးသမီး သျှမ်းစော်ဘွား (သို့) စဝ်နန်းတစ်ထီလာ

စဝ်နန်းတစ်ထီလာ ဟူသည်မှာ အများက ခေါ်ဝေါ်နေသော အမည် ဖြစ်သည်။ စဝ်နန်းတစ်ထီလာကို သျှမ်းဘာသာဖြင့် “စဝ်နန်းဒိပ်ဓိဋာ”ဟု ခေါ်သည်။

ယင်းဝေါဟာရသည် ပါဠိဝေါဟာရ ”ဒေဝဓိတာ” မှ ဆင်းသက်သော နတ်သမီးဟု အနက်ရသည်။စဝ်နန်းတစ်ထီလာသည် ကျိုင်းတုံစော်ဘွားကြီး စဝ်ကျိုးခိုင်၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ စော်ဘွား ဆိုသည်မှာ မြေရှင်ပဒေသရာဇ်ဖြစ်ပြီး သားစဉ် မြေးဆက် အရိုက်အရာ ဆက်ခံကြသည်။ အုပ်ချုပ်ရေး အကြီး အကဲ ရာထူး ဖြစ်သည်။

ကျိုင်းတုံစော်ဘွားများသည် ၁၉ ရာစု နှောင်းပိုင်းအထိ မင်းများ အဖြစ် ပြည်နယ်တွင် တစ်ထီးတစ်နန်းထူထောင်ခဲ့သူများ ဖြစ်သည်။စဝ်နန်းတစ်ထီလာ၏ မွေးချင်းနောင်တော်မှာ စဝ်ကောင်ခမ်းဖူး ဖြစ်ပြီးမောင်တော်မှာ စဝ်ကျောက်အင်းထလိုင်း ဖြစ်သည်။

စောနန်းတစ်ထီလာကို ခရစ်နှစ် ၁၈၇၁ တွင် ဖွားမြင်ခဲ့သည်။ သူမ အသက် ၁၆ နှစ်အရွယ်၊ ၁၈၈၇ ခုနှစ်တွင်ခမည်းတော် ကျိုင်းတုံစော်ဘွားကြီး ကံကုန်ခဲ့သည်။

စဝ်နန်းတစ်ထီလာသည် မိန်းမသားပင် ဖြစ်သော်လည်း မြင်းစီးတော်၍ အတိုက်အခိုက် အလွန် ဝါသနာထုံသဖြင့် ကျိုင်းရုံးကြီး စစ်မျက်နှာအထိ လိုက်သွားခဲ့ဖူးသည်။ ယောက်ျားများ ပီးဆေးထိုးသည်ကို သူလည်း လိုက်ထိုးသည်။ သူ၏ လက်မောင်း နှစ်ဘက်စလုံးတွင် စက်အင်း အများအပြား မြှုပ်နှံထားသည်။

သူသည် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများကဲ့သို့ ရဲစွမ်းသတ္တိ ပြည့်စုံသူ ဖြစ်သည်။ အုပ်ချုပ်ရေးပညာကျွမ်းကျင်သည်။

စဝ်နန်းတစ်ထီလာသည်နောင်တော်ဖြစ်သူ စဝ်ကောင်ခမ်းဖူး ကျိုင်းတုံစော်ဘွား ဖြစ်စဉ်အခါက မစ္စတာ ဂျေဂျော့စကော့ (J. George Scott) သည် အင်္ဂလိပ်စစ်တပ်ကိုခေါင်းဆောင်၍ ကျိုင်းတုံသို့ ရောက်လာ၏။ ဂျော့စကော့နှင့် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးတို့ မကြာခဏ ပြဿနာတက်လေ့ရှိသည်။

စောကောင်ခမ်းဖူး၏ ညီမတော် စဝ်နန်းတစ်ထီလာသည် အပျိုတော်များ ခြံရံလျက် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်စုံစမ်း မေးမြန်းလေ့ရှိသည်။ တစ်ညတွင် စဝ်နန်းတစ်ထီလာသည် အခြွေအရံတို့ ခြံရံလျက် နောင်တော်အား အသိမပေးဘဲ ဂျော့စကော့တို့ တည်ခင်းကျွေးမွေးသော ညစာစားပွဲသို့
တက်ရောက်ရန် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်ခဲ့သည်။

