ဆင်၏နထင်နေရာတွင် မုန်ပေါက်ရှိပါသည်။ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းမွန်သော ဆင်ပေါက်များမုန်ကျလေ့ရှိပြီး အသက်ကြီး၅၅နှစ်ကျော်ထိလည်း မုန်ကျမှု တွေရှိရပါသည်။
မုန်ကျခြင်း(Masth ) သည် မိတ်ယှဉ်လိုခြင်း ဖြစ်ပေါ်စေသည်ဟု တထစ်ချမှတ်ယူလို့မရပါ။ အလိုမကျ၊ ဗိုလ်မထားစိတ်ရိုင်းထကြွချိန်ဖြစ်သဖြင့်ထိန်းသိမ်းသူအပါအဝင်ဆင်မ(သို့ ) ဆင်ထီးများကိုလည်း ရန်ပြုတတ်ပါသည်။
ဆင်၏ မုန်ပေါက်… ရောင်လာ ဖောင်းလာပါက မျက်မုန်စို့နေပြီ။Masth ဟင်ဒီဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး ရူးသွပ်ခြင်း (intoxication)ဖြစ်သည်။
ဆင်ထီးနထင်ရှိ မုန်ပေါက် Temporal gland မှ အထီးဟော်မုန်း (Testostirone hormone) Level မြင့်တက်ခြင်းဖြစ်ပါသည်။
အများအားဖြင့် ဆင်သစ်ဆွဲငုတ်ထုတ်လုပ်ငန်း ပြီးဆုံးချိန်နှင့် ဆင်ကျောင်းကာလ အနားရချိန်များတွင် ဆင်မုန်ကျမှုကို တွေ့ရှိရတတ်ပါသည်။ မုန်ကျခြင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
ပထမအဆင့်
နောက်ခြေထောက်ကြားရှိသိုကြောတင်းလာသည်။ ၎င်းကို ခါးတောင်းကျိုက်သည်ဟု ခေါ်ဝေါ်ပါသည်။ နထင်ရှိ Temporal gland ယောင်လာသည်။ ၎င်းကို မုန်အိုးဖောင်းလာပြီ မျက်မုန်စို့နေပြီဟု ခေါ်ကြပါသည်။
သိုကြောတင်း ခါးတောင်ကျိုက်နေသည့်အဆင့်။ဒုတိယအဆင့်
မုန်ပေါက်Temporal gland မှ အထီးဟော်မုန်းအရည် ၊ မုန်ရည်များ စီးကျလာသည်။ အပေါ်မုန်ကျပြီဟု ခေါ်ကြပါသည်။
မုန်ပေါက်အား ကြက်မွှေး အုန်းဆီဖြင့် သန့်စင်ကြပ်ပေးခြင်းသည် အလွန်ကောင်းမွန်ပါသည်။ သို (_င်တံ) တောင့်တင်းလာပြီး ဝမ်းဗိုက်ထိကော့၍ ရိုက်နေတတ်သည်။
တတိယအဆင့်
မုန်ပေါက်မှ မုန်ရည်များကျဆင်းမှုသည် ပါးစပ်အတွင်းသို့ ရောက်လာသည်။ ၎င်းကိုမုန်အာသောက်သည်ဟုခေါ်ပါသည်။ _င်တံမှ ဆီးနှင့်အတူအလွန်စူးရှ သောအနံ့ရှိသည့်အဆီရည်(မုန်ရည်)များ ကျဆင်း နေပြီး ပေါင်အတွင်းပိုင်းနှင့် ခြေ ထောက်ပိုင်းတို့တွင်ရွှဲစို နေသည်။
ငိုက်မြည်းနေတတ်ပြီး အသံ လှုပ်ရှားမှုတခုခု ကြားသိရပါက နားရွက်ကား မျက်လုံးပြူးပြီး မြင်တွေ့သမျှ ရန်မူချင်သည်။
မျက်မုန်(အပေါ်မုန်)ကျပြီး မုန်အာသောက်နေသည့်အဆင့်။
အထီးဟော်မုန်းမြင့်တက်ချိန်တွင် သွေးတွင်းစုပ်ယူမှုများပြီး ထိန်းသိမ်းနိုင်စိတ် မရှိတော့ဘဲ အမိန့်မနာခံ မြင်တွေ့သမျှ ရန်မူချင်သည့်စိတ်များပြီး စိတ်ရိုင်းဝင်ခြင်းဖြစ်ပါသည်။
