တခေတ်တခါကအရေးပါခဲ့တဲ့ မန္တလေး ရွှေတချောင်းမြောင်းကြီးအကြောင်း

၁၈၅၉ မှာ မန္တလေးမြို့ကို မင်းတုန်းမင်းတည်ထောင်ချိန်က အနောက်ပြင်လို့ခေါ်တဲ့ ရပ်ကွက် အများအပြားဟာ ရွှံ့ညွန်ပေါတဲ့ အင်းအိုင်ချောင်းမြောင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရွှေတချောင်းအနောက်ဘက် ကနေ ဧရာဝတီ မြစ်ဆိပ်ထိ ကြားက နေရာတွေ ဖွံ့ဖြိုးအောင် မင်းတုန်းမင်းက ပြင်မြို့ရိုးကြီးလို့ ခေါ်တဲ့ ရေကာတာကြီးကို ၁၈၇၆ မှာ တည်ဆောက်ခဲ့ပါတယ်။

တာရိုးအောက်ခြေမှာ ပေတရာရှိပြီး ထိပ် ပေ ခြောက်ဆယ်နဲ့ (၁၅) ပေမြင့် ပါတယ်။ အီတလီအင်ဂျင်နီယာက ညွှန်ကြားပြီး အလုပ်သမား ခြောက်သောင်းနဲ့ ရှစ်လဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီတာရိုးဟာ ရေဘေးထက် မြစ်ကြောင်းက တက်လာနိုင်တဲ့ ဗြိတိသျှ တပ်တွေကို ခုခံဖို့ ဖြစ်တယ်ဆိုပြီး ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိက ပါတော်မူပြီး နောက်ပိုင်းမှာ ဗြိတိသျှအရာရှိတွေကို ပြောဆိုကြောင်း သိရပါတယ်။

ရေကာတာမှာ ခံတပ်တွေလိုပဲ အမြောက်သေနတ်ပစ်လို့ရတဲ့ အပေါက်တွေ ရှိတဲ့အပြင် မြစ်နဲ့ဝေးတဲ့ မြို့ရဲ့တခြား သုံးမျက်နှာကိုပါ မြေမြို့ရိုးကြီး ပြုလုပ် ကာရံခဲ့လို့ ဖြစ်ပါတယ်။

ဒီရေကာတာကြီးဟာ တည်ဆောက်ပြီး နောက်တနှစ်မှာပဲ မြေသားမသေလို့ အေလမ်းနဲ့ ဘီလမ်းလို့ ခေါ်တဲ့ (၃၅) လမ်းနဲ့ (၂၆) လမ်းကြား သင်္ဂဇာချောင်းစပ်မှာ ကျိုးပေါက် ခဲ့ဖူးကြောင်းသမိုင်းပညာရှင် ဒေါ်ကြန်က မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅-၁၈၈၆)စာအုပ်မှာ ရေးသားခဲ့ပါတယ်။

တကယ်အကြီးအကျယ် ရေကြီးတာကတော့ ၁၈၈၆ ပါတော်မူပြီးနောက်တနှစ်မှာ ဖြစ်ပါတယ်။ဧရာဝတီမြစ်မှာ အကြီးဆုံးရေကြီးမှုကို ပထမ အင်္ဂလိပ်မြန်မာစစ် ဖြစ်တဲ့ ၁၈၂၄ က ကြုံခဲ့ရပြီး ကုလားရေကြီးလို့ အမှတ်အသားပြုခဲ့ကြပါတယ်။

ခု ၁၈၈၆ ရေကြီးမှုဟာ အဲဒီ ကုလားရေကြီးစံချိန်ကို မီဖို့ တစ်ပေခွဲပဲ လိုခဲ့ပါတယ်။ ရေကာတာကျိုးချိန်မှာ မြစ်ရေဟာ (၁၅) ပေ မြင့်တဲ့ တာရိုးကို ကျော်သွားပြီး ဧရာဝတီမြစ်ဟာလည်း ငါးမိုင်လောက် ကျယ်သွားခဲ့ပါတယ်။

ဒီရေကြီးမှု ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေ ရှိပါတယ်။ ပါတော်မူပြီးစက ဗြိတိသျှကို တော်လှန်နေတဲ့ မျိုးချစ်အင်အားစုတွေကတာရိုးကို တမင်ချိုးပစ်တာလို့ ပြောကြသလို တာရိုးဟာ မြစ်နဲ့ အလျားလိုက် ရှိရမယ့် အစား ကျိုးတဲ့နေရာမှာဆည်ပေါင်ကန့်လန့်ခံသလို ဖြစ်နေလို့ ကျိုးတာလို့လည်း ရွှေဉာဏ်ဇော်ရဲ့ ရေကာတာရိုးကျိုးပေါက်ခြင်း စာတမ်းမှာ ပါရှိပါတယ်။

ဒီတာရိုးခိုင်မာရေးအတွက် ဗြိတိသျှအစိုးရက ၁၈၈၆ ဇွန်၊ဇူလိုင်လတွေကတည်းက အင်ဂျင်နီယာတွေ ချပြီး ပြုပြင်စေခဲ့သလို အင်ဂျင်နီယာချုပ်ကိုယ်တိုင် ဦးပေစိနဲ့ တာရိုး တစ်ခုလုံးကို လိုက်ကြည့်ခဲ့ပါတယ်။

လက်ထောက်အင်ဂျင်နီယာ တွေကို တာရိုးတစ်လျှောက် တာဝန်တွေ ခွဲချထားသလို တစ်မိုင်ကို အစောင့်နှစ်ယောက်စီထားပြီး
တာရိုးပေါ် တဲထိုးပြီး နေ့ညစောင့်ခိုင်းပါတယ်။ ငွေသုံးထောင်လောက် အကုန်ခံ ပြုပြင်ထားတဲ့ကြားက တာရိုးကျိုးခဲ့တာ ဖြစ်ပါတယ်။

လှည်းတွေနဲ့ပြေး

သြဂုတ်လမှာ မြစ်ရေတက်လာပြီး အရင်ပေါက်ခဲ့ဖူးတဲ့ အေလမ်းနဲ့ ဘီလမ်းကြားအပြင် အမရပူရ ရေလွှဲပေါက်နားမှာ စိုးရိမ်စရာ ဖြစ်လာလို့ ပြင်ကြရပြန်ပါတယ်။

ဒီလိုနေရင်း ၁၈၈၆ ခုနှစ် သြဂုတ်လ (၁၆) ရက် ညနေ (၇) နာရီမှာတော့ တာရိုးကျိုးပြီး မန္တလေး အနောက်မြောက်စွန်း ညောင်ကွဲရပ်ကနေ မြို့ထဲထိ အနောက်ပြင်တဝှမ်း ရေဘေး သင့်ပါတယ်။

ရေသံကြားတာနဲ့ လူတွေ လှည်းတွေပေါ် ကလေးနဲ့ ပစ္စည်းတင်ပြီး အသက်လု ပြေးကြရကြောင်း ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးက ၁၉၇ဝ မှာ ပြန်လည်မိန့်ကြားပါတယ်။

စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ အဘိုး ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း ဒီဖြစ်ရပ်ကို
ည ၄ ချက်တီးကျော် (၇) နာရီအချိန် နောံပြင်မြေ မြို့ရိုးကြီးတလျှောံများ အ္နက် သရက်တပင်ရွာအနီးက ရေပေါ ံသည် လို့မှတ်တမ်းပြုပါတယ်။

တာကျိုးတဲ့နေရာဟာ ပေ (၆ဝ) လောက် ကျိုးပေါက်သွားတာလို့ သမိုင်းမှတ်တမ်းတွေက ဆိုသလို ကိုက်သုံးရာလောက် ရှည်တယ်လို့လည်း ဗြိတိန်ထုတ် ညနေခင်းကြေးနန်း သတင်းစာက ရေးပါတယ်။

ရေဖောက်ထုတ်နိုင်ဖို့အတွက် မြို့တောင်ဘက်က တာရိုးကို အင်ဂျင်နီယာတွေ ချိုးပစ်ခဲ့ပေမဲ့ အခြေအနေက ကောင်းမလာခဲ့ပါဘူး။ မြို့ပေါ်က လူ ငါးသောင်း အိုးအိမ်မဲ့ပြီး လူနေအိမ်ခြေနဲ့ အစားအသောက်ဂိုဒေါင်တွေ ပျက်စီး ဆုံးရှုံးကုန်ပါတယ်။

ရေဘေးသင့်သေသူအရေအတွက်မှာလည်း အာဏာပိုင်တွေနဲ့ သတင်းစာတွေကြား ကွဲပြားမှုတွေ ရှိပါတယ်။

ဗြိတိသျှအစိုးရ၊ မြန်မာဗုဒ္ဓဘာသာသာသနာပိုင်နဲ့ ခရစ်ယာန် သာသနာပြုတွေအလိုအရ သေသူက (၁၃) ယောက်ကနေ (၂၅) ယောက်အတွင်းပဲ ရှိပြီး ပြည်တွင်းပြည်ပသတင်းစာတွေမှာတော့ တစ်ထောင်ကနေ နှစ်ထောင်ထိ သေတယ်လို့ ရေးကြပါတယ်။

ကမ်းပေါ်မှာ အလောင်းတွေ လာတင်တယ်လို့ ညနေခင်းကြေးနန်းက ရေးသလို ဂေါဝိန်တံခါးနဲ့ ရဟိုင်းဈေး တံတားတွေမှာ ဘုန်းကြီးအလောင်း၊ကလေးနဲ့ အမျိုးသမီးအလောင်းတွေ ရာနဲ့ချီရေမှာမျောနေကြတယ် ဆိုတဲ့သတင်းတွေ ထွက်ခဲ့ ကြောင်း ဒေါ်ကြန်က ရေးပါတယ်။

တာကျိုးတဲ့ညက လူတွေအများကြီး တာရိုးပေါ် တက်နေကြပြီး မနက်မိုးလင်းတော့ သူတို့အတွက် ကယ်ဆယ်ရေးလှေတွေ အစိုးရက လွှတ်ပေးပေမယ့် ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှေငှားပြီး ရွှေ့ ကြတယ်လို့ ဆိုပါတယ်။

အနောက်ပြင်ရပ်ကွက် တွေထဲက ဆန်စပါး၊ ပြောင်း၊ပဲ ၊ ဆေးနဲ့ သစ်ဝါးစတဲ့ ကုန်စည်တွေ မျောပါဆုံးရှုံးပေမယ့် စျေးချိုထဲက ကုန်တွေကိုတော့စစ်တပ်ချပြီး ရွှေ့ပေးတဲ့အတွက် အပျက်အစီးလွတ်တယ်လို့လည်း သိရပါတယ်။

မန္တလေးအရေးပိုင် ကာတာကိုယ်တိုင် ညလုံးပေါက် စောင့်ကြပ်ပြီး ရွှေ့တာ ဖြစ်ပါတယ်။တစ်ခါ တာရိုးကျိုးတဲ့နေရာဟာ မြစ်ရေအနက်ဆုံးနဲ့ တာရိုးအနိမ့်ဆုံးနေရာလို့လည်း ရွှေဉာဏ်ဇော် က ရေးပါတယ်။

မြို့အနောက်မြောက်ထောင့် ရဲထွတ်တံခါးနဲ့ ညောင်ကွဲကြား မှာ မြောက်ကနေ တောင်ကိုစီးတဲ့ မြစ်တိမ်ချောင်းရိုးနေရာက တာကျိုးတာလို့လည်း သူက ဆိုပါတယ်။အဲဒီ တာရိုးပေါက်ကို ကူးဖို့ တံတားထိုးထားတာကို တွေ့နိုင်တယ်လို့လည်း ရေးပါတယ်။

မြစ်ရေတိုးချိန်မှာ မြောက်ကနေ တောင်ကိုစီးတဲ့ ရေဖိအားကို မြောက်ဘက် မြေမြို့ရိုးက ကန့်လန့်ခံသလို ဖြစ်လို့ ကျိုးပေါက်တာလို့လည်း သိရပါတယ်။ ဗြိတိသျှအင်ဂျင်နီယာတွေနဲ့ မြန်မာအရာရှိတွေ သတိမမူမိတနေရာကနေ ကျိုးပေါက်တာ လို့လည်း ၁၈၈၇ ခုနှစ်ထုတ် စကော့ပထဝီဝင်မဂ္ဂဇင်းက ရေးပါတယ်။

ဖောင်ကျောင်းနဲ့ ထီးဖြူရုံ ကယ်ဆယ်ရေး

ရေကြီးတဲ့ညက သန်းခေါင်ကျော်ချိန်မှာ ရေလှိုင်းပုတ်သံတွေ ကြားပြီး ရေတွေ တက်လာကြောင်း၊ ရေပန်းတိုက်က ကျောင်းလှေကားကြီးလည်း ပြုတ်ထွက် ပါသွားပြီး ရဟိုင်းသင်္ချိုင်းနားထိ မျောသွားကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ စံကင်း ဆရာတော်ကြီးက သက်တော် တစ်ရာအရွယ်မှာ ပြန်လည်မိန့်ကြားခဲ့ပါတယ်။

ကျောင်းကြီး အထက်ထပ် ကြမ်းပြင်မှာ ကျိန်းစက်ရတဲ့ သံဃာတွေဟာ ကျောင်းပေါ်မှာ နေမဖြစ်တော့တဲ့အတွက်မျောလာတဲ့ တိုင်တွေကို စုပြီး ဖောင်ဖွဲ့နေကြရပြီး သူတို့အားလုံး အဲဒီဖောင်ကျောင်းပေါ်မှာ ဆယ်ရက်ကျော် သီတင်းသုံးခဲ့ရပါတယ်။

သီပေါမင်းနဲ့ စုဘုရားလတ်တို့ ပါတော်မမူမီ ဆောက်လုပ်လှူဒါန်းသွားတဲ့ မြတောင်ကျောင်းကြီးနားမှာ ရေဘေးပြေးလာသူတွေ စုရုံးနေကြပါတယ်။

သီပေါမင်း ရေစက်ချဖို့ ဆောက်ထားတဲ့ ထီးဖြူရုံစံနန်းတော်ကို အင်္ဂလိပ်အစိုးရက ဖျက်မပစ်သေးတဲ့ အတွက် အဲဒီထဲမှာလည်း လူတွေ ဝင်နေကြပါတယ်။

ကုန်းမြင့်ရာအရပ်မှာ လူတွေ စုနေကြရတာလို့ စံကင်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို လူထုဦးလှက ဟံသာဝတီသတင်းစာမှာ ပြန်လည်ရေးသားခဲ့ပါတယ်။

အနိမ့်ပိုင်းကျတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ရေမြုပ်ပြီး တချို့ကျောင်းတွေ မှာတော့ အထက်ထပ်တွေမှာ သံဃာတွေ စုရုံးနေကြရတာ ဖြစ်ပါတယ်။

ရေကြီးချိန်က ဈေးချိုကို လှေနဲ့သွားရပြီး ဈေးထဲမှာ ရေက နှစ်တောင်သုံးတောင် နက်ပါတယ်။ မိုးကောင်းနဲ့ ခင်မကန်တိုက်တွေမှာတော့ ရေလေးတောင်လောက်ရှိတာပါ။

တာကျိုးလို့ အိမ်ခြေရှစ်ထောင်လောက် ရေနစ်ပြီး ကျပ်လေးသိန်းဖိုး လောက် ဆုံးရှုံးတယ်လို့လည်း ဒေါ်အုန်းကြည်ရဲ့ ဗြိတိသျှခေတ်ဦး မန္တလေးလူမှုရေး စာတမ်းမှာ ပါရှိပါတယ်။

သီရိဟေမာ၊ သီရိမာလာနဲ့ ပြည်ကြီးပျော်ဘွယ်စတဲ့ မန္တလေးဈေးချိုနားက ရပ်ကွက်တွေမှာ အိမ်ခြေ တစ်ထောင် ဝန်းကျင်စီလောက် ရေဘေးသင့်ခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ လူပိလို့သေရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးအတွက် ဗြိတိသျှအာဏာပိုင်တွေက ကြိုးစားပါတယ်။ လူ တစ်ယောက် တစ်ရက်ကို ဆန်နို့ဆီဘူးလေးဘူးနဲ့ ပိုက်ဆံနှစ်ပြား (ပဲဝက်) ဝေတာပါ။

လာယူသူက ငါးထောင်ထိ ရှိလာပြီးနောက် သြဂုတ်လ ကုန် ရောက်တဲ့ အခါမှာတော့ ပိုက်ဆံမဝေဘဲ ဆန်ပဲပေးပါတော့တယ်။ဒါတောင် မိသားစုထဲမှာ ခြောက်ပဲက ရှစ်ပဲထိ ဝင်ငွေရှိတဲ့သူရှိလို့ ဆိုပြီး ဝေတာ မရသူတွေလည်း ရှိပါတယ်။

စက်တင်ဘာလ (၂၂) ရက်မနက် ဆန်ဝေဖို့ အန္ဒြိနောဝင်းမှာ ရုံးတံခါးကို ဖွင့်တဲ့အခါ လူငါးထောင်ကျော် စုတိုးကြတဲ့အတွက် လူနင်းမိပြီး (၁၆) ယောက်သေဆုံးပါတယ်။

အပြင်မှာ လူတွေ စနစ်တကျ တန်းစီနိုင်အောင် စီစဉ်မထားတဲ့အပြင် မိုးရွာလို့ ချော်လဲရာကနေ လူတက်နင်းမိတာလို့လည်း ဆိုပါတယ်။ သေသူတွေအတွက် တစ်ဦးကို ငွေတရာစီ ပေးပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်မှာ ထပ်ဆောင်းပြီး စိတ်မကောင်းစရာကတော့ သေသူ ယောက်ျား သုံးဦးနဲ့ မိန်းမ ၁၃ ဦးမှာ ကလေးငယ် ရှစ်ယောက် ပါတာ ဖြစ်ပါတယ်။

အသက် (၇) နှစ်ကနေ (၆ဝ) အထိ ရှိတဲ့ သေဆုံးသူတွေရဲ့ အမည်တွေကတော့ မိအောင်၊ မိရွှေဥ၊ ဦးပြား၊ မိကြေးမုံ၊ ငဘိုးခင် ၊ မိရွှေချိတ် စတဲ့သူတွေ ဖြစ်ကြပါတယ်။ဒီဖြစ်ရပ်ကို သိမီခဲ့တဲ့ ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း သူ့ရဲ့နေ့စဉ်မှတ်သားချက်မှာ ခုလို ဖော်ပြခဲ့ ပါတယ်။

“၂၂ စက်တင်ပါ ၁၈၈၆ … ၎င်းနေ့နံက် အန္ဒြိနှောဝင်းတွင် နေ့စဉ်ဝေမြဲဆန်ဝေရာ ဝင်းအတွင်းသို့ မဝင်မီ ဝင်းပေါ ံ တွင် လူ ၅ဝဝဝ ကျော်ခန့် ဆို့ပိတ် ဝင်းတံခါးကိုဘွင့်၍ သူထက်ငါ ဝင်ကြ၍ မိမ္မ ယောံကျား ကြီးငယ်လူ ၁၆ သေသည်။ …”

ဒီဆန်ဝေတာကို အိန္ဒိယပို့ခံရတဲ့ သီပေါဘုရင်ဟောင်းက ဝေတာဆိုပြီး ကောလာဟလတွေ ထွက်ခဲ့တယ်လို့လည်း အဲဒီအချိန်က ဗြိတိသျှတပ်တွေအတွက် ဘုန်းတော်ကြီး ကိုးလ်ဘတ်က မှတ်တမ်းတင်ခဲ့ပါတယ်။နောက်ပိုင်းမှာ လူတွေကို အကူအညီအစား ကယ်ဆယ်ရေးလက်မှတ် ထုတ်ပေးတဲ့စနစ်ပြောင်းလဲကျင့်သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနှစ် ၁၂၄၈၊ ဝါခေါင်လဆုတ် (၂) ရက်က တာကျိုးတာဟာ တန်ဆောင်မုန်း လပြည့်ကျော်မှ ရေပြန်ကျ သွားတယ်လို့လည်း စံကင်းဆရာတော်က မှတ်သားခဲ့ပါတယ်။

၁၈၈၆ ရေကြီးချိန်က မွေးခဲ့တဲ့ ကလေးတွေကို ရေမိ၊ ရေကြီး၊ ရေကျ စတဲ့နာမည်တွေ မှည့်ခေါ်တတ်တယ်လို့ သိရပါတယ်။

တာရိုးသစ်နဲ့ အခွန်ကောက်ကျိုးသွားတဲ့တာရိုးကို ပြန်ပြင်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှအာဏာပိုင်တွေကြား အပြင်းအထန် သဘောကွဲခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ငွေနှစ်သိန်းခွဲ အကုန်ခံပြီး ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဘုရင်ဆောက်ခဲ့တဲ့ မူလမြေတာရိုးကြီး အပြင် ကျွဲစွန်းကနေ ညောင်ကွဲအထိ တာရိုးသစ် ထပ်ဖို့ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နောက်အစဉ်အလာအားဖြင့် ဘုရင့်မြို့တော်မှာ နေတဲ့ မင်းမှုထမ်းနဲ့ အသည်တွေဟာ အခွန်အတုပ်ကင်းလွတ်ခွင့်ရခဲ့ပေမဲ့ ဒီတာရိုးစရိတ်ကို ကျခံသင့်တယ်ဆိုပြီးဗြိတိသျှ အစိုးရက မန္တလေးကလူတွေကို အခွန်ကောက်တာတွေ စတင်ခဲ့ပါတယ်။
ဒီအခွန်ထဲက တစ်နှစ် နှစ်သောင်းစီနဲ့ ရေကာတာပြင်စရိတ်ကို (၁၅) နှစ် အတိုးမဲ့ ဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပါတော်မူပြီးစက ရေဘေးမျိုး ထပ်မဖြစ်တော့ပေမယ့် မန္တလေးမှာ ရေဘေးစိုးရိမ်မှုတွေက ကျန်နေခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်က အောက်တိုဘာလတစ်ညမှာတာကျိုးပြီ တာကျိုးပြီဆိုပြီး လူတွေအော်လို့ အနောက်ပိုင်း ရပ်ကွက်တွေမှာ ပြေးကြ လွှားကြတာတွေ ဖြစ်ခဲ့တယ် လို့လည်း စံကင်းဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အနှစ် ၁၅ဝ ပြည့်ခါနီးချိန်မှာတော့ ကျွဲစွန်းကနေ မရမ်းခြံ၊ ပိုက်ကျုံး၊ ဂေါဝိန်၊ စိန်ပန်းထိ ဖောက်လုပ်ခဲ့တဲ့ ဘုရင့်တာရိုးကြီးဟာ အမရပူရဘက်က ကမ်းနားလမ်း ဖောက်ထားတဲ့ နေရာတွေနဲ့ ဆက်သွားပြီး တာရိုးသစ်တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

တကယ်က မန္တလေးမြေမြို့ရိုးကြီးကို မြို့တည်ကတည်းက ဆောက်လုပ်ခဲ့ပြီး သုံးကြိမ် ချဲ့ထွင်ခဲ့တယ် လို့လည်း ယင်းခဲမောင်မောင် စာတမ်းအလိုအရ သိရပါတယ်။

တခြားသုံးမျက်နှာမှာ မြို့ရိုး ထင်ထင်ရှားရှားမရှိတော့ပေမယ့် အနောက်ဘက် မှာတော့ တာရိုးကြီးအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပန်းဆက်၊ တာရိန်၊ ဂေါဝိန်၊ ပိုက်ကျုံး၊ ရေကြည်၊ ရဲတပ် စတဲ့ မြို့တံခါးနာမည်တွေလည်း ရပ်ကွက်နဲ့ ဆိပ်ကမ်းနာမည်တွေ အဖြစ် ခုထိ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။ဘုရင်ခေတ် လက်ကျန် ရတနာပုံ သင်္ဘောကျင်းလည်း မန္တလေးမြစ်ဆိပ်မှာ ရှိဆဲ ဖြစ်ပါတယ်။ ။

Credit….. မူရင်း

ရွှေတချောင်းမြောင်း

ရွှေတချောင်းမြောင်း​သည် မန္တလေးတိုင်းဒေသကြီး​၊ မန္တလေးမြို့​တွင်တည်ရှိ၍ မန္တလေးမြို့အနောက်ခြမ်းပိုင်း၌ မြောက်မှတောင်သို့ စီးဆင်းသောကြောင့်ဖြစ်သည်။

သမိုင်းကြောင်း

ကုန်းဘောင်ခေတ်​၊ ဘိုးတော်ဘုရား နန်းတက်စကာလ ၁၇၈၂-ခုနှစ်တွင် အရှေ့ဝင်းတော်မှူး ဦးရောက်ကြီးအား ကြီးကြပ်တူးဖော်စေခဲ့သည်။ မြောက်ဘက် မတ္တရာမြစ်မှအဖျားခံကာ ရွှေလောင်းချောင်းဖြင့်စတင် စီးဆင်းသည်။

မတ္တရာအနီး ဆည်တော်ကြီးချောင်း​မှ တက်သေးအင်းအထိ တာ (၂၇၀ဝ) ကျော် ရှည်လျားပြီး ယခင်က နှဲကုပ်သိုမြောင်း​ဟုခေါ်သည်။

သာယာဝတီမင်း​လက်ထက် တိမ်ကောသဖြင့် ၁၈၄၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်၌ အမိန့်တော်အရ ဝန်ကြီးသတိုးမင်းရဲရာဇာနှင့် လက်ဝဲမင်းကျော်သီဟတို့ ပြန်လည် တူးဖော်ခဲ့သည်။

မန္တလေး နေပြည်တော်တည်ပြီးနောက် မင်းတုန်းမင်း​လက်ထက် ကျောက်တော်ကြီးဘုရားထုဆစ်ရန် စကျင်တောင်မှ ကျောက်လုံးတော်ကြီးကို ရွှေတချောင်းမြောင်း အသုံးပြု၍ မန္တလေးသို့ သယ်ဆောင်သည်။

မန္တလေးမြို့တည်ရာတွင် ဈေးချိုတော်ကို ရွှေတချောင်းမြောင်းပေါ်၌ လျာထားတည်ဆောက်ခဲ့၏ဟု ဆိုသည်။

သီပေါမင်း​လက်ထက် တောင်ပြုန်းပွဲအတွင်း ရာဇဝတ်မှုများကို ပွဲတွင်းအပြီးစီရင်၍ သေဒဏ်ထိုက်သူများကို ရွှေတချောင်းတလျောက် ကားစင်တင်၍ထားသည်ဟု ဆိုသည်။

အသုံးပြုပုံ

ရှေးယခင်က ရွှေတချောင်းမြောင်းသည် စိုက်ပျိုးရေအဖြစ်လည်းကောင်း မတ္တရာမြို့မှ ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရာတွင် ရေလမ်းအဖြစ်လည်းကောင်း အသုံးပြုခဲ့ကြသည်။

ထိုသို့ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန် ဈေးချိုကို မြောင်းနံဘေး၌ ကပ်လျှက်တည်ထားခဲ့ခြင်းဖြစ်သည်။အိမ်တော်ရာ ဆင်တံတားမှ ဆင်ကြီးနှစ်ကောင်ရုပ်တုများရှိရာ ရွှေတချောင်းရေဆိပ်သည် အစည်ကားဆုံးဟုဆိုသည်။

ရှေးယခင်ကာလတွင် ထိုလှေဆိပ်၌ လှေများဆိုက်ကပ်ကာ ရေချိုးသူများဖြင့် သက်ဝင်လှုပ်ရှားခဲ့သည့် မြောင်း(ချောင်း) တစ်ခုလည်းဖြစ်ခဲ့သည်။​

ကိုးကား
↑ ၁.၀ ၁.၁ ဓာတ်ရထားနှင့်ဆိုက်ကား (ဆူးငှက်)

ခရက်ဒစ်…ဝီကီပီးဒီးယား