ထိုညတွင်ပင် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးသည် ရုပ်ဖျက်၍ မိမိ၏ ရဲမက်ဗိုလ်ပါများကို ခေါ်ဆောင်ပြီးလျှင် အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ရန် ချီတက်ခဲ့သည်။

စစ်စခန်းသို့ ရောက်လျှင် ကျိုင်းတုံစော်ဘွား၏ တပ်များက အင်္ဂလိပ်စစ်တပ်အား ဝိုင်းရံထားသည်ကို စဝ်နန်းတစ်ထီလာ၏ အတွင်းလူယုံများမှတဆင့် သိရှိသွားသောအခါ
မိမိမကယ်လျှင် မြို့လယ်ခေါင်တွင် အရေးတော်ပုံကြီး
ဖြစ်ပေါ်လာမည်ကို စိုး၍ ချက်ချင်းပင် ဂျော့စကော့ကို
ခေါ်ဆောင်သွားသည့်အတွက် လွတ်မြောက်သွားခဲ့ရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်ခမ်းဖူးသည် ၁၈၉၅ ခုနှစ်တွင် ကံကုန်ခဲ့ရာ ထိုအချိန်က စော်ဘွားအရိုက်အရာကို ဆက်ခံမည့် သူ့ညီတော် စောကျောက်အင်းထလိုင်းမှာ စော်ဘွားဖြစ်ရန် အသက် မပြည့်သေးသဖြင့် အစ်မတော် စဝ်နန်းတစ်ထီလာက စော်ဘွားကိုယ်စား ကျိုင်းတုံစော်ဘွားအဖြစ် ခေတ္တအုပ်ချုပ်ပေးခဲ့ရသည်။

(၂)နှစ်ကြာ၍ မောင်တော် နန်းတက်ပြီးမှသာ စဝ်နန်းတစ်ထီလာသည် ကျိုင်းခမ်းစော်ဘွားနှင့် လက်ထပ်ပြီး ကျိုင်းခမ်းမြို့သို့ သွားရောက် နေထိုင်သည်။ ကျိုင်းခမ်းစော်ဘွားနှင့် “စဝ်ဟောင်းခမ်း” အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။

ထို့နောက် စဝ်နန်းတစ်ထီလာသည် ကျိုင်းခမ်းစော်ဘွားအား ခွဲခွာ၍ ကျိုင်းတုံတွင် လာရောက်နေထိုင်သည်။ သားတော် အသက် (၁၁)နှစ် အရွယ်တွင် ကျိုင်းခမ်းစော်ဘွားကြီး ကံကုန်ခဲ့ရာ ကျိုင်းခမ်းနယ်တွင် အုပ်ချုပ်သူမရှိ ဖြစ်နေသော ကြောင့် စဝ်နန်းတစ်ထီလာသည် (၁၁)နှစ်ကြာ အမျိုးသမီးစော်ဘွားအဖြစ် အုပ်ချုပ်ပေးခဲ့ရသည်။

သူမ ကျိုင်းခမ်းနယ်ကို စော်ဘွားအဖြစ် အုပ်ချုပ်စဉ်အခါက ဗြိတိသျှဘုရင်မကြီး ဝိတိုရိယ အိန္ဒိယသို့ တိုင်းခမ်းလှည့်လည် ရောက်ရှိစဉ် စဝ်နန်းတစ်ထီလာကို ဒေလီမင်းပွဲသို့ ဖိတ်ကြာ းခဲ့၍ တက်ရောက်ခဲ့ရသေးသည်။

စဝ်နန်းတစ်ထီလာသည် သားတော် အရွယ်ရောက်လျှင်
သူ့ဖခင် အရိုက်အရာဖြစ်သည့် ကျိုင်းခမ်းစော်ဘွားရာထူးကို ဆက်ခံစေ၏။ သို့သော်လည်း သားတော်သည် အမြော်အမြင် မရှိဘဲ သတိလက်လွတ်ဖြစ်ကာ အိမ်တော်အမှူ့ထမ်းတစ်ဦးကို
သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဤတွင် သူသည် စော်ဘွားရာထူးမှ အချခံရသည်။သူ၏ ကျိုင်းခမ်းပြည်နယ်ကိုလည်း မိုးနဲစော်ဘွားပိုင်နက်ထဲသို့ ပူးပေါင်း သွတ်သွင်းလိုက်သည်။ကျိုင်းခမ်းစော်ဘွားဟောင်းကို တောင်ကြီးသို့ ပို့၍ ပင်စင်အနည်းငယ်ပေးကာ နေထိုင်စေသည်။ သူသည် သားသမီးများစွာ ထွန်းကားသည်။

အကြီးဆုံးသားမှာ စဝ်သီဟ ဖြစ်ပြီး အသက် (၂၀)အရွယ်တွင် ဘိုးလေး အင်ထလိုင်း၏သားကျိုင်းတုံစော်ဘွားကို သေနတ်ဖြင့် ပစ်သတ်သည်။ သို့ဖြစ်ရာ စဝ်သီဟသည် သူ့အဖေ၏ ဝမ်းကွဲအစ်ကိုကို သတ်သူအဖြစ် ရာဇဝင်တွင်သွားခဲ့သည်။

မောရစ်ကောလစ်က သူ၏စာအုပ် “Lords of theSunset” စာအုပ်၌ စဝ်နန်းတစ်ထီလာနှင့် ပတ်သက်၍ ဤသို့ ရေးသားထားလေသည်။“နောက်ဆုံးတော့ ထင်ရှား ကျော်ကြားသည့် တစ်ထီလာကို ကျွန်တော် တွေ့ခဲ့ရသည်။

သူမသည် သေးသွယ်ကြုံလှီပြီး ရှေးဆန်သည့် အဘွားကြီး တစ်ယောက်အသွင် တွေ့ရသည်။ ခေါင်းပေါင်းကြီး အောက်တွင် မျက်နှာမှာ အရေးအကြောင်းများ ထင်နေပြီး ပါးရေများ တွန့်လိပ်နေပြီ ဖြစ်သည်။

မျက်လုံးအစုံမှာ စူးရှတောက်ပြောင်သည်။ ဝရန်တာပေါ်သို့ သူ တဖြည်းဖြည်း တက်လာသည်။ သူ့အသက်သည် ၆၉ နှစ် ရှိပြီဖြစ်ရာ အနည်းငယ် ဖင့်သည်။ ဝရန်တာပေါ်သို့ အမျိုးသမီးလေးတစ်ယောက်က တွဲပို့ရသည်။ အတွင်းမှာ သားမွေးခံ၍ ချုပ်ထားသည့် သျှမ်းအင်္ကျီကို ဝတ်ထားသည်။ ယင်းအောက်တွင် သစ်အယ်သီးရောင်ပိုးအင်္ကျီ ရှိသည်

လက်ဖက်ရည်စားပွဲမှာ သူထိုင်သည်။ ကျွန်တော်တို့အားလုံး ဗမာစကားဖြင့် ပြောကြသည်။ ခဏလေး အတွင်းမှာပင် သူ့အကြောင်းကို ကျွန်တော် သိခဲ့ရသည်။ စောစောက ကြားထားသည်တို့ ပျက်ပြယ်သွားပြီး စရိုက်မှန် ပေါ်လာသည်။ အလွန်ဉာဏ်ကြီးပြီး ထက်မြက်သည်မှာ ထင်ရှားသည်။

သွက်လက်သည်။ အားမာန်အပြည့်ရှိသည်။ အသက်ကြီးပြီမို့ စိတ်ဓာတ်ကျ၍ မသွား။ စကားပြောလျှင် ဟန်အမူအရာ အပြည့်ပါသည်။စိတ်အားထက်သန်စွာ ပြောသည်။ မြန်လည်းမြန်သည်။ အရောင်လက်နေသည့် မျက်လုံးနှင့် ရှုံ့တွဝင်းပနေသည့် မျက်နှာကို မြင်သည်။

စကားပြောကြရင်း လောင်းကစားဝိုင်းများအကြောင်းရောက်သွားကြသည်။ ရှမ်း(သျှမ်း)ပြည်နယ်တွင် လောင်းကစားသည် ၃၆ ကောင်ထီနှင့် အခြားလောင်းကစားများအကြောင်းကိုအသေးစိတ် ရှင်းပြသည်။ လောင်းကစားမှ ငွေကြေးစို့စို့ပို့ပို့ရ၍ နယ်ရှင်မင်းသားတစ်ယောက် မည်သို့ မျှော်လင့်နိုင်သည်ကိုလည်း ပြောပြသည်။

ဗမာလို ပြောနေသော်လည်း နယ်ရှင်မင်းသားဆိုသည့် စကားလုံးကြောင့် သူဆိုလိုသည်ကို ကျွန်တော် သဘောပေါက်သည်။ သူသည်မှာ မက်ခီယာဗယ်လီ(Niccolo Machiaveli, 1469-1527) ၏ ရာဇောဝါဒကျမ်းကို ညွှန်းလိုခြင်း ဖြစ်သည်။

(အကြွင်းမဲ့ အာဏာရှင်စနစ်ကို မက်ခီယာဗယ်လီကထောက် ခံသည်။ မင်းတို့မည်သည် အအုပ်ချုပ်ခံတို့ ညီညွတ်မှုအတွက် ရက်စက်တန် ရက်စက်ရသည် “။ဟု သူ၏ “The Prince” ကျမ်း၌ တင်ပြခဲ့သည်။ ယင်းမှာ ၁၅၃၂ ခုနှစ်တွင် ရေးခဲ့သည့် ကျမ်းဖြစ်သည်။)

ဤသည်မှာ တစ်ထီလာ၏ ရပ်တည်ချက် ဖြစ်သည်။ ထိုအခါ သူ့ကို ကောင်းကောင်း နားလည်လာသည်။ သူကား ယခုအထိ ကျွန်တော် တွ့ဖူးသည့် ဟော်နန်းဒေဝီများနှင့် မတူ။

သူတို့သည် ဟော်နန်းကို မှီ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ သူသည် ပြည်နယ်အုပ်ချုပ်မှု အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်သည်။

လက်အောက် အမှူ့ထမ်းတို့ကို ကောင်းစွာ ကိုင်တွယ်တတ်သူ ဖြစ်သည်။ လူတိုင်းကို အကျိုးရှိရှိ ချဉ်းကပ်တတ်သည်။ ပြည်နယ်တွင် သူ့သြဇာမှာ ကြီးမားသည်။သူသည် မုဆိုးမ မဟာဒေဝီ ဖြစ်သည်။ ပင်စင် အထောက်အပံ့ အနည်းငယ်ဖြင့်
နေထိုင်စားသောက်ရသည်။

သို့သော်လည်း ဟော်နန်းအတွေ့အကြုံ ကြွယ်ဝသည်။ လက်တွေ့အရ အသိပညာ ပြည့်စုံသည်။ သူနှင့် တွေ့သမျှကို ကောင်းစွာ သိမ်းသွင်းနိုင်သည်။ သူ့သောကကို သူသိသည်။ သူ့ကို လွယ်လွယ်ကူကူ ချဉ်းကပ်၍ မရ။ သူ့အတွက် တစ်ခုခု မြတ်စွန်းမှ
အဆင်ပြေနိုင်မည် ဖြစ်သည်။

သူသည် အလွန် သတ္တိကောင်းသည်။ တစ်ထီလာသည် လယ်မြေတိုက်တာ အိုးအိမ်တို့ဖြင့် ချမ်းချမ်းသာသာ နေခဲ့ရသည်။အခြွေအရံ ပေါများခဲ့သည်။ သူ့ခေတ်ကမူ ပြိုင်ဘက်မရှိ။ ခြင်္သေ့လို ရဲရင့်သူ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံအုပ်ချုပ်သော အတတ်ပညာကိုကျွမ်းကျင် ပါးနပ်စွာ အသုံးပြုလျက် သူ့နယ်ပယ်တွင် မင်းလုပ်ခဲ့သော (သျှမ်း)ရှမ်းပြည်နယ်၏ တစ်ဦးတည်းသော အမျိုးသမီစော်ဘွား စဝ်နန်းတစ်ထီလာကို နိုင်ငံခြားသားများကပင် လေးလေးစားစား ဆက်ဆံခဲ့ကြသည်ကို တွေ့ရသည်။

ပဒေသရာဇ် စနစ်တွင် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများနှင့်တန်းတူ မင်းလုပ်အုပ်ချုပ်ခဲ့သော သူ့အရည်အသွေးကိုကား လူတိုင်း အသိအမှတ် ပြုရမည်သာ ဖြစ်ပေတော့သည်။

တုံဂပူရိသခင်မ

ကျိုင်းတုံ ကျိုင်းတုံလို့… လွယ်လွယ်ပြောနေကြတဲ့ သံလွင်အရှေ့ခြမ်းက မြို့လေးတမြို့ဟာ ရှေးယခင် သျှမ်းလူမျိုးတို့ရဲ့ အတိတ်သမိုင်းတွေနဲ့ ပြည့်နက်နေတဲ့သျှမ်းသမိုင်း၀င် မြို့တော်ဟောင်းတခုပါ..

ကျိုင်းတုံမြို့လေးဟာ ရှေးယခင်ထဲကစန္ဒာရကွမ်း၊ ခေမရဋ်၊ တုံဂပူရိ၊ ခေမာ၀ရ၊ တိုင်းဂုံပြည်ဟု ငါးမည်ရတဲ့.သမိုင်း၀င် သျှမ်းမြို့တော်ဟောင်းဆိုလည်းမမှားပါ

(AD -1243)ကောဇာသက္ကရာဇ် ၆၀၅ ခုနှစ်မှစပြီး(AD – 1962) ခု ကောဇာသကရာဇ် ၁၃၂၄ ခုနှစ်ထိ အုပ်ချုပ်ခဲ့တဲ့ စော်ဘွားဦးရေက စုစုပေါင်း (၄၉) ပါးရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်

ကျိုင်းတုံဒေသနေ ဌာနေသျှမ်းများက နမ့်ခိင်မြစ်ကို
အစွဲပြု နေထိုင်လာခဲ့တာကြောင့် သျှမ်းလူမျိုးတွေကို
သျှမ်းလို တိုင်းခိင် လို့ခေါ်ဆိုခဲ့ကြရာ တချို့တွေ ခေါ်ဆိုတဲ့ အသံမပိသတာကြောင့် ခိင်ကို “ဂုံ” ဟုထွက်ခါ ဂုံသျှမ်းလူမျိုးဟု မြန်မာ့သမိုင်းမှာ ရေးသားလာကြတာကိုလည်း
တွေ့ရပါတယ်

တိုင်းခိင်လို့ခေါ်တဲ့ ဂုံသျှမ်းလူမျိုးတို့ရဲ့ တုံဂပူရိသခင်မ တစ်ပါးကတော့… ” စဝ်နန်းတိပ့်ထီလာ” 1871- 1886
(Sao Nang Tip Htila) ပဲဖြစ်ပါတယ်..

တိပ့်ထီလာဆိုတဲ့ နာမည်ဟာ ပါဠိသက် ဂုံစကားဖြစ်ပြီး ” တေ၀ထိတု, ” “နတ်သုဒ္ဓါ” “ခေ၊င်းrဖှီရှင်;လီrဖှင်းယ်ု,”
(The Magic Elixer, The Grand Paregoric,
The Ambrosia of Heaven ) လို့ အမည်ရတယ်
ဆိုပါတယ်…

စဝ်နန်းတိပ့်ထီလာဟာ တုံဂပူရိတိုင်းရဲ့ ၃၈ ဆက်မြောက် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွဏ်တိုင်း (Sao Kawng Tai) နဲ့ မဟာဒေဝီ စဝ်မိုင်းခမ်ခမ်း Sao Mong Keng Hkeng တို့ကနေမွေးဖွားသန့်စင်လာခဲ့တဲ့ တော်၀င်အနွယ်ဖွားပဲ ဖြစ်ပါတယ်

တုံဂပူရိ တိုင်းရဲ့ ၃၉ဆက်မြောက် ရေမြေ့သခင်အရှင်စဝ်ဖှလုံ စဝ်ကွဏ်ခမ်းဖူ (Sao Kawng Hkam Hpoo) နဲ့ ၄၀ မြောက်
အရှင်စဝ်ဖှလုံ စဝ်ကွဏ်းကျောက်အင်ထလိုင်း(Sao Kawng Kiao Intaleng) ရဲ့ညီမတော်လည်း ဖြစ်ပါတယ်

သက္ကရာဇ် 1890 မှာစဝ်နန်းတိပ့်ထီလာဟာ ကျိုင်းခမ်းစော်ဘွား စဝ်ခွန်အုန်းနဲ့ လက်ဆက်ပြီး သားတော်တစ်ပါး ဖွားမြင်ခဲ့ပါတယ်
သားတော်လေး ဖွားမြင်ပြီးချိန်မှာတော့ စော်ဘွားနဲ့ ပြတ်စဲပြီး ကျိုင်းတုံမှာ ပြန်သွားနေတယ်လို့ဆိုပါတယ်

1893 ခုနှစ်အရောက်မှာ အကိုတော် ကျိုင်းတုံစော်ဘွားနတ်ရွာစံလို့ မောင်တော်စဝ်ကွဏ်းကျောက်အင်ထလိုင်း စော်ဘွားအရာ ဆက်ခံဖို့ အသက် မပြည်သေးတာကြောင့် သူမဟာ 1893 – 95 အထိ စော်ဘွားရာကို ပထမဦးဆုံး ဆက်ခံခဲ့တယ်လို့ ဆိုပါတယ်..

စဝ်နန်းတစ်ထီလာဟာ မောင်ဖြစ်သူ ကျိုင်းတုံစော်ဘွားစဝ်ကွဏ်းကျောက်အင်းထလိုင်း နဲ့အတူ ၁၉၀၃ ခုနှစ် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ကျင်းပတဲ့ ခုနစ်ယောက်မြောက် အက်ဒွက်ရဲ့ နန်းတက်အောင်ပွဲ အခမ်းအနားကိုလည်းတက်ရောက်ခဲ့ဖူးပါတယ်

အဲဒီ အချိန်တုန်းက သူမဟာ ကျိုင်းခမ်းနယ်ကို သားတော်ကိုယ်စား ရင်ခွင်ပိုက် အုပ်ချုပ်နေတဲ့ မဟာဒေဝီတစ်ပါး ဖြစ်တာမို့ အကြီးအကဲ အနေနဲ့ တက်ရောက်ခဲ့တဲ့ သဘောမျိုးလည်းဖြစ်ပါတယ်။အဲဒီလမ်းခရီးမှာ သူ့မှာပါလာတဲ့ လက်ဝတ်ရတနာ
ပစ္စည်းတွေသူခိုးခိုးခံရလို့ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့အတူ တိုင်းခန်းလှည့်လည်လာတဲ့ မေရီမိဘုရားနဲ့ တွေ့ချိန်မှာ
ဝတ်စရာ အဆင်တန်ဆာ ဘာတစ်ခုမှ မရှိပဲ တွေ့ခဲ့ရပါသတဲ့…

မေရီမိဖုရားက ဒါကို သိသွားပြီး သူဝတ်ထားတဲ့ လက်စွပ်တစ်ကွင်းကို ချွတ်ပြီး သခင်မစဝ်တစ်ထီလာဒေဝီလက်မှာ ဝတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ဒါဘာပွဲမှာ တစ်ဦးတည်းသော ဆင်စီးပြီး တက်ရောက်ခဲ့သူ
သျှမ်းအမျိုးသမီးစော်ဘွားရယ်လို့ ထင်ရှားလာသူ ဖြစ်ပါတယ်

1895 ခုနှစ်မှာပဲ သူမရဲ ခင်ပွန်း ကျိုင်းခမ်းစော်ဘွား
စဝ်ခွန်အုံး ကံတော်ကုန်လို့ ဆက်ခံမယ့် သားတော်လေးဟာ အရွယ်မရောက်သေးတဲ့ အတွက်ကြောင့် စဝ်တိပ့်ထီလာသခင်မကပဲ သားတော်လေးကို ရင်ခွင်ပိုက် ၁၂နှစ်ကြာ
အုပ်ချုပ်ပေး ခဲ့ရပြန်ပါတယ် …

ကျိုင်းခမ်းကနေ ထွက်လာပြီးနောက် … … … … …

စဝ်နန်းတိပ့်ထီလာ သခင်မဟာ တရုတ်တွေ ကျူးကျော်၀င်ရောက် လာတာကြောင့် တရုတ်တွေကို မောင်တော်နဲ့အတူ တိုက်ထုတ်ပြီး တရုတ်နယ်စပ် မိုင်းပူးလုံမှာ လေးနှစ်လောက် အုပ်ချုပ် စိုးစံနေထိုင်တော်မူခဲ့ပါသေးတယ်

အဲဒီနောက် မှာတော့ သားဖြစ်သူကို အာဏာလွဲပေးပြီးသခင်မဟာ ကုန်သည်အလုပ်ကို စတင်လုပ်ကြောင်း သိရပါတယ်။ သခင်မဟာ ဆင်တွေ မော်တော်ကားတွေကအစအရောင်းအဝယ် လုပ်ဖူးတယ်လို့လည်း ဆိုပါတယ်။ ဝန်တင် မြည်းတွေ လားတွေနဲ့ နေရာအနှံ့ကိုလည်း ရောက်ခဲ့ဖူးသူ တစ်ယောက်ဖြစ်လို့ ကုန်သည်တိုင်းက လေးစားရသူ တယောက်လည်း ဖြစ်ပါတယ်။

သခင်ဟာ သူ့အောက်လက်ငယ်သားများကို ဆိုဆုံးမလေ့ရှိတဲ့စကားကတော့ (စော်ဘွားဘ၀ဘဲရောက်ရောက်၊ ကုန်သည်ဘ၀ဘဲဖြစ်ဖြစ်၊ အဓိက က ဘယ်ဘဝရောက်ရောက် စိတ်ဓာတ်ခိုင်မာစွာနဲ့ ရပ်တည်နေနိုင်ဖို့က အရေးကြီးဆုံးဘဲ ဟု ပြောဆိုလေ့ရှိကြောင်းပါပဲ

မှတ်ချက် (ဝီကီမှာ Andrew Dalby ရေးထားတာမှာတော့ တစ်ထီလာဟာ ပထမ ကျိုင်းခမ်းစော်ဘွားနဲ့ ပြတ်စဲပြီးနောက်အိမ်ထောင် ပြုတယ်လို့ ပါပေမယ့် ဘယ်သူနဲ့ ပြုတယ်ဆိုတာတော့ မတွေ့ရပါဘူး ကျိုင်းတုံစော်ဘွား အဆက်အနွယ် အန်ကယ်ဦးခိုင်းမွန် ပြောပြရာမှာတော့ နောက်အိမ်ထောင် ပြုတယ်ဆိုတာ မကြားမိဘူးလို့ ဆိုပါတယ်)

စဝ်နန်းတိပ့်ထီလားဟာ သွက်လက်ထက်မြက်ပြီး စိတ်သဘောထားပြည့်၀သူလို့ နာမည်ကြီးရုံမကတုံရပူရီ(ခေါ်) ကျိုင်းတုံ ၊ကျိုင်းခမ်း၊ မိူင်းပူးလုံ ဆိုတဲ့ မြို့သုံးမြို့ကို စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့ဖူးတဲ့ အထင်ကရ အမျိုးသမီးစော်ဘွားကြီး တဦးလည်းဖြစ်ပါတယ်

ကောလစ်နဲ့ တွေ့ဆုံချိန်မှာ တစ်ထီလာဒေဝီဟာ အသက် ခုနစ်ဆယ်နီးပါး ဖြစ်နေပါပြီ။နာမည်အလွန်ကြီးတဲ့ တစ်ထီလာဒေဝီကို ကောလစ်ဟာ တကူးတကကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တစ်ထီလာဒေဝီဟာ သူ့အဖေဖြစ်တဲ့ စော်ဘွားက
သူတို့နယ်ထဲလာတဲ့ ဆာဂျော့စကော့ကို လုပ်ကြံဖို့ စီစဉ်နေတာကို မြင်းစီးပြီး ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်

ကောလစ်ရဲ့ စာအုပ်ထဲမှာတော့ မဟာဒေဝီဟာ အသက်၆၉ နှစ် ရှိပြီ ဖြစ်ပေမယ့် ပြည်နယ်အုပ်ချုပ်မှု အတတ်ပညာကို ကောင်းစွာ ကျွမ်းကျင်တဲ့သူ၊ ဩဇာကြီးသူ၊ ထက်မြက်သူ၊ အသိပညာ ပြည့်စုံသူ၊ ထက်မြက်သူ၊ သွက်လက်ပြီး အားမာန်အပြည့်ရှိသူ စတဲ့ ဝိသေသပေါင်းများစွာနဲ့ ချီးမွမ်းထားတာကိုပါ တွေ့မြင်နိုင်ပါတယ်

ဒါပေမယ့်လည်း တချိန်က လျှမ်းလျှမ်းတောက်ခြင်္သေ့တစ်ကောင်လို ထက်မြက်ခဲ့တဲ့ တစ်ထီလာဒေဝီဟာ အဲဒီအချိန်မှာတော့ အကျပိုင်းကိုရောက်လို့ နေခဲ့ပါပြီ။သူ့ရဲ့ အရောင်းအဝယ် ကုန်သွယ် လုပ်ငန်းတွေဟာလည်း အကျိုးအမြတ် နည်းပါးလာခဲ့ပြီး ပင်စင်လည်း တစ်လမှာ ခုနစ်ပေါင်နဲ့ ဆယ်ရှီလင်ပဲ ရပါတော့တယ်။

သူမမကွယ်လွန်ခင်မှာ လောင်းကစားကြောင့် ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ အတော်များများ ဆုံးရှုံးသွားခဲ့ရတယ်လို့
သိရပါတယ်သူမဟာ နောက်ပိုင်းမှာ တောင်ကြီးမြို့မှာပဲ အတော်ကြာကြာ နေထိုင်သွားခဲ့တယ်လို့ ဆိုပါတယ်၁၉၅၀-၆၀ ခုနှစ်လောက်မှာတော့ သူမ ကွယ်လွန်သွားပါတယ်

ခေတ်သစ်တစ်ခုဆီကို ချီတက်နေတဲ့ ရှမ်းပြည်နယ်မှာ တစ်ထီလာဒေဝီဟာ သမိုင်းပုံပြင်တစ်ခုနဲ့ တူတယ်လို့ ကောလစ်က ရေးခဲ့ပါတယ်ကောလစ် မြန်မာပြည် ရောက်ခဲ့စဉ်က မြန်မာပြည်ရဲ့
နာမည်ကျော် တရုတ်သူဌေးကြီး လင်ချင်ချောင်း ဆောက်လုပ်ခဲ့တဲ့ ချင်းချောင်းခြံကြီးထဲမှာ တစ်ထီလာဒေဝီရဲ့ ပုံတူပန်းချီကားကြီး နှစ်ခုကို တွေ့ခဲ့ရပါသေးတယ်

အဲဒီ ပန်းချီကားတွေကို ဆွဲခဲ့သူက နာမည်ကျော် ပန်းချီဆရာကြီး ဦးဘဉာဏ်ဟု မှတ်သားရပါ တယ်

Credit