အောက်မုန်ကျပြီး အပေါ်မုန် အောက်မုန်စုံပြီဟု ခေါ်ကြပါသည်။ ဟော်မုန်း level အမြင့်ဆုံးအချိန် ဖြစ်ပါသည်။
မုန်ပေါက် နှင့် သို(_င်တံ)မှဟော်မုန်းရည်များထွက်ကျခြင်းတဖြည်းဖြည်းနည်းခြင်းဖြင့် ဟော်မုန်းပုံမှန်အခြေအနေသို့ ရောက်ရှိသွားပြီးနောက် မုန်တိတ်ပြီဟု ခေါ်ဝေါ်ကြပါသည်။
မုန်ကာလ musth period မှာ ၂ပတ်မှ၄လအထိ ကြာမြင့်တတ်ပါသည်။ တခါတရံ မုန်မစုံဘဲ လခြား၍ တနှစ်ပတ်လုံးလည်း ကျတတ်ပါသည်။
သဘာဝအရ ကျန်းမာရေးကောင်းမွန်၍ မုန်ကျခြင်းဖြစ်သဖြင့် သဘာဝကိုဆန့်ကျင်ပြီး မုန်တိတ်ဆေး ကျောက်ဖရုံသီး၊ ဘိန်းစသည်များ မကျွေးရပါ။
ထိန်းသိမ်းစောင့်ရှောက်ခြင်း
မုန်ရိပ်ရှိသည်ကို တွေ့ရသည်နှင့် ပုံမှန်အသုံးပြု ဆင်ကိရိယာများအစား မုန်ထူး(၆မူးလုံး)မုန်ကြိုး (၆မူးလုံး၄၀ပေ)တပ်ဆင်ရပါမည်။ အနီးပတ်ဝန်းကျင်ရှိ စခန်း/ရွာများသို့ ဆင်မုန်ရိပ်ရှိကြောင်း အသိပေး အကြောင်းကြားရပါမည်။
အခြားဆင်များမလာရောက်စေရန် ထိန်းသိမ်းရပါမည်။ တောဆင်ဧရိယာဖြစ်ပါက ဆင်အနီးမီးဖိုပေးထားရပါမည်။
အပေါ်မုန်ကျစဉ် နေ့ကျောင်းညချည်ထားရှိနိုင်ပြီး မုန်အာသောက်၍ အောက်မုန်ကျလာပါက ခိုင်ခန့်သော အရိပ်ရှိသစ်ပင်၊ ညီညာသော မြေ ၊ခလုတ် ၊ကျင်းမရှိသည့်နေရာများတွင် ချည်နှောင်ထားရပါသည်။
သဘာဝအစာ စုပုံခုတ်ကျွေးရပါမည်။ ဌက်ပျောပင်များများကျွေးနိုင်ပါက ရေအနည်းငယ်သာတိုက်ပေး၍ရပါသည်။ဆီး/ဝမ်းဂရုစိုက်ကြည့်ပြီး ဆားမန်ကျည်းကျွေးပေးရပါမည်။
ရေတိုက်ရာတွင်ကြိုးတဆုံးနေရာတွင် ပလပ်စတစ်ပုန်းဖြင့်တိုက်ပေးရပါမည်။ ချောင်းအနီးချည်ပါက ရေတိုက်စရာမလို သော်လည်းမထင်မှတ်ဘဲ ချောင်းရေကြီးခြင်းကို ဂရုပြုရပါမည်။
မုန်ဆင်ထိန်းသိမ်း စောင့်ရှောက်ရာတွင် ဆင်ဦးစီးတဦးတည်းမဟုတ်ဘဲ အဖွဲ့ဖြင့် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ရပါသည်။
ဆင်ချည်သောနေရာမှားခြင်း၊ ဆင်ကိုဂရုစိုက်မှုမရှိခြင်း၊ ဆင်ကိရိယာချည်နှောင်မှုအား မစစ်ဆေးခြင်း စသည့်အမှားများကြောင့် ဆင်အသက်ဆုံးရှုံးနိုင်သကဲ့သို့သတိမမူပေါ့ဆမှုကြောင့် အန္တရာယ်အပြုခံရပြီး ဆင်/လူများထိခိုက် ဒဏ်ရာရ ဆုံးရှုံးမှုဖြစ်တတ်ပါသည်။
ဗဟုသုတရစေရန် မျှဝေခြင်းဖြစ်ပြီး အချက်အလက်များမှားယွင်းနေပါက မိမိအားနည်းချက်သာဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။
crd,Ko Win Zaw (မြန်မာ့သစ်လုပ်ငန်